ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသည် ငပုတောစာစစ် ဌာနကို နှစ်စဉ်ရေလမ်းခရီးဖြင့် ခက်ခက်ခဲခဲသွားရောက်ပြီး ဖြေဆိုနေကြရပါကြောင်း၊ ခရီးလမ်းပန်း အန္တရာယ်သည်လည်း အလွန်များပြား၍ ရေလမ်းအားဖြင့် ၁၂ မိုင်ခန့်ကွာဝေးပြီး တည်းခိုနေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ အနီးကပ်သင်ကြားပို့ချရေးတို့မှစ၍ များစွာခက်ခဲလှပါကြောင်း၊ ကျောင်းသား/သူ ၂၀၀ ခန့်နှင့် လိုက်ပါလာသည့် မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများ အားလုံးပေါင်းလျှင် ၂၅၀ ခန့် တစ်ပြိုင်နက် ရေချိုးသန့်စင်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ စားသောက်ခြင်းတို့အတွက် စီစဉ်ရသည်မှာ များစွာခက်ခဲစေပါကြောင်း၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ သတ်မှတ်ချက်များ၊ စည်းမျဉ်း/စည်းကမ်းချက်များနှင့်လည်း ကိုက်ညီမှုရှိကြောင်းကို မိမိတို့ကွင်းဆင်း လေ့လာမှုများအရ တွေ့ရှိရပါကြောင်း၊ မေးခွန်းလွှာလုံခြုံရေးအတွက် မေးခွန်းတိုက်များ၊ လုံခြုံရေးတာဝန်ကို အပြည့်အဝယူနိုင်သည့် ရဲစခန်းများလည်းရှိကြောင်း၊ စာဖြေခန်း၊ ပရိဘောဂ၊ စာရေးခုံများလည်း ပြည့်စုံလုံလောက်မှုရှိကြောင်းကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြို့နယ်၏ ပထဝီဝင်မြေမျက်နှာပြင် အနေအထားအရ ဝေးလံ၍ ခက်ခဲသောဒေသများမှ ကျောင်းသား/ကျောင်းသူ များအတွက် ပိုမိုအဆင်ပြေပြီး စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးသောအားဖြင့် တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် စာစစ်ဌာနဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖြေသူ ကျောင်းသား/သူ ၉၀ ဦးသည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ငပုတော အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လာမည့် ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲသို့ အဆိုပါကျောင်းမှ စာဖြေသူကျောင်းသား/သူ ၁၄၅ ဦးခန့် ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်ကို သိရှိရပါကြောင်း၊ အဆိုပါကျောင်းတွင် စာစစ်ဌာနအသစ် ဖွင့်လှစ်မည်ဆိုပါက မေးခွန်းနှင့် အဖြေလွှာများထားရှိရေး၊ တောင်ကလေးရဲစခန်းအတွင်း ထားရှိမည့် အစီအစဉ်များကို ကိုယ်စားလှယ်တော်ကြီးမှ တင်ပြသွားပါကြောင်း၊ ဤငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းများသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် တက္ကသိုလ်ဝင်စာစစ်ဌာနအသစ် ဖွင့်လှစ်ရန်သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ အခြေခံပညာ ဦးစီးဌာနမှ စိစစ်ထောက်ခံပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ အမှုတွဲဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
