(ဂ)-တောင်သူလယ်သမားများသည် Great Wall Tomorrow Hi-tech Agriculture Co.,Ltd. ၏ (GW-1 Hybrid Pearl Rice Seed) စပ် မျိုးစပါးမျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ နစ်နာဆုံးရှုံးမှုများကို မည်သို့ ကုစားပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၇. ၁၂. ၂၀၁၈)

 

ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများသည် ပြီးခဲ့သည်‌့ နွေစပါး စိုက်ပျိုးရာသီတွင် Great Wall Tomorrow Hi-tech Agriculture Co.,Ltd. ၏ (GW-1 Hybrid Pearl Rice Seed)စပ်မျိုးစပါးမျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ မျိုးစေ့မှန်ကန်မှုမရှိ၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါသောကြောင်‌့ ကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်ပြီး တောင်သူ လယ်သမားများ၏ နစ်နာဆုံးရှုံးမှုကို မည်သို့ကုစားပေးမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒီပဲယင်းမြို့နယ်၊ တည်တော၊ မိချောင်းအိုင်၊ သရက်ကန်ကျေးရွာများတွင် တောင်သူလယ်သမားများသည် ယခုနှစ် နွေစပါးရာသီ ပုလဲသွယ်စပ်မျိုး စပါးကိုဝယ်ယူပြီး ပျိုးထောင်စိုက်ပျိုး ခဲ့ကြပါကြောင်း၊ စိုက်ပျိုးရေးဌာန၏ ပညာပေးမှုနှင့် လယ်သမားများ၏ အတွေ့အကြုံတို့ ပေါင်းစပ်ပြီး စနစ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်း၊ သို့သော်လည်း စပါးအပင်ပေါက်သည် ၅၀ ရာခိုင်နှုန်းခန့်သာ အပင်ပေါက်လာပြီး အပင်မညီညာခြင်း၊ အနှံထွက်ချိန်ညီညာမှုမရှိခြင်း၊ စပါးရင့်ချိန်သက်တမ်း မတူညီခြင်းစသည့် အခက်အခဲ ပြဿနာများကို တွေ့ရှိရသည့်အတွက်ကြောင့် စပါးအထွက်နှုန်းသိသိသာသာ လျော့ကျနိုင်သည်ကို သတိပြုမိသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များအား အသိပေးအကြောင်း ကြားခဲ့ပါကြောင်း၊ ၂၆-၆-၂၀၁၈ ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း လာရောက်စစ်ဆေး ကွင်းဆင်းခဲ့ပါကြောင်း၊ စပ်မျိုးစပါးမျိုးစေ့ မှန်ကန်မှုမရှိသည်ကိုလည်း တွေ့ခဲ့ရပါကြောင်း၊ စပါးမျိုးစေ့ကုမ္ပဏီဖြစ်သည့်  Great Wall Tomorrow Hi-tech Agriculture Co., Ltd. မှ တာဝန်ခံလည်း ရောက်ရှိလာပြီး လယ်သမားများနှင့် နစ်နာမှုကို ညှိနှိုင်းခဲ့ကြပါကြောင်း၊ မြို့နယ်မှ တာဝန်ရှိသူများနှင်‌့လည်း ဆက်လက်ညှိနှိုင်းပြီး လယ်သမားများ အမှန်တကယ် နစ်နာသည့်အတွက် နစ်နာကြေးတစ်ဧကကို ကျပ်တစ်သိန်းပေးမယ်လို့ ပြောပါတယ်။ သို့သော် လယ်သမားများက ကျေနပ်မှုမရှိသဖြင်‌့ ၆-၇-၂၀၁၈ ရက်နေ့တွင် သရက်ကန် ကျေးရွာတွင် တောင်သူလယ်သမား ၂၀ ခန့်ဖြင့် ရွှေဘိုမြို့နယ်မှ တောင်သူလယ်သမား ပူးပေါင်းအင်အား ၅၀ ကျော်တို့သည် ထိုက်တန်သည့် လျော်ကြေးရရန် မုံရွာမြို့တွင် စီတန်းလှည်‌့လည် ဆန္ဒပြခဲ့ကြပါကြောင်း၊ ကော်မတီမှ ညှိနှိုင်းနေစဉ်ကာလအတွင်း ဆန္ဒပြသည့်အတွက် နစ်နာကြေးမပေးကြောင်းကို ၂၀-၇-၂၀၁၈ ရက်နေ့တွင် အသိပေးခဲ့ပါကြောင်း၊ သို့သော် လယ်သမားများက စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် စားသုံးသူရေးရာ ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန် ရှိသူများအားလုံးကို အသိပေးပြီး နစ်နာကြေးရရန် ဆက်လက်လှုပ်ရှားခဲ့သဖြင့် ကုမ္ပဏီမှ တောင်သူ ၃၈၈ ဦး၏ ၁၃၉၂ ဧကကျော် ကို မျိုးဖိုးပါလျော်ပြီး တစ်ဧကကို တစ်သိန်းကျပ် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်း၊

GW-1 အမှတ်တံဆိပ်ဖြင့် Great Wall Tomorrow Hi-tech ၏ တစ်ကီလိုဝန်အိတ်ပါ Great Wall International Co., Ltd. ၏ GW-1 အမှတ်တံဆိပ်နှင့် တစ်ကီလိုဝန်အိတ်ပါ ၎င်းအိတ်နှစ်အိတ်သည် ဆိုဒ်တူအရွယ်တူ၊ ပုံသဏ္ဌာန်တူ ဖြစ်ပါကြောင်း၊ တစ်ခုက လိပ်စာပါပြီး တစ်ခုက International လိပ်စာမပါပါကြောင်း၊ နောက် International တွင် ပုလဲသွယ်ဆိုသည့် မြန်မာစကားလုံးပါရှိခြင်း နောက်တစ်ခုက ကျောဘက်တွင် ဆက်သွယ်ရန်လိပ်စာပါခြင်းနှင့် မပါခြင်းခွဲထားပါကြောင်း၊ နောက်တစ်ခု ဘယ်ဘက်အခြမ်းတွင် GW-1 ဆိုသည့် အမှတ်တံဆိပ်က အတူတူဖြစ်ပါကြောင်း၊ ၎င်းကိစ္စမျိုးများကို တွေ့ရှိရသည့်အခါ Great Wall International ကုမ္ပဏီသည် နစ်နာသည့် တောင်သူများကို လာရောက်ပြီး ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းလည်း မရှိသည့်အတွက် ကုမ္ပဏီက မှတ်ပုံတင်ထားသည့် ကုမ္ပဏီဟုတ်/မဟုတ် မိမိတို့ သိချင်ပါကြောင်း၊ နောက်တစ်ခုက မှတ်ပုံတင်မထားခဲ့ဘူး ဆိုလျှင်လည်း Great Wall International ကုမ္ပဏီကို မည်ကဲ့သို့ အရေးယူထားသနည်းဆိုသည်ကို သိချင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံဆိုသည်မှာ ဆန်စပါးစိုက်ပျိုးမှုကို အားထားမှီခိုပြီး လုပ်ကိုင်စားသောက်နေသည့် တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ တောင်သူလယ်သမားဘဝ ဆိုသည်မှာ စိုက်ပျိုးရာသီတစ်ရာသီ ထိခိုက်ပျက်စီးလျှင် ကြွေးတင်ပြီး မိသားစုစားဝတ်နေရေး၊ ကလေးငယ်များ၏ ပညာသင်ကြားရေး၊ ကျန်းမာရေးအစစအရာရာ အခက်အခဲ ဖြစ်သွားပါကြောင်း၊ သဘာဝဘေးဒဏ် အမျိုးမျိုးကိုလည်း အတွေ့အကြုံ ခံစားခဲ့ရဖူးပါကြောင်း၊ စပါးစစ်ပိုးဆိုသည်မှာလည်း နှစ်စဉ်တွေ့ကြုံ ခံစားနေရသည့်ဒုက္ခများ ဖြစ်သည့်အတွက်ကြောင်‌့ တောင်သူလယ်သမားများ အသုံးပြုနေသည့် မျိုးစပါး၊ မျိုးနှမ်းစသည့် မျိုးစေ့များနှင့်ပတ်သက်ပြီး မျိုးစေ့ဆိုင်ရာ ကျွမ်းကျင်မှု ကော်မတီများ ဖွဲ့စည်းပြီး မျိုးစေ့ကုမ္ပဏီများ၏ မျိုးစေ့ကိုသုတေသနပြု လေ့လာမှုဖြင်‌့ တောင်သူလယ်သမားများကို အသိပေးလမ်းညွှန်မှုများ ဆောင်ရွက်ထားသနည်းဆိုသည်ကို သိချင်ပါကြောင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအစရှိသည့် ကုန်ပစ္စည်းများ ရောင်းချသည့် ပြည်တွင်း/ပ ကုမ္ပဏီများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဥပဒေနှင့်အညီ ကြီးကြပ်လမ်းညွှန် ပညာပေးခြင်းများ ဆောင်ရွက်ထားခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများသည် ပြီးခဲ့သည့် နွေစပါးစိုက်ရာသီတွင် Great Wall Tomorrow Hi-tech Agriculture Co., Ltd. ၏ GW-1 Hybrid Pearl Rice Seed စပ်မျိုး စပါးမျိုးစေ့ကိုယူ စိုက်ပျိုးခဲ့သည့်အခါ မျိုးစေ့ရေမှန်ကန်မှု မရှိသည့်အတွက် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရခြင်းဆိုသည့် အခြေအနေဖြစ်ခဲ့ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်၊ တည်တော၊ မိချောင်းအိုင် ကျေးရွာများတွင် GW-1 စပ်မျိုးစပါးများ၏ မျိုးသန့်စင်မှု အားနည်းသည့် အတွက်ကြောင်‌့ အထွက်နှုန်း ထိခိုက်သည်ဆိုပြီး မိမိတို့တိုင်းဒေသကြီးဌာနမှ တင်ပြချက်ခဲ့သည့်အပေါ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူကိုယ်စားလှယ်များ၊ ကုမ္ပဏီမှကိုယ်စားလှယ်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စိစစ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊

မျိုးစေ့ထုပ်ပိုးအိပ်များပေါ် ကုမ္ပဏီအမည် ရိုက်နှိပ်မှုနှင်‌့ပတ်သက်ပြီး စိစစ်သည့်အခါ ကုမ္ပဏီသည် တစ်ခုတည်းဖြစ်ပြီး Great Wall Tomorrow Hi-tech Agriculture Co., Ltd. နှင့် မျိုးစေ့ထုတ်လုပ် ငန်းဆောင်ရွက်ရန် လိုင်စင်ယူထားသည့် ကုမ္ပဏီဖြစ်သော်လည်း တောင်သူများကို မျိုးစေ့များ ဖြန့်ဖြူးသည့်အခါ ယင်းကုမ္ပဏီကသာ လိုင်စင်ယူထားသည့် အမည်ကို Great Wall အမည်ပါပြီး စာတန်းအမျိုးအစား ကွဲပြားစွာရိုက်နှိပ်ပြီး မျိုးစေ့ဖြန့်ဖြူးမှုကို ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိရပါသည်။ စပါးအထွက်နှုန်း စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် သရက်ကန်ကျေးရွာကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည့်အခါ အထက်ပါအိတ်အမျိုးမျိုး သုံးစွဲဆောင်ရွက်မှုနှင့် မျိုးစေ့အရည်အသွေး ညံ့ဖျင်းမှုကို မျိုးစေ့သုံးစွဲစိုက်ပျိုးဧရိယာမှ တောင်သူများနှင့် တွေ့ဆုံစိစစ်ခဲ့ပါကြောင်း၊ အထွက်နှုန်းထိခိုက်ခဲ့သည့် တောင်သူပေါင်း ၃၃၄ ဦးရှိပြီး ဧရိယာပေါင်းသည် ၁၄၀၄ ဧကကျော် ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ယနေ့မျက်မှောက်ကာလတွင် သမားရိုးကျအထွက်နှုန်းထက် အထွက်နှုန်းပိုမိုများပြားသော စပ်မျိုးစပါးများ တိုးချဲ့စိုက်ပျိုးလာသည့်အတွက် မျိုးစေ့၏လိုအပ်ချက် များပြားလာသည့် အခြေအနေရှိပါကြောင်း၊ ၎င်းအခြေအနေတွင် ကုမ္ပဏီအနေဖြင့် အပင်ပေါက် ရာနှုန်းနည်းသည့် မျိုးစေ့များမပါရှိစေရေး အဓိကထား ဆောင်ရွက်ရမည့်အစား ရောင်းလိုအားကောင်းလာသည်နှင့်အညီ သေချာကြီးကြပ် စစ်ဆေးမှုအားနည်းပြီး ဖြန့်ဖြူးဆောင်ရွက်ခဲ့ုသည့် အနေအထားရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်သည့်အတွက် အထွက်နှုန်း ထိခိုက်ခံရသော စိုက်ပျိုးဧရိယာ ၁၄၀၄ ဧကကျော်အတွက် နစ်နာကြေးတစ်ဧက တစ်သိန်းနှုန်းပေးရန် အဆိုပါဧရိယာများကို ဖြန့်ဖြူးထားသည့် မျိုးစေ့ဖိုးငွေကို တောင်သူများက ပေးချေပြီးပါက ပြန်လည်ထုတ်ပေးရန် ပေးချေရခြင်းမရှိသေးပါက တောင်သူမှ ကုမ္ပဏီကို ပေးချေခြင်း မပြုရန် စိုက်ပျိုးရေးဦးစီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ညှိနှိုင်းချက်အရ တောင်သူများကို ပြီးခဲ့သည့် ၇-၉-၂၀၁၈ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေဖြင့် လယ်ယာသွင်းအားစုများ တောင်သူများ မှန်ကန်စွာ၊ အရည်အသွေး ပြည့်မီစွာဖြင့် သုံးစွဲသွားနိုင်ရန် ဥပဒေနှင်‌့အညီ ထိန်းကြောင်းဆောင်ရွက်သည့် နေရာတွင် မျိုးစေ့နှင့်ပတ်သက်ပြီး မျိုးစေ့ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (ဃ) တွင် ပြဋ္ဌာန်းထားသည့် မျိုးစေ့ထုပ်ပိုးထားသော (သို့မဟုတ်) ထည်‌့သွင်းထားသော ပစ္စည်းပေါ် ကုန်အမှတ်တံဆိပ်၊ မျိုးစေ့အမည်၊ မျိုးစေ့အလေးအချိန်/ ပမာဏ၊ မျိုးစေ့အရည်အသွေး၊ သုံးစွဲရန်အညွှန်းစာ၊ သက်တမ်းကုန်ဆုံးမည်‌့ ရက်စွဲ၊ လိုင်စင်အမှတ်နှင်‌့ ရက်စွဲ၊ မျိုးစေ့အရည်အသွေးနှင်‌့ စပ်လျဉ်းပြီး အာမခံကြောင်းဖော်ပြချက်၊ အမျိုးသားမျိုးစေ့ ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့် အခြားအချက်အလက်များ မှန်ကန်စွာ ထည်‌့သွင်းဖော်ပြရမည်ဟု တိကျစွာ ပြဋ္ဌာန်းထားပါကြောင်း၊ ယခုလို တိကျစွာပြဋ္ဌာန်းထားသော်လည်း ကုမ္ပဏီနှင့် ယင်းပြဋ္ဌာန်းချက်ကို ချိုးဖောက်သည့်အတွက် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းက ကနဦး ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းပေးဆောင်စေပြီး နောင်အလားတူ ဖြစ်ရပ်မျိုးမပေါ်ပေါက် စေရန်အတွက် ပြင်းထန်စွာသတိပေး ဆောင်ရွက်ခဲ့သည့်အပြင်  မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးမှု အပိုင်းကိုလည်း ဌာန၏စစ်ဆေးမှု ခံယူပြီးနောက်မှသာ ဆောင်ရွက်သွားနိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်မှုအပိုင်းကို ရပ်ဆိုင်းထားရန် ပြစ်ဒဏ်ပေး ဆောင်ရွက်ထားပါကြောင်း၊

ထို့အတူ ဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်ပိုင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကုမ္ပဏီ၏ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် စိုက်ကွင်းကို ကွင်းဆင်းစစ်ဆေးခြင်း (Field Inspection) ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်း၊ သန့်စင်၊ သိုလှောင်ဖြန့်ဖြူးမှု အဆင်‌့ဆင့်အထိ လိုအပ်ချက်များကို စစ်ဆေးပြုပြင် စေခဲ့သည့်အပြင် ကြီးကြပ်မှုပိုင်းဆိုင်ရာ အားနည်းမှုအတွက် စစ်ဆေးနိုင်မည့် ပညာရှင် တိုးချဲ့ ခန့်ထားရေးကိစ္စကိုလည်း ညွှန်ကြားဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်း အချက်အပေါ် လိုက်နာဆောင်ရွက်ပြီး ထုတ်လုပ်ထွက်ရှိလာသည့် မျိုးစေ့ကိုဌာန၏မျိုးစေ့ အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင် စစ်ဆေးအတည်ပြုပြီးမှ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက် စေမည်ဖြစ်ပါကြောင်း၊

အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် မျိုးကောင်းမျိုးသန့် သုံးစွဲရေးသည် အဓိကအရေးပါသော အနေအထားရှိသည့်အတွက် မျိုးစေ့ထုတ်ကုမ္ပဏီများအနေဖြင့် အရည်အသွေးပြည့်မီသော မျိုးစေ့များထုတ်လုပ်ရေး၊ အရည်အသွေးပြည်‌့မီမှုရှိ/မရှိ စစ်ဆေးအတည် ပြုချက်ရရှိမှသာ ဖြန့်ဖြူးရောင်းချရေးကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်း များနှင်‌့အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။