ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးကျော်အောင်လွင်၊ စေတုတ္ထရာမဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နယ် မြောက်ပိုင်း မုန်းချောင်းအနောက်ဘက်ကမ်းရှိ သွားလာရေးခက်ခဲသော ကျေးရွာ (၁၉)ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် မုန်းချောင်း အားဖြတ်၍ ကြိုးတံတား သို့မဟုတ် ဘေလီတံတားတစ်စင်း တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စု ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်က မေးမြန်းသော ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတား (တာဆန်း)သည် မူလ ကြိုးတံတားဖြစ်ခြင်း၊ ခံနိုင်ဝန် ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် တန်(၇၀) ခံနိုင်ဝန် ရှိသည့် အဆင့်မြင့် သံကူကွန်ကရစ် တံတားတစ်စင်း ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေလုံလောက်စွာ ရရှိပါက အပြီးတည်ဆောက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က မေးမြန်းသော လေရှီးမြို့နယ်၏ အဓိက ပင်မ လမ်းကြောင်းဖြစ်သော ထမံသီ-လေရှီး-အိန္ဒိယ နယ်စပ်လမ်းကြောင်းပေါ်ရှိ ထမံသီ ချင်းတွင်း မြစ်ကူးတံတားအား မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ပုံငွေကန့်သတ်ချက်များ ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများ ခွဲဝေရရှိပါက အင်အားအကောင်းဆုံး စက်ယန္တရား များပေးပို့ပြီး တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်သန္တာ၊ အိမ်မဲမဲဆန္ဒနယ်က မေးမြန်းသော အိမ်မဲမြို့နယ်ရှိ ညောင်ကုန်း ချောင်းဖျား- သရက်ကုန်းလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်(မင်းပြား-မြေပုံ) မြို့ရွာချင်းဆက်လမ်းအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်းအပြီး ခင်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အဆိုပြုလျာထား ရန်ပုံငွေမှာ နည်းပါးသောကြောင့် ကြံ့ခိုင်မှုအားနည်းသော သစ်သားတံတားများကို သံကူကွန်ကရစ်တံတားအဖြစ် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်းအား ကြပ်စင်တံတားဖွင့်ပွဲအမီ ကတ္တရာလမ်းအဖြစ်အပြီး ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နောင်လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းများမှ နိုင်ငံတော်မှ ဘဏ္ဍာငွေများစွာ ချပေးထားပါလျက်မော်တော်ကားများ ရာသီမရွေး သွားလာ၍မရအောင် ပျက်စီးနေမှုများအား မည်သို့ကြီးကြပ် ဆောင်ရွက် နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများအား စာရင်း စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း တို့ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် (Third Party Inspection)တို့မှ တည်ဆောက်ရေးလုပ်ငန်းများ၏ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီမှု ရှိ၊ မရှိတို့ကို ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ပေါင်းစပ်၍ တိုးတက်မှု ရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ် အတွင်းရှိ နတ်မော်ကျေးရွာအုပ်စုမှ ကုလားရောင်ကျေးရွာအုပ်စုအထိ ကျေးရွာချင်း ဆက်လမ်းအား မြေသားလမ်းအဖြစ် ဆက်လက်ဖောက်လုပ်ခြင်းနှင့် မြေနီကျောက် ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးရွာချင်း ဆက်လမ်းမှာ မြေသားလမ်းဆက်လက်ဖောက်လုပ်ရန် လိုအပ်ပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေတင်ပြတောင်းခံပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၅-၁၂-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) နည်းဥပဒေ(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာ့သတ္တုတွင်း နည်းဥပဒေများအနက် သဘောကွဲလွဲသည့် အချက် ၂ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅ နည်းဥပဒေခွဲ (က) နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) အဆို(၁)ခုတင်သွင်းခြင်း
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်ဆန္ဒနယ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်ခြင်း မပြုနိုင်သေးမီ စပ်ကြားကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံး တစ်ပြေးညီ သန့်ရှင်းသပ်ရပ် သာယာလှပစေရန် စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လုံလောက်မျှတ စေမည့်အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင်ပေး နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ဦးစားပေးလုပ်ငန်း လမ်းညွှန်ချက် တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပမည့်ရက်ကို ၅.၁၂.၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
