ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၆၅ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀) အငှားဖြင့် ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း မည်မျှရှိသနည်း၊ ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူခဲ့သော မြေဧကပေါင်း မည်မျှရှိပါသနည်း၊ ပြန်လည် သိမ်းယူပြီးသော မြေဧကများကို ဒေသခံပြည်သူများနှင့် မြေယာမဲ့ တောင်သူများ အတွက် မည်သို့ခွဲဝေချထားပေးမည်တို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတစ်ဝန်းလုံးမှာ လုပ်ပိုင်ခွင့်ပြုခဲ့သော ဧကပေါင်း ၂၃၀၀၀၀၀ ကျော်အထိ ရှိပြီး ယနေ့အထိ ပြန်လည်သိမ်းယူပြီးသော ဧရိယာဧကဟာ ၁၃၇၀၀၀၀ ကျော် ရှိပါ ကြောင်းနှင့် အဆိုပါ သိမ်းယူပြီးသော ဧရိယာများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လျှောက်ထားလုပ်ကိုင် ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်က မေးမြန်းသော မြစ်သားမြို့နယ် ဝါသီးနှံ သုတေသနခြံရှိ အဆောက်အဦဟောင်းများအား အကြီးစားပြုပြင်မွမ်းမံပြီး လိုအပ်သော အဆောက်အဦသစ်များ ထပ်မံဆောက်လုပ်၍ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေတင်ပြတောင်းခံ၍ အကောင်အထည်ဖော်ဆောင်ရွက် သွားရန်ရှိပါကြောင်းနှင့် ဒေသဝါစိုက်တောင်သူများနှင့် ပုဂ္ဂလိကဝါလုပ်ငန်းရှင်များ အတွက်ကိုလည်း နည်းပညာသင်တန်းများပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင် ရွက်ခြင်းလုပ်ငန်းများ စီမံလုပ်ကိုင်သွားမည်ဖြစ်သည့်အတွက် သီးခြားသင်တန်း ကျောင်းအဖြစ်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဝင်းမြင့်အောင်၊ ဒီပဲယင်းမဲဆန္ဒနယ်က မေးမြန်းသော ဒီပဲယင်းမြို့နယ် သရက်ကန် ကျေးရွာရှိ တောင်သူလယ်သမားများသည် ပြီးခဲ့သည့်နွေစပါး စိုက်ပျိုးရာသီတွင် Great Wall Tomorrow Hi-Tech Agriculture Co.Ltd ၏ (GW-1 Hybrid Pearl Rice Seed) စပ်မျိုးစပါး၊ မျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ မျိုးစေ့ မှန်ကန်မှုမရှိ၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါသောကြောင့် ကုမ္ပဏီကို မည်သို့ အရေးယူဆောင်ရွက်ပြီး တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုကို မည်သို့ ကုစားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကုမ္ပဏီအနေဖြင့် ပြဋ္ဌာန်း ချက်ကို ချိုးဖောက်သည့်အတွက် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ဒဏ်ကြေးငွေ ပေးဆောင်စေပြီး နောင်အလားတူ ဖြစ်ရပ်မျိုး မပေါ်ပေါက်စေ ရေးအတွက် ပြင်းထန်စွာ သတိပေးပြီးဖြစ်သည့်အပြင် မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးမှု အပိုင်းကိုလည်း ဌာန၏ စစ်ဆေးမှုခံယူပြီးသည်အထိ ရပ်ဆိုင်းထားရန် ပြစ်ဒဏ် ပေးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများအနေဖြင့် အရည် အသွေးပြည့်မီမှု ရှိ/ မရှိ စစ်ဆေးအတည်ပြုချက်ရရှိမှသာ ဖြန့်ဖြူးရောင်းချရေးကို မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က မေးမြန်းသော သိန္နီမြို့၊ မိုင်းယန်းရွာနှင့် လုံမောက် ကျေးရွာ ရေရရှိရေးအတွက် သဘာဝရေထွက်နေရာမှ ၎င်းကျေးရွာများသို့ ရေသွယ် တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် တင်ပြတောင်းခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမြင့်ဟန်ထွန်း၊ ဘုတလင်မဲဆန္ဒနယ်က မေးမြန်းသော ဈေးကွက်အတွင်းရှိ တောင်သူလယ်သမားများ၏သွင်းအားစုများဖြစ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့နှင့် မြေဆီအမျိုးမျိုးတို့၏ အရည်အသွေးကို မည်သို့စစ်ဆေး ခွင့်ပြုနေသည်ကို သိလိုခြင်းနှင့် ဈေးကွက်အတွင်းရှိ သံသယရှိသော သွင်းအားစု များကို စစ်ဆေးပေးစေလိုပါက မည်သို့တာဝန်ယူ ဆောင်ရွက်ပေးသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က သွင်းကုန်လိုင်စင်အရ မြေသြဇာတင်သွင်းခွင့် ထောက်ခံချက်ကို ခွင့်ပြုသက်တမ်း(၆)လဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဝယ်ယူသုံးစွဲသူများ လွယ်ကူစွာ နားလည်ပြီး သုံးစွဲနိုင်ရန် အညွှန်းစာသားများနှင့် ပါဝင်ရမည့်အချက် များကို မြန်မာဘာသာဖြင့် ရှင်းလင်းပြတ်သားစွာဖော်ပြရန် အသိပေးနှိုးဆော်လျက် ရှိပါကြောင်းနှင့် အရောင်းဆိုင်ပိုင်ရှင်များကိုလည်း ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ရေး ပညာပေးနည်းလမ်း၊ စီမံခန့်ခွဲရေးနည်းလမ်းများနှင့် ထိန်းကျောင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော လယ်ယာမြေစီမံခန့်ခွဲရေး အဆင့်ဆင့် စစ်ဆေးလျက်ရှိသော အငြင်းပွားမှုများ စစ်ဆေးသောအမှုတွဲကို သက်ဆိုင်သူများ ကူးယူခွင့်ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာမြေ အငြင်းပွားမှုဆိုင်ရာ အမှုတွဲများကို မိတ္တူကူးယူခွင့်မရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ အပြီးပြတ်ဖြစ်သော ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် တင်သွင်း လျှောက်ထားနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးစိုးအောင်နိုင်၊ ကျုံပျော်မဲဆန္ဒနယ်က မေးမြန်းသော ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေချိုအင်းများ၏ အင်းနယ်နိမိတ် သတ်မှတ်ချက်မြေပုံများကို တိကျမှန် ကန်စွာ ဖော်ထုတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံပြီး ဘဏ္ဍာရန်ပုံငွေရရှိမှုအရ မြေတိုင်းစီမံချက် ရေးဆွဲဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) အစီရင်ခံစာဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ဆွေးနွေးပြီး သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၁.၁၂.၂၀၁၈(အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(င) အဆို(၁)ခု တင်သွင်းခြင်း
ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်က ရာသီဥတုဖောက်ပြန်သောဒဏ် ဖြေရှင်းနိုင်ရန် အရန် သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်ထားရှိရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်သွန်းကြောင်း အဆို တင်သွင်းပြီး ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင် မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ် ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀.၁၂.၂၀၁၈(တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကျင်းပမည့်ရက်ကို ၁၁.၁၂.၂၀၁၈ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
