(ဃ)-မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းနှင့် စကုမြို့ရှိ မြို့မအားကစားကွင်းတို့အား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်ပေးပါရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းနှင့်စကုမြို့၊ စကုမြို့မအားကစားကွင်းများတွင် ရပ်ကွက်/ ကျေးရွာ အားကစားများ၊ အုပ်စုပြိုင်ပွဲများ၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပသကဲ့သို့ အားကစားသမားကလည်း လေ့ကျင့်ရေးများ ပြုလုပ်ကြပါကြောင်း၊ မင်းဘူးခရိုင် အားကစားကွင်းတွင် ပွဲကြည့်စင်များ၊ ရေမြောင်းများ၊ မြေပြင်အခြေအနေများကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စကုမြို့ မြို့မအားကစားကွင်းတွင် ခြံစည်းရိုးသည် ပတ်လည်ခြံစည်းရိုးမရှိ၊ ပွဲကြည့်စင်များလည်းမရှိ၊ မြေပြင်အခြေအနေ များကိုလည်း ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မင်းဘူး (စကု) မြို့နယ်၏ ခရိုင်အားကစားကွင်းနှင့် စကုမြို့၏ မြို့မအားကစားကွင်းများကို အဆင့်မြှင့်တင်ပေးရန်၊ ပြုပြင်ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မင်းဘူးခရိုင် အားကစားကွင်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ရန် မြေဖို့ခြင်း၊ မြက်စိုက်ခြင်း၊ အထူးတန်းပွဲကြည့်စင် (အလျား ပေ ၈၀ x အနံ ၂၄ ပေ x အမြင့် ၂၂ ပေ ၄ လက်မ) တည်ဆောက်ခြင်းအတွက် ကုန်ကျငွေကျပ်သန်း ၁၀၀ ၊ မိုးလုံလေလုံ အားကစားရုံ အလျား ၁၂၀ ပေ x အနံ ၉၀ ပေ) တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၇၀ တို့ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ခွင့်ပြုဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း ကွင်းအဆင့်မြှင့်တင်ရန်အတွက် ရေစိမ့်မြောင်း၊ ရေနုတ်မြောင်း၊ ရေထွက်မြောင်းတို့ တည်ဆောက်ခြင်း၊ မြေဖို့ခြင်း၊ မြက်စိုက်ခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ သန်း ၇၀၊ ရိုးရိုးတန်းပွဲကြည့်စင် (အလျား ၁၀၀ x အနံ ၂၆ ပေ x အမြင့် ၁၇ ပေ ၆ လက်မ) နှစ်စင် ဆောက်လုပ်ခြင်း လုပ်ငန်းအတွက် ကုန်ကျငွေကျပ်သန်း ၁၅၀ တို့ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေစာရင်း သို့မဟုတ် ပြည်ထောင်စုခွင့်ပြုငွေစာရင်းတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ပါကြောင်း၊
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ မြို့မအားကစားကွင်း ပြုပြင်ခြင်း၊ အဆင့်မြှင့်ခြင်းဆောင်ရွက် နိုင်ရန်အတွက် အဆိုပါမြေနေရာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြေနေရာပိုင်ဖြစ်ရန် ဦးစွာပထမ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ ထို့နောက် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီးတွင် ထည့်သွင်းပေးရန် ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဘောလုံးပေးခြင်း၊ ဂိုးတိုင်များပေးခြင်း၊ သင်တန်းများ၊ အားကစားမှူးမျာနှင့် သေချာဆောင်ရွက်ပေးချင်ပါကြောင်း၊ အားကစားနှင့်ပတ်သက်ပြီး တောင်းဆိုချက်များကို အမြန်ဆုံးဖြည့်ဆည်း ပေးစေလိုပါကြောင်း၊ သို့မှသာလျှင် မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ကျန်းမာသန်စွမ်းသော သူများဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဖြေကြားချက်တွင် စကုမြို့၊ မြို့မအားကစားကွင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်သို့ ရောက်ရှိရန် လိုအပ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့် စကုမြို့အားကစားကွင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လက်အောက်ကို ရောက်ရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးသွားမည်ကို သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
စကုမြို့၊ မြို့မအားကစားကွင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်သို့ ရောက်ရှိရန် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အားကစားမှူးမှ ခရိုင်အဆင့်၊ တိုင်းအဆင့် အဆင့်ဆင့်တင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သွားရန်ကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်တိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ ၂၀၁၉-၂၀ ဘတ်ဂျက်တွင် ငွေထည့်သွင်းနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
