(င)-ချောက်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၏ တစ်ထပ်ဆောင်မှာ အန္တရာယ်ဆောင် ဖြစ်နေပါသဖြင့် ဖျက်သိမ်းပြီး (၁၄၀ ပေ x ၃၀ ပေ) RC နှစ်ထပ်ဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ (၅. ၁၂. ၂၀၁၈)

 

ချောက်မြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းကို  ၂၀၁၂ ခုနှစ်မှစပြီး အ.ထ.က ကျောင်းအဖြစ် ဖွင့်လှစ်လာခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ် ကာလအတွင်း ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးရှင်များ၊ ငါးဘာသာဂုဏ်ထူးရှင်များ၊ လေးဘာသာဂုဏ်ထူးရှင်များ၊ သုံးဘာသာ ဂုဏ်ထူးရှင်များ စသဖြင့်နှစ်စဉ်များစွာ မွေးထုတ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မကေသီအောင်သည် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ပြီး ယခု မကွေး ဆေးတက္ကသိုလ်တွင် တက်ရောက်နေပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဘာသာစုံဂုဏ်ထူးရှင် မဟိန်းသန့်ဦးကလည်း သုံးထပ်ကွမ်းလူရည်ချွန်ဖြစ်ပြီး ယခု ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်နေပါကြောင်း၊ ၂၀၁၈ ခုနှစ် ‌ခြောက်ဘာသာဂုဏ်ထူးရှင် မခွန်းချိုသာသည်  မကွေးတိုင်း ဒေသကြီး တစ်တိုင်းလုံးတွင် ပထမဆုဖြင့် ၎င်းကျောင်းကြီးမှ အောင်မြင်ခဲ့ပါကြောင်း၊  ထို့ကြောင့် အဆိုပါကျောင်းကြီးက စည်းကမ်းရှိမှုများ၊ သင်ကြားပုံကောင်းမွန်မှုများ၊ ဆရာ၊ မိဘထိန်းကျောင်းမှု ကောင်းမွန်မှုများ၊ ကျောင်းသားများ၏ စုပေါင်းသင်ယူမှု ကောင်းမွန်မှုများကြောင့် မိမိတို့မြို့ပေါ်ရှိ ရပ်ကွက်ကြီးများ အနီးကျေးရွာရှိသူများ မှီခိုသောကျောင်းကြီး ဖြစ်ပါကြောင်း၊

အဆိုပါ အ.ထ.က (၃) သည် ၁၉၃၀ ခုနှစ်ကစခဲ့သည့် ကျောင်းကြီးဖြစ်ပါကြောင်း၊ ယခု နှစ်ပေါင်း ၉၀ ရှိ ကျောင်းကြီးလည်း ဖြစ်ပါကြောင်း၊ ၎င်းအန္တရာယ်ဆောင်ကြီးက ယင်းမာတန်းများ၊ ခပန်းကြားများ၊ တိုင်များ၊ သံဖိနပ်များ ပျက်စီးနေပါကြောင်း၊ အကာထရံများ၊ ပြတင်းပေါက်များလည်း ပျက်စီး နေပါကြောင်း၊ မိုးလည်းမလုံပါကြောင်း၊ မျက်နှာကျက်များ လျှောက်လမ်းများလည်း ပျက်စီးနေသည့်အတွက် စာသင်၍မရဘဲ စာသင်ရန် ကျောင်း‌ဆောင်များ မရှိဖြစ်နေပါကြောင်း၊

အဆိုပါ စာသင်ကျောင်းတွင် အတန်းပေါင်းစုံက စာသင်ဆောင်များတွင် ကျောင်းသားများ ပြည့်ညှပ်နေပြီး အခန်းတစ်ခန်းအတွင်း ရှိသင့်သောပမာဏထက် ပိုမိုပြီးသင်ကြားနေရပါကြောင်း၊ ကျောင်းသားဦးရေကလည်း ၁၀၀၀ ကျော် ခန့်ရှိပါကြောင်း၊ အမှတ် (၃) အ.ထ.က ကျောင်းအနေဖြင့် ရပ်ကွက်များအတွင်းတွင် တည်ရှိနေခြင်းကြောင့် ထပ်မံတိုးချဲ့ရန် နေရာလည်းမရှိပါကြောင်း၊ ယခု ပညာရေးစနစ်ကလည်း KG တန်းမှ (၁၂) တန်း ပညာရေးစနစ်ကို သွားနေပြီ ဖြစ်သည့်အတွက် စာသင်ခန်းအသစ်များ ထပ်မံတိုးချဲ့ရန် လိုအပ်နေပါကြောင်း၊ တိုင်းပြည်အတွက် အလွန် အရေးကြီးသည့် ဉာဏသယံဇာတ ထုတ်လုပ်ရန်အတွက် အချက်တစ်ချက်အနေဖြင့် စနစ်ကျသော စာသင်ခန်းများ ပမာဏလုံလောက်ရန် များစွာအရေးပါ လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းအန္တရာယ်ဆောင်ကို ဖျက်သိမ်းပြီး နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ပေးစေလိုပါကြောင်း၊

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အမှတ် (၃) အ.ထ.ကကျောင်းရှိ အန္တရာယ်ဆောင်အား အမြန်ဆုံး ဖျက်သိမ်းခွင့်ပြုရန်နှင့် ၁၄၀ ပေ x ၃၀ ပေ RC နှစ်ထပ်ကျောင်းဆောင်ကို မည်သည့် ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုဘတ်ဂျက်များတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ ငွေလုံးငွေရင်းတွင် အခြေခံပညာ ကျောင်းဆောင်များ တည်ဆောက်ရေးအပါအဝင် လုပ်ငန်း ၁၈ ခုအား မြို့နယ်ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ဦးရေအနေဖြင့် မူလတန်းအဆင့်တွင် ၃၄၅ ဦး၊ အလယ်တန်းအဆင့်တွင် ၄၄၂ ဦး၊ အထက်တန်းအဆင့်တွင် ၁၈၇ ဦး စုစုပေါင်း ၉၇၄ ဦး ပညာသင်ယူလျက် ရှိကြပါကြောင်း၊

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိနေသော မြတ်လေးဆောင်အပါအဝင် စုစုပေါင်း ကျောင်းဆောင်ရှစ်ဆောင် ရှိပါကြောင်း၊ အန္တရာယ်ရှိကျောင်းဆောင်အဖြစ် သတ်မှတ်ထားသော မြတ်လေးဆောင်သည် ပေ ၉၀ x ၂၉ ပေ ဖြစ်ပြီး ကြမ်းခင်းများလည်း ပေါက်ပြဲလျက် ရှိနေပါကြောင်း၊ ချောက်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ဆောင်ဖြစ်သော မြတ်လေးဆောင်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဖျက်သိမ်းစေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားရယူပြီး လိုအပ်နေသည့် ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ်တစ်ဆောင် RC ပေ ၁၄၀ x ပေ ၃၀ နှစ်ထပ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိမှသာ အဆိုပါ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေအပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။