(စ)-ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော လမ်းများ ပျက်စီးနေမှုများအား မည်သို့ကြီးကြပ် ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ (၄. ၁၂. ၂၀၁၈)

 

ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသောလမ်းများမှာ နိုင်ငံတော်မှ ဘဏ္ဍာငွေများစွာ ချပေးထားပါလျက် မော်တော်ကားများ ရာသီမရွေးသွားလာ၍မရအောင် ပျက်စီးနေမှုများအား မည်သို့ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ရမ်းဗြဲမြို့နယ်သည် ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းမကြီးဖြင်‌့ သွားရောက်နိုင်ပြီး နောင်ဖြစ်ပေါ်လာမည့် ကျောက်ဖြူအထူး စီးပွားရေးဇုန်ဖြင့် ဆက်စပ်နေသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်၏ အဓိကကျသော လမ်းပိုင်းများမှာ ကျောက်ဖြူ-ရန်ကုန်လမ်းပေါ်ရှိ စနဲခိုမင်းလမ်းဆုံမှ ရမ်းဗြဲမြို့သို့ ဆက်သွယ်ထားသော ၁၃ မိုင် ၆ ဖာလုံ ရှည်လျားသောလမ်းပိုင်း၊ ရန်ကုန်-ကျောက်ဖြူ လမ်းပေါ်ရှိ ပိန္နဲ‌တောင်လမ်းဆုံမှ ရမ်းဗြဲမြို့သို့ ဆက်သွယ်ထားသော ၉ မိုင် ၃ ဖာလုံ ရှည်လျားသော လမ်းအပိုင်း၊ ရမ်းဗြဲမြို့မှ လေးတောင်တိုက်နယ်သို့ ဆက်သွယ်ထားသည်‌့ ၁၆ မိုင် ၆ ဖာလုံ ရှည်လျားသော လမ်းပိုင်း၊ ရမ်းဗြဲမြို့မှ ကျောက်ချောင်း တိုက်နယ်-အောင်လှပြင်အထိ ၁၄ မိုင်ခန့် ရှည်လျားသော လမ်းအပိုင်း၊ ရမ်းဗြဲမြို့မှ ကျောက်နီမော်သို့ ဆက်သွယ်ထားသော ၂၅ မိုင် ရှည်လျားသော လမ်းပိုင်းများသည် ရမ်းဗြဲမြို့နယ်နှင်‌့ အခြားမြို့နယ်များသို့ ဆက်သွယ်သွားလာရာတွင် လည်းကောင်း၊ မြို့နယ်အတွင်း ဒေသအသီးသီးနှင်‌့ ဆက်သွယ်သွားလာရာတွင်လည်းကောင်း အဓိကကျသော လမ်းပိုင်းများ ဖြစ်ကြပါကြောင်း၊ ဤလမ်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ထားသော လမ်းများဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လမ်းအပိုင်းများ ဖြစ်ကြပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိလမ်းများကို လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများအခြေအနေမှာ သစ်သားတံတားငယ်များ နေရာတွင် ကွန်ကရစ် တံတားများ အစားထိုးတည်ဆောက်ပေးသဖြင်‌့ အနည်းငယ်ဖွံ့ဖြိုး တိုးတက်မှုရှိလာသော်လည်း လမ်း၏ အခြေအနေမှာ ထူးခြားစွာတိုးတက်မှု ရှိမလာသည်ကို ယနေ့ထက်တိုင် မြင်တွေ့နေရပါကြောင်း၊ ရမ်းဗြဲမြို့နယ်၏ လမ်းများမှာ နိုင်ငံအဆင်‌့တွင် အဆင်‌့ ၁၀ အဖြစ် လုပ်ငန်းတာဝန်များ များပြားသည်‌့ မြို့နယ်အဖြစ် သတ်မှတ်ခံထားရပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိလမ်းများမှာ ပြည်နယ်အစိုးရက စီမံခန့်ခွဲသော လမ်းများဖြစ်ပြီး ဘတ်ဂျက်ခွဲဝေချထားမှု နည်းပါးခဲ့သဖြင်‌့ လမ်းများအခြေအနေ တိုးတက်ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်း၊ ယခုအခါ နိုင်ငံအနှံ့အပြားတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေချောမွေ့ နိုင်စေရေးအတွက် ရန်ပုံငွေများ ချထားပေးလျက်ရှိရာ ရမ်းဗြဲမြို့နယ်ရှိ လမ်းများအတွက်ပါ ပါဝင်လာသည်ကို သိရှိလာရပါကြောင်း၊ သို့ပါသော်လည်း ရမ်းဗြဲမြို့နယ်ရှိ လမ်းများမှာ မိုးရာသီတွင် ကားများသွားလာ၍ မရအောင် ပျက်စီးနေသဖြင်‌့ ဆက်သွယ်သွားလာရေး ပြတ်တောက်မှုကို ယနေ့ထက်တိုင် ခံစားနေကြရပါကြောင်း၊ ဒေသနေပြည်သူများက မကျေနပ်သဖြင့် ပြောဆိုဝေဖန် သရော်စာ ရေးသားမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြလာသည်ကို မြင်တွေ့လာရပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိလမ်းများ ကောင်းမွန်မှု မရှိခြင်းမှာ လမ်းခင်းသည်‌့ကျောက်များ အရည်အသွေး မပြည့်မီခြင်း၊ လမ်းများကို နွေရာသီတွင် မြေသားများခင်းပြီး လမ်းကြိတ်စက်ဖြင်‌့ ကြိတ်ထားသည့် အမာခံကျောက်များ ထည်‌့ထားမှုမရှိသဖြင်‌့ လမ်းများမှာ နွေရာသီတွင် ချောမောကောင်းမွန်ပြီး၊ မိုးရာသီတွင် ဗွက်ထသည့်အတွက် သွားလာ၍ မရအောင် ပျက်စီးနေခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရမ်းဗြဲမြို့နယ်ရှိ လမ်းများအခြေအနေ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအနေဖြင်‌့ ထိရောက်သော ကြီးကြပ်စစ်ဆေးမှု၊ ထိန်းကျောင်းပေးမှု ပြုလုပ်ရန် လိုအပ်နေသည့်အတွက် မိမိမေးမြန်းလိုသည်မှာ (၁) ရမ်းဗြဲမြို့နယ်ရှိ လမ်းများအတွက် အသုံးပြုထားသော လမ်းခင်းကျောက်များ အရည်အသွေးပြည့်မီရေးကို မည်သူကမည်သည့် တာဝန်ကို ဆောင်ရွက်ပေးပါသနည်း၊ (၂) ရမ်းဗြဲမြို့နယ်ရှိ လမ်းများအတွက် ချထားပေးသော ရန်ပုံငွေနှင်‌့လုပ်ငန်း လုပ်ဆောင်မှုကိုက်ညီမှုရှိ/မရှိကို မည်သူက တာဝန်ယူ စစ်ဆေးလက်ခံပေးပါသနည်း၊ (၃) ရမ်းဗြဲမြို့နယ်ရှိလမ်းများ အရည်အသွေးတိုးတက် ကောင်းမွန်ရေးအတွက် မည်သို့တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း စနဲခိုမင်း (လမ်းဆုံ)-ရမ်းဗြဲလမ်း (ရမ်းဗြဲမြို့နယ်အပိုင်း) ၁၁ မိုင်၊ ပိန္နဲတောင်-ရမ်းဗြဲလမ်း ၉ မိုင် ၃ ဖာလုံ၊ ရမ်းဗြဲ-ကန်တော့ပြင်-ကျောက်ချောင်း- အောင်လှပြင်လမ်း ၁၃ မိုင် ၄ ဖာလုံ၊ ရမ်းဗြဲ-ဒေါရထလမ်း ၃ မိုင်၊ ရမ်းဗြဲ-လေးတောင်-သပြေဆိပ်လမ်း ၁၆ မိုင် ၆ ဖာလုံ၊ ကျောက်ချောင်း-လေးတောင်လမ်း ၆ မိုင်နှင့် ရမ်းဗြဲ-ကျောက်နီမော်လမ်း ၂၅ မိုင် ၅ ဖာလုံ စုစုပေါင်း လမ်းအရှည် ၈၅ မိုင် ၂ ဖာလုံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊

အဆိုပါ လမ်းပိုင်းများအနက် ပိန္နဲတောင်-ရမ်းဗြဲလမ်းကို ၂၀၀၄-၀၅ ခုနှစ်တွင် လမ်းဦးစီးဌာနမှ လမ်းအသစ် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရမ်းဗြဲ-လေးတောင်-သပြေဆိပ်လမ်း၊ ကျောက်ချောင်း-လေးတောင်လမ်းနှင့် ရမ်းဗြဲ-ကျောက်နီမော်လမ်းတို့ကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး အဖွဲ့ထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည့် လမ်းများဖြစ်ပါကြောင်း၊ ရမ်းဗြဲ-လေးတောင်-သပြေဆိပ်လမ်းတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က လမ်းချဲ့ခြင်း၊ Grade နှိပ့်ချခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်‌့ နေရာများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့၍ လမ်းပေါ်တွင် ဗွက်တန်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ အဆိုပါ ဗွက်တန်းများ ဖြစ်ပေါ်ခဲ့မှုအတွက် လမ်းဦးစီး ဌာနအနေဖြင်‌့ ၆ မိုင် ၆ ဖာလုံနှင်‌့ ၇ ဖာလုံကြားတွင် ဗွက်များအားဖယ်ရှား၍ အကျယ် ၃၄ ပေ လမ်းချဲ့ခြင်း၊ ကျောက်ခင်းခြင်းနှင်‌့ ၉ မိုင် ၁.၅ ဖာလုံနှင်‌့ ၂.၅ ဖာလုံကြားတွင် အကျယ် ၂၆ ပေ လမ်းချဲ့ခြင်း၊ ကျောက်ခင်းခြင်းနှင်‌့ ကတ္တရာပေပါခွံပြားများ ကာရံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိဘဲ သွားလာနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

ရမ်းဗြဲမြို့နယ်အတွင်းရှိ လမ်း ၇ လမ်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်ဘာလ ၆ လအထိ ဘဏ္ဍာရေးနှစ်ဖြင့် နှစ်နှစ်နှင့် ခြောက်လအတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၀၃၃ သန်းနှင်‌့ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ၁၈၈၇ သန်းရရှိခဲ့ပါကြောင်း၊ အဆိုပါ လမ်းတစ်လမ်းချင်းကို ကတ္တရာ (သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက လမ်းတစ်လမ်းအတွက် ကုန်ကျငွေမှာ ရန်ပုံငွေအားဖြင်‌့ ကျပ်ဘီလီယံနှင့်ချီပြီး လိုအပ်သော်လည်း တစ်နှစ်ကို လမ်းတစ်လမ်း၏ ပျမ်းမျှရန်ပုံငွေ ၂၈၇ သန်းသာလျှင် သုံးစွဲနိုင်သည့်အတွက် မြေကြီးလမ်းများ များစွာကျန်ရှိနေသည့် အတွက်ကြောင့် အဆိုပါလမ်းများကို ကတ္တရာလမ်း (သို့မဟုတ်) ကွန်ကရစ်လမ်းဖြစ်ရန် တောင်းဆိုခြင်းဖြစ်သည်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် နားလည်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအနေဖြင်‌့ လမ်းအခြေအနေလျော့ကျ မသွားရန်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင်‌့ လမ်းအဆင်‌့မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အကုန်တွင် ရမ်းဗြဲမြို့နယ်အတွင်းရှိ (Paved Ratio) ကွန်ကရစ် (သို့မဟုတ်) ကတ္တရာလမ်းအဖြစ်ထားသည့် Ratio သည် ၂၀၁၅-၁၆ ခုနှစ်တုန်းက ၁၃.၅ ရာခိုင်နှုန်း ရှိရာမှ ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် ၂၄ ရာခိုင်နှုန်းအထိ (Paved Ratio) တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် (Paved Ratio) ၂၄ ရာခိုင်နှုန်းရှိသည်ဆိုသည်မှာ ကတ္တရာလမ်း ဖြစ်ပြီးသည့်လမ်းသည် မိုင် ၁၀၀ တွင် ၂၄ မိုင်ဖြစ်ပြီး ကျန်သည့် ၇၆ မိုင်သည် မြေကြီးလမ်း ရှိနေသေးသည်ဆိုသည့် အချိုးဖြစ်သည့်အတွက် ကျန်ရှိသည့်လမ်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရန် မိမိတို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ငွေလုံးငွေရင်း ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့ဖြင်‌့ ရမ်းဗြဲမြို့နယ်အတွင်းရှိ လမ်းခုနစ်လမ်းတွင် ၃ မိုင် တစ်ဖာလုံအား အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းခင်းခြင်း၊ ၅ မိုင် ၆.၅ ဖာလုံအား ကျောက်ချောလမ်း ခင်းခြင်း၊ ၃ မိုင် တစ်ဖာလုံအား အမာခံလမ်းခင်းခြင်း၊ ၃ မိုင် တစ်ဖာလုံအား မြေသားတာပေါင်ချဲ့ခြင်း၊ ၅၀ ပေနှင့်အထက် တည်ဆောက်ဆဲ တံတားနှစ်စင်း၊ တံတားအသစ် တည်ဆောက်ခြင်း တစ်စင်းနှင်‌့ ၅၀ ပေ အောက်တံတားနှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်သုံး ပစ္စည်းများအား အရည်အသွေးပြည့်မီမှု ရှိရန်အတွက် လမ်းဦးစီးဌာန သုတေသနဓာတ်ခွဲခန်းရုံးသို့ ပေးပို့စမ်းသပ်စစ်ဆေးပြီး အတည်ပြုခွင်‌့ပြုချက် ရရှိမှသာလျှင် အဆိုပါပစ္စည်းများကို အသုံးပြုဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအား ခွင်‌့ပြုရန်ပုံငွေနှင်‌့ ကိုက်ညီမှန်ကန်မှု ရှိ/မရှိ၊ ခွင့်ပြုလုပ်ငန်းအမျိုးအစားအရ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ ပြည်‌့မီမှန်ကန်မှုရှိ/မရှိတို့ကို ခန့်မှန်းခြေစာရင်းစစ်ဆေးခြင်း၊ လမ်းဦးစီးဌာန တာဝန်ရှိသူအဆင်‌့ဆင်‌့မှ စစ်ဆေးခြင်း၊ ဌာနတွင်းစာရင်းစစ် (Internal Audits) နှင်‌့ သက်ဆိုင်ရာခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး (External Audits) များမှ စာရင်းစစ်ဆေးခြင်းများအပြင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းတို့ကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊

တည်ဆောက်ရေး လုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေးအတွက် သတ်မှတ်ထားသည့် (Geometric Design/ Pavement Design) အရ ဆောင်ရွက်စေခြင်း၊ တည်ဆောက်ချိန်ကာလတွင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်မှုရှိ/မရှိတို့ကို အရည်အသွေးထိန်းသိမ်း ကွပ်ကဲရေးအဖွဲ့ (Quality Control) တို့မှ လုပ်ငန်းအလိုက် အနီးကပ်စစ်ဆေးခြင်း၊ သက်ဆိုင်ရာခရိုင်နှင်‌့ တိုင်းဒေသကြီး/ပြည်နယ် လမ်းဦးစီးဌာနတာဝန်ရှိသူ အဆင်‌့ဆင်‌့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်း၊ နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူများမှ အခါအားလျော်စွာ ကြီးကြပ်ဆောင်ရွက်ခြင်းအပြင် နောက်ဆုံး အဆင်‌့အနေဖြင်‌့ နေပြည်တော်ရုံးချုပ်ရှိ လမ်းဦးစီးဌာနနှင်‌့ တံတားဦးစီးဌာနတို့မှ အရည်အသွေး ထိန်းသိမ်းရေး (QC) အဖွဲ့များက ထပ်မံစစ်ဆေးစေခြင်းတို့ဖြင်‌့ ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်း၌ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင်‌့ (Third Party Inspection) အဖွဲ့တို့ထားရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ၏ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီမှုရှိ/မရှိတို့ကို ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ထပ်မံစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းကွန်ရက်များ ပိုမိုချိတ်ဆက်လွယ်ကူစွာ သွားလာနိုင်ရေးနှင်‌့ တည်ဆောက်ရေးလုပ်ငန်းများ၏ သတ်မှတ် (Design) အရ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေးတို့ကို လမ်းဦးစီးဌာနအနေဖြင်‌့ အထူးအလေးထား တာဝန်ယူ အကောင်အထည်ဖော် လျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင်‌့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့ပေါင်းစပ်၍ တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။