သိုင်းချောင်း-ဆင်ပုတ်အုပ်စုချင်းဆက်လမ်း၌ ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်မည်မျှအတွက် ငွေမည်မျှသုံးစွဲ၍ ကျောက်ချောလမ်းခင်းရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းတွင် လုပ်ငန်းအပ်နှံသည့်အခါ ကုမ္ပဏီများကို မည်ကဲ့သို့ စာချုပ်စည်းကမ်းများဖြင့် လုပ်ငန်းအပ်နှံခဲ့သည်ကို သိလိုခြင်း၊ ၎င်းလမ်းများသည် ပျက်စီးနေသည်ဖြစ်၍ ကုမ္ပဏီများကို အရေးယူရန်ရှိ/မရှိနှင့် ၎င်းလမ်းအား ကောင်းမွန်အောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံနှင့်အဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျောက်ဖြူမြို့နယ်တွင်လည်း ကျေးလက်လမ်းများ ဖောက်လုပ်ပေးလျက် ရှိပါကြောင်း၊ လမ်းများဖောက်လုပ်ရန် ပြည်နယ်အစိုးရက တင်ဒါများခေါ်၍ ကုမ္ပဏီများကို အလုပ်အပ်ပါကြောင်း၊ ဒေသခံကုမ္ပဏီများသည် Profile တွင် စာရွက်ပေါ် အားလုံးပြည့်ပြည့်စုံစုံပင် ရှိသော်လည်း မြေပြင်တွင်အလုပ်လုပ်သည့်အခါ ယန္တရားမရှိသည့် ကုမ္ပဏီများ ဖြစ်ကြသည်ကို တွေ့ရပါကြောင်း၊ တင်ဒါရသည့် ကုမ္ပဏီများက စေတနာထားမည်၊ ယန္တရားများလည်း ပြည့်စုံမည်၊ သတ်မှတ်ခွင့်ပြုငွေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ အသုံးပြုပြီး ဖောက်လုပ်မည်ဆိုလျှင် လမ်းကောင်းမည်မှာ သေချာပါကြောင်း၊ ဤသို့ မဟုတ်လျှင် အရည်အသွေး ကောင်းသည့်လမ်းများ မည်သို့မျှရနိုင်စရာ မရှိပါကြောင်း၊ ဘက်စုံညံ့ဖျင်းနေသည်ကို တွေ့ရပါကြောင်း၊
ပြီးခဲ့သည့်နှစ်က မိမိတို့ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စုနှင့် ဆင်ပုတ်ကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ၃ မိုင်ခန့်ရှည်မည့်လမ်းကို ခိုင်ဝတီကုမ္ပဏီနှင့် ရိုးမရတီကုမ္ပဏီတို့က ကျောက်ချောလမ်း ပြုလုပ်ပေးခဲ့ပြီး ဧပြီလနှင့်မေလတွင် လမ်းလုပ်ပါကြောင်း၊ ဇူလိုင်လမကုန်ခင်တွင် လမ်းများစတင် ပျက်စီးပါကြောင်း၊ အဘယ်ကြောင့်ပျက်စီးရသည် ဆိုသည်ထက် မည်သည့်နေရာတွင် လမ်းများမည်သို့ ပျက်နေသည်၊ ဤသို့ပျက်စီးနေသောကြောင့် လမ်းအသုံးပြုသူများ အခက်အခဲ တွေ့နေရပါသည်ဆိုပြီး ဓာတ်ပုံများနှင့်အတူ မိမိထံသို့ အချက်အလက်များပေးပြီး တိုင်ကြားကြပါကြောင်း၊ ဒေသခံများပေးပို့သည့် မှတ်တမ်းဓာတ်ပုံများကို လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာသို့ တင်ပြသည့်အခါ ပြည့်ပြည့်စုံစုံ မည်သည့်နေရာတွင် မည်မျှ၊ မည်သည့်အိမ်နားတွင် မည်မျှ၊ တောင်မြေကလမ်းက မြေပြင်၏ အောက်ကို ရောက်နေသည်စသည့် အားလုံးပြည့်ပြည့်စုံစုံ ဖော်ပြပေးခဲ့ပါကြောင်း၊ လမ်းများပျက်နေသည့် နေရာကို ဒီဇင်ဘာလ ၁ ရက်နေ့က မိမိရောက်ရှိခဲ့ပါကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီက ပြန်လုပ်ပေး မည်ဟုဆို၍ ပြင်ဆင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း မနေ့ (၁၀-၁၂-၂၀၁၈) က ဒေသခံတို့၏ ဆက်သွယ်ပြောကြားချက်များအရ ပေ ၁၀၀ ၊ ပေ ၂၀၀ ခန့် ပျက်စီးနေသည့်နေရာတွင် ပေ ၂၀ ၊ ပေ ၃၀ ခန့်ကို ကျောက်များကွက်ကြားကွက်ကြား ချပေးထားပါကြောင်း၊ ဒိုလာများလည်းမရှိ၍ အဆိုပါလမ်းကို ဤအတိုင်းကျောက်ခင်းရုံသာ ခင်းထားပါကြောင်း၊ ကုမ္ပဏီများသည် တင်ဒါစည်းကမ်းနှင့်အညီ လိုက်နာကြရမည် ဖြစ်သကဲ့သို့ ဌာနဆိုင်ရာများကလည်း အလေးထား ကြီးကြပ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်လျှင် နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံသော်လည်း ပြည်သူများက လမ်းအကောင်းအသုံးပြုခွင့်မရဘဲ ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးအောင်ပြုလုပ်နေကြသည့် သဘောသာသက်ရောက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရက တင်ဒါများပေးပြီး ကြီးကြပ်သည်မှာ ဌာနဆိုင်ရာများက ကြီးကြပ်ရသည့်အတွက် အခက်အခဲများစွာ တွေ့ရပါကြောင်း၊ ထို့ကြောင့် သိုင်းချောင်း-ဆင်ပုတ် ကျေးရွာအုပ်စုချင်း ဆက်လမ်း၌ ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်မည်မျှအတွက် ငွေမည်မျှသုံးစွဲ၍ ကျောက်ချောလမ်းများခင်းရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းတွင် ခိုင်ဝတီနှင့်ရိုးမရတီကုမ္ပဏီတို့ကို လုပ်ငန်းအပ်နှံသည့်အခါ မည်ကဲ့သို့ စာချုပ်စည်းကမ်းများဖြင့် လုပ်ငန်းအပ်နှံခဲ့သည်ကို သိရှိလိုပါကြောင်း၊ အဆိုပါကုမ္ပဏီတို့ လုပ်ကိုင်ခဲ့ကြသည့် ကျောက်ချောလမ်းသည် ပျက်စီးနေသည်ဖြစ်၍ ကုမ္ပဏီများကို အရေးယူရန်ရှိ/မရှိနှင့် ၎င်းလမ်းကို ကောင်းမွန်အောင် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သစ်ပုတ်တောင်လမ်းခွဲမှ သိုင်းချောင်းကျေးရွာအုပ်စုနှင့် ဆင်ပုတ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသောလမ်းသည် အရှည် ၇ မိုင် ၆ ဖာလုံရှိပြီး လမ်းအဆင့် သတ်မှတ်ချက်အရ Class (B) ဦးစားပေး အဆင့် (၁) တွင် ပါဝင်သောလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၂၁.၇၂ သန်းဖြင့် အဆိုပါလမ်း၏ ၂ မိုင် ၂.၅ ဖာလုံအနက် ၁ မိုင် ၁.၂၅ ဖာလုံအား ခိုင်ဝတီကုမ္ပဏီမှလည်းကောင်း၊ ကျန်ရှိသော ၁ မိုင် ၁.၂၅ ဖာလုံအား ရိုးမရတီကုမ္ပဏီမှ လည်းကောင်း တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကျေးလက်လမ်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ၌ လွှဲပြောင်းပေးခဲ့သည့် အချိန်တွင် ဤလမ်းနှစ်လမ်းသည် ယခင်တာဝန်ယူသည့် ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍့ တင်ဒါခေါ်ယူခဲ့ပြီး အဆိုပါကုမ္ပဏီနှစ်ခုကိုလည်း ရွေးချယ်တာဝန်ပေး၍ ဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းဖြစ်ပြီး မိမိတို့အနေဖြင့် ဆက်လက်တာဝန်ယူခဲ့သည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ အဆိုပါတင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်သည့်အခါ ကျောက်ချောလမ်းကို လွှဲပြောင်းလက်ခံပြီး နှစ်နှစ်အတွင်း ပျက်စီးဆုံးရှုံးမှုရှိပါက လုပ်ငန်းလက်ခံဆောင်ရွက်သည့် ကုမ္ပဏီမှ မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက် ပေးရမည်ဟု စာချုပ်တွင်ထည့်သွင်း ချုပ်ဆိုထားပါကြောင်း၊ လမ်းပိုင်းပျက်စီးမှုအတွက် ပြန်လည်ပြုပြင် ဆောင်ရွက်ရန် ခိုင်ဝတီကုမ္ပဏီနှင့် ရိုးမရတီကုမ္ပဏီတို့ကို ၅-၆-၂၀၁၈ ရက်နေ့နှင့် ၉-၈-၂၀၁၈ ရက်နေ့များတွင်လည်းကောင်း၊ ၁၇-၈-၂၀၁၈ ရက်နေ့တွင် လည်းကောင်း ရုံးစာများဖြင့်အကြိမ်ကြိမ် သတိပေးအကြောင်းကြားခဲ့ရာ ၄-၁၂-၂၀၁၈ ရက်နေ့တွင် ခိုင်ဝတီကုမ္ပဏီမှ လုပ်ငန်းစတင် ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရိုးမရတီကုမ္ပဏီကိုလည်း လုပ်ငန်းစတင်ဆောင်ရွက် နိုင်စေရေးအတွက် ထပ်မံအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ စာချုပ်စည်းကမ်းများနှင့်အညီ တင်ဒါအောင်မြင်သည့် ခိုင်ဝတီကုမ္ပဏီနှင့် ရိုးမရတီကုမ္ပဏီတို့က ၎င်းလမ်းကို ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆက်စပ်မေးခွန်းမေးလိုသည်မှာ မေးခွန်းတွင်ပါဝင်သည့် လမ်းကိုကောင်းမွန်အောင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကို သိရှိလိုပါကြောင်း၊ မနေ့က မိမိဆီပေးပို့သည့် သတင်းအချက်အလက် များအရ လမ်းကိုစည်းမျဉ်းစည်းကမ်းနှင့်အညီ ဌာနကလုပ်ခိုင်းပါကြောင်း၊ လုပ်ခိုင်းသည့်အခါ ကျောက်များကို လာချပြီးအနည်းငယ်သာ ပြုလုပ်သည်ဟု ဒေသခံများက မြင်ကြပါကြောင်း၊ ဤသို့မဟုတ်ဘဲ အမှန်တကယ် လမ်းကောင်းလမ်းမွန်ရအောင် ဝန်ကြီးဌာနအနေဖြင့်လည်း မည်သ့ိုကြီးကြပ် ပေးမည်ဆိုသည့် အကူအညီမျိုး လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် လမ်းများအရည်အသွေး ပိုမိုကောင်းမွန်လာအောင် စာချုပ်ပါစည်းကမ်းများနှင့်အညီ ကုမ္ပဏီများက လုပ်ကိုင်ကြရန် ရခိုင်ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနညှိနှိုင်း၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
အဆိုပါ ကုမ္ပဏီနှစ်ခုသည် ဒေသခံရခိုင်အမျိုးသား ကုမ္ပဏီများဖြစ်ကြပြီး ဒေသအတွက် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်နှင့် ပထမတာဝန်ယူခဲ့သော ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်၍ တင်ဒါရွေးချယ်တာဝန်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ယခုအခါ အဆိုပါဒေသခံရခိုင်အမျိုးသား ကုမ္ပဏီများကို မိမိတို့အနေဖြင့် ပြင်းပြင်းထန်ထန် သတိပေးထားပြီး ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ပေးသည့် နေရာတွင်လည်း အရည်အသွေး ကောင်းမွန်အောင် မဆောင်ရွက်ဘဲ အနည်းငယ်သာ ဆောင်ရွက်သည့်အတွက် စာချုပ်ပါ စည်းကမ်းအရ ပြန်လည်ပြုပြင်မည်ဆိုလျှင် အနည်းငယ်သာ ကျောက်လေးချသည့် ပုံစံမျိုးဆိုလျှင် လက်မခံပါကြောင်း၊ Blacklist သွင်းပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
