(ဆ)-ချောင်းမ-ကနီကားလမ်းအား လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင်‌့တင်ရန် တိုးချဲ့ဖောက်လုပ်ခဲ့မှုနှင့် လမ်းမြေဧရိယာများ ထပ်မံတိုးချဲ့သတ်မှတ်ခဲ့မှုများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးလျော်နိုင်ရန် ဆောင်ရွက်ပေးခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၁.၁၂. ၂၀၁၈)

 

ချောင်းမ-ကနီလမ်းသည် ၁၃ မိုင်ခန့်ရှည်လျားပြီး ယခင်က သစ်ထုတ်လုပ်ရေး လမ်းပိုင်းဖြစ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လမ်းဦးစီးမှ ၎င်းလမ်းပိုင်းကို လမ်းမြေချဲ့ရန်နှင့် လမ်းအဆင့် မြှင့်တင်ရန်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့သည့် နေရာတွင် လယ်ယာမြေနှင့် နှစ်ရှည်သီးပင်များဖြစ်သည့် သနပ်ခါးပင်၊ ဆီး၊ ထန်းတို့ ပျက်စီးဆုံးရှုံးခဲ့ခြင်းများ ရှိပါကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သော်လည်း လျော်ကြေး၊ နစ်နာကြေးများ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းလမ်းပိုင်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ၅ လပိုင်းတွင် လမ်းဦးစီးဌာနက လမ်းမြေဂရန်သတ်မှတ်ရန်နှင့် ဂရန်ရရှိရန်ဆိုပြီး လမ်းမြေတိုးချဲ့သတ်မှတ်ခြင်းများ ထပ်မံပြီး ဆောင်ရွက်ခဲ့ခြင်း ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါ မူလတိုးချဲ့ပြီးလမ်း၏ ဘေးဝဲယာတွင် ပေ ၄၀၊ ၅၀ လေက် ထပ်မံတိုးချဲ့ပြီး လမ်းနယ်နိမိတ် ကျောက်တိုင်များ စိုက်ထူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို စိုက်ထူခဲ့သည်အတွက် ထပ်မံပြီး ဒေသခံများ၏ လယ်ယာမြေများနှင့် နှစ်ရှည်သီးပင်များ ဆုံးရှုံးရမလိုဖြစ်နေပါကြောင်း၊ ၎င်းအတွက် မေးမြန်းလိုသည်မှာ ချောင်းမ-ကနီကားလမ်းအား လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ရန် တိုးချဲ့ ဖောက်လုပ်ခဲ့မှုနှင့် လမ်းမြေဧရိယာများ ထပ်မံသတ်မှတ် တိုးချဲ့ခဲ့မှုများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးလျော်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိသော ချောင်းမ-ကနီလမ်းပိုင်းသည် မိုင်တိုင်အမှတ် (ဝ/၀) မှ မိုင်တိုင်အမှတ် (၁၃/၇) အထိ စုစုပေါင်းလမ်းအရှည် ၁၃ မိုင် ၇ ဖာလုံရှည်လျားပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် ယခင်က တစ်ရွာနှင့်တစ်ရွာသို့ ကူးသန်းသွားလာသော ဒိစတြိတ်ကောင်စီလမ်း ဖြစ်ပါကြောင်း၊ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ ကွင်းစပ်ရွာအနီး၌ ၎င်းမတ်စုရေနံကုမ္ပဏီက ရေနံအစမ်း တွင်းတူးဖော်ရာတွင် ယင်းမာပင်မြို့နယ်မှ ကနီနယ်စပ် ရင်းဘိုးချောင်းအနီးသို့ ယာဉ်များယာယီသွား လာနိုင်ရန်အတွက် မြေထိုးစက်နှင့် လမ်းအူကြောင်းဖောက်လုပ်၍ ဂျင်းကျောက်ဖြင့် ဖာထေးထားသော လမ်းဖြစ်ပါကြောင်း၊ ချောင်းမ-ကနီလမ်းပိုင်းကို ၂-၁၂-၁၉၉၂ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပိုင်လမ်းအဖြစ် သိမ်းသွင်းခဲ့ပြီး ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်မှစပြီး အကျယ် ၁၂ ပေ ကတ္တရာလမ်းအဆင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလမ်းဖောက်လုပ်ခဲ့စဉ်အခါက လမ်းနယ်နိမိတ်အကျယ် သတ်မှတ်ချက်တွင် အကျယ် ပေ ၁၀၀ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကနီမြို့နယ်နှင့် ကျေးရွာများသို့ ဆက်သွယ်ထားသောလမ်း ဖြစ်ပါသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၁၄-၁-၂၀၁၄ ရက် နေ့စွဲပါ စာအမှတ် (ကဂဏ)/လမ်းထွေ/၃၇၁ ဖြင့် မူလလမ်းနယ်နိမိတ်အတိုင်း အကျယ် ပေ ၁၀၀ ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ချောင်းမ-ကနီလမ်း ဖောက်လုပ်ခဲ့စဉ်အခါက လမ်းနယ်အတွင်း ပါဝင်သွားခဲ့သော လယ်ယာမြေများကို လျော်ကြေး၊ နစ်နာကြေးများ ပေးချေခဲ့ခြင်း မရှိခဲ့သည့်အတွက် လမ်းနယ်အတွင်း ပါဝင်သွားသည့် လယ်ယာမြေများကို မြေယာလျော်ကြေး၊ နစ်နာကြေးများ သက်ဆိုင်ရာ ပတ်သက်သူ ပိုင်ရှင်များမှ တင်ပြတောင်းခံလာသည့် အချိန်တွင် သင့်လျော်သည့် လျော်ကြေး ပေးချေနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ညှိနှိုင်းသွားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် ကော်မတီဝင်များဖြင့် စိစစ်ပြီးအတည်ပြု ရယူသွားမည် ဖြစ်ပါကြောင်း၊ အတည်ပြုချက်ရရှိပါက ရန်ပုံငွေများတင်ပြ တောင်းခံသွားပြီး သတ်မှတ်လျော်ကြေးအတိုင်း ပေးချေနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင် (ကနီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလိုမျိုးလမ်းကို ပေ ၁၀၀ ဟု သတ်မှတ်ပြီး လျော်ကြေးပေးမည်ဟု ယခုလိုသာ နားလည်ပါကြောင်း၊ အမှန်တကယ် အဆိုပါလမ်းသည် အမြဲတမ်းသွားလာနေသော လမ်းဖြစ်ပါကြောင်း၊ ထိုကိစ္စနှင်‌့ပတ်သက်ပြီး ဒေသခံများက မိမိတို့ဆီကိုလည်း လက်မှတ်များထိုးပြီး လျော်ကြေးများရရှိရန် တောင်းဆိုထားခြင်းများ ရှိသည့်အတွက် လမ်းဧရိယာကိုထပ်ပြီး သေချာအောင် ဒေသခံများကို တိုင်းခိုင်းပါကြောင်း၊ အမှန်တကယ် ၎င်းတို့လမ်းနယ်နိမိတ် တိုးချဲ့စိုက်ထားခြင်းများက ပေ ၁၀၀ မကပါကြောင်း၊ မိမိတို့ ၁၀၀ ပေ ပိုပြီး ၄၀၊ ၅၀  စိုက်ထားခြင်းဖြစ်ပါကြောင်း၊ ထပ်မံပြီးမေးမြန်းသည်မှာ ပေ ၁၀၀ ခန့်သာ လုပ်မည်ဆိုလျှင် ပေ ၄၀၊ ၅၀ ခန့် ပိုပြီးဖောက်ထားခြင်းထက် ချဲ့ထားသည့် လမ်းနယ်နိမိတ်တိုင်များကို ပေ ၁၀၀ ပြန်စိုက်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ် မေးခွန်း မေးမြန်းပါသည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ပြည်ထောင်စုလမ်းမကြီးများတွင် မူလလမ်းနယ်နိမိတ် သတ်မှတ်ချက်သည် ပေ ၁၅၀ ဖြစ်ပါကြောင်း၊ လမ်းစင်တာကနေ တစ်ဖက်ကို ၇၅ ပေစီ ပေ ၁၅၀ သည် ပြည်ထောင်စုလမ်းများ အားလုံးအတွက် သတ်မှတ်ချက် ဖြစ်ပါကြောင်း၊ သို့သော်လည်း အဆိုပါလမ်းပိုင်းကို မိမိတို့ ထိုချောင်းမ-ကနီလမ်းပိုင်း သွားကြည့်သည့်အခါ ချောင်းမ-ကနီလမ်းသည်လည်း မူလတုန်းက လမ်းမရှိပါကြောင်း၊ အဆိုပါ ရေနံရှာဖွေရေးအဖွဲ့များ သွားသည့်လမ်းပေါ် အခြေခံပြီး ပြည်သူများသွားရင်းလာရင်းဖြင့် လမ်းဖြစ်သွားခြင်း ဖြစ်သည့်အတွက် လမ်းတစ်လျှောက်တွင် ရွာများချည်း ရှိနေသည့်အခါ မိမိတို့ ၁၅၀ သတ်မှတ်လိုက်လျှင် အခက်အခဲများ အများကြီးရှိနိုင်ခြင်းကြောင့် လမ်းမကြီးများ ဥပဒေအရ ရွာတွင်း၊ မြို့တွင်းဆိုလျှင် လမ်းလယ်သည် ပေ ၁၀၀ ဖြစ်သည့်အတွက်ကြောင့် ၎င်းလမ်းတစ်လမ်းလုံးသည် စုစုပေါင်းလမ်း၏ အရှည်က ၁၃ မိုင် ၇ ဖာလုံ ရှည်ခြင်းဖြစ်သည့်အတွက် တစ်လမ်းလုံးတွင်လည်း အဆိုပါရွာများနှင့် အိမ်များ ရှိနေသည့်အတွက် တစ်လမ်းလုံးကို ပေ ၁၀၀ ဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းနယ်သည် လမ်းစင်တာ တစ်ဖက်လျှင် ပေ ၅၀ စီ စုစုပေါင်း ပေ ၁၀၀ ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ပါသည်။