ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၉ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၈)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးအေးကြူ၊ လပွတ္တာမဲဆန္ဒနယ်က မေးမြန်းသော လပွတ္တာမြို့၊ ကုန်သွယ်လမ်း၊ (၅)ရပ်ကွက် ဦးပိုင်အမှတ်(၁၃၀)မြေနေရာအား စာရေးဆရာကြီး မောင်ထင်၏ စာကြည့်တိုက်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒေသ ဖွံ့ဖြိုးရေး လွှတ်တော်ရန်ပုံငွေဖြင့်လည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ကဲ့သို့ NGO အဖွဲ့အစည်းများ၏ အကူအညီကိုရယူ၍လည်းကောင်း ဆောင်ရွက် သင့်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးတင်အောင်၊ ကျောက်ဆည်မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများကို ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များအပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် ဝင်ခွင့်ရစာရင်းအတိုင်း ကျောင်းမအပ်ဘဲ လစ်လပ်သွားသော အရေအတွက်နေရာတွင် လက်ခံနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဌာန ဦးဝင်းမော်ထွန်းက တက္ကသိုလ်တစ်ခုတည်း လျှောက်ထားစေကာမူ တက္ကသိုလ်ဝင်ခွင့်မရသည့် နစ်နာမှုမျိုးမရှိစေရန် စီစဉ်ထားရှိပြီး ကျောင်းအပ်နှံခွင့် ရသူစာရင်းနှင့် ကျောင်းအမှန်တက်ရောက်သူစာရင်းများ ပြန်လည်စိစစ်ပြီး လစ်လပ် သော ကျောင်းသားနေရာများအတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်များနှင့် အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်၊ တောင်ကလေး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ်အမီ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြန်မာနိုင်ငံစာစစ်ဌာန ဦးစီးသို့ အမှုတွဲဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော မင်းဘူးမြို့နယ်ရှိ ခရိုင်အားကစားကွင်းနှင့် စကုမြို့ရှိ မြို့မအားကစားကွင်းတို့အား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်ပေး ပါရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြေနေရာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြေနေရာပိုင် ဖြစ်အောင် ပထမလုပ်ဆောင်ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေစာရင်းတွင် ထည့်ပြီး တောင်းခံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်က မေးမြန်းသော နန်းယွန်းမြို့နယ်တွင် မြို့နယ် အားကစားကွင်းအား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြေနေရာရရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးခွင့်ပြုရန်ပုံငွေ သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေစာရင်းတွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်က မေးမြန်းသော သိုင်းချောင်း-ဆင်ပုတ်အုပ်စု ချင်းဆက်လမ်း၌ ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်မည်မျှအတွက် ငွေမည်မျှ သုံးစွဲ၍ ကျောက်ချောလမ်းခင်းရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းတွင် လုပ်ငန်း အပ်နှံသည့်အခါ ကုမ္ပဏီများကို မည်ကဲ့သို့ စာချုပ်စည်းကမ်းများဖြင့် လုပ်ငန်းအပ်နှံ ခဲ့သည်ကို သိလိုခြင်း၊ ၎င်းလမ်းများသည် ပျက်စီးနေသည်ဖြစ်၍ ကုမ္ပဏီများကို အရေးယူရန် ရှိ၊ မရှိနှင့် ၎င်းလမ်းအား ကောင်းမွန်အောင် မည်သို့ဆောင်ရွက်ပေး မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် (၂၂၁.၇၂၀) သန်းဖြင့် (၂)မိုင် (၂.၅)ဖာလုံအား ခိုင်ဝတီကုမ္ပဏီနှင့် ရိုးမရတီကုမ္ပဏီမှ တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လွှဲပြောင်းလက်ခံပြီး (၂)နှစ်အတွင်း ပျက်စီးဆုံးရှုံးမှု များရှိပါက လုပ်ငန်းလက်ခံဆောင်ရွက်သည့်ကုမ္ပဏီမှ မိမိအသုံးစရိတ်ဖြင့် ပြုပြင် ဆောင်ရွက်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်းနှင့် စာချုပ် စည်းကမ်းများနှင့်အညီ တင်ဒါအောင်မြင်သည့် ကုမ္ပဏီတို့က ၎င်းလမ်းအား ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၇) ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ချောင်းမ-ကနီ ကားလမ်းအား လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ရန် တိုးချဲ့ဖောက်လုပ်ခဲ့မှုနှင့် လမ်းမြေဧရိယာများ ထပ်မံတိုးချဲ့သတ်မှတ်ခဲ့မှုများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးလျော်နိုင်ရန် ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက သင့်လျော်သော လျော်ကြေးပေးချေနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ညှိနှိုင်းကာ သက်ဆိုင်ရာအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် ကော်မတီဝင်များနှင့်စိစစ်ပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး အတည်ပြုချက်ရရှိပါက ရန်ပုံငွေတင်ပြတောင်းခံ၍ သတ်မှတ်လျော်ကြေးအတိုင်း ပေးချေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်၊ မင်းဘူး-စလင်း ကားလမ်းမပေါ်ရှိ အန္တရာယ်ကွေ့များအား အန္တရာယ်ကင်းရှင်းအောင် ဖြောင့်တန်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အကျယ်(၁၈)ပေမှ အကျယ်(၂၄)ပေအထိ လမ်းချဲ့ထွင်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၃.၁၂.၂၀၁၈ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၂-၁၂-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) အစီရင်ခံစာ(၂)ခု ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း
(၁) ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၁) ဦးက ဆွေးနွေးကာ သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့တင်သွင်းပြီး လွှတ်တော်က အတည်ပြု ကြောင်း ဆုံးဖြတ်ခဲ့သည်။
(၂) ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၁) ဦးက ဆွေးနွေးကာ သဘောတူ လက်ခံရန် အဆိုကို လွှတ်တော်သို့တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(င) အဆို(၁)ခု ဆွေးနွေးခြင်း
ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်က နိုင်ငံတော်အတွင်း တည်ဆောက်ရေးလုပ်ငန်း များအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်းလောင်းမှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်သွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ကျင်းပမည့်ရက်ကို ၁၂.၁၂.၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
