စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းသည် ထမံသီ-လေရှီးကားလမ်း ဖြစ်ကြောင်း၊ ထမံသီတွင် ရေကြောင်းကို တစ်ဆင့် ပြောင်းစီးရကြောင်း၊ ချင်းတွင်းမြစ်ကူးတံတား မရှိသည့်အတွက် ပွင့်လင်းရာသီဖြစ်သော်လည်း စက်လှေကိုသာ အားကိုးအားထားပြုရပါကြောင်း၊ တစ်ခါတရံ ခန္တီးလိုင်းစက်လှေ မမီသည့်အခါ၌ ထမံသီတွင် ညအိပ်ကြရကြောင်း၊
လေရှီးမြို့နယ်၏ အဓိကလမ်းကြောင်းဖြစ်သည့် ထမံသီ-လေရှီး-အိန္ဒိယနယ်စပ်သို့ ဆက်သွယ်သည့် လမ်းကြောင်းတွင် လေရှီးမြို့နယ် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် နေထိုင်ကြပါကြောင်း၊ ဟုမ္မလင်း မြို့နယ်မှ ခန္တီးမြို့နယ်သို့ ဆက်သွယ်ထားသည့် မဟာဗျူဟာ လမ်းမကြီးသည်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်အတွက် ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ထမံသီ မြစ်ကူးတံတား ဆောက်လုပ်ပေးမည် ဆိုပါက လေရှီးမြို့နယ်မှ ပြည်မကို နာရီပိုင်းအတွင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် လေရှီးမြို့နယ်တွင် လမ်းကြောင်းတစ်ခု လျာထားချက် ရှိသည့်အတွက် သမ္မတဦးထင်ကျော် ၂၀၁၇ ခုနှစ် နာဂနှစ်သစ်ကူးပွဲ ခရီးစဉ်တွင် ၎င်းတံတားကို တည်ဆောက်ပေးရန် တောင်းဆိုသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်က ထမံသီမြစ်ကူးတံတားကို ဆောက်လုပ်ပေးမည်ဟု ပြောခဲ့ပါကြောင်း၊ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၁၇ ခုနှစ် ထမံသီခရီးစဉ်တွင်လည်း ၎င်းတံတားကို ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ဟု တွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘတ်ဂျက်လျာထားချက်တွင် သန်း ၂၀၀ အဆိုပြုထားသော်လည်း ဝန်ကြီးဌာနအနေဖြင့် ထောက်ခံခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားခြင်း မရှိသည့်အတွက် အဆိုပါတံတားကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ထမံသီ-လေရှီး-အိန္ဒိယနယ်စပ်လမ်းနှင့် ပင်းမရွာသို့ ဆက်သွယ်ထားသော သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်တွင် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ရှိပါကြောင်း၊ အဆိုပါတံတားနှင့် အဓိက အသုံးပြုရမည့် ဆက်စပ်လမ်းသည် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းဖြစ်သည့်အတွက် တံတားတည်ဆောက်ရန် ရေရှည်စီမံချက် Master Plan တွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊
ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ပေးမည်ဆိုပါက လေရှီးမြို့အတွက် အလွန် အရေးပါသည့် တံတားတစ်စင်း ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ၎င်းတံတား တည်ဆောက်ပေးနိုင်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းထားချက်များ ရှိပါကြောင်း၊ ချင်းတွင်းတံတား (ထမံသီ) ကို အဓိက တည်ဆောက်ရန်အတွက် ခန့်မှန်းအရှည်မှာ ချင်းတွင်းမြစ်၏ အကျယ်သည် မိုင်ဝက်ခန့်ရှိပြီး မိုးရာသီတွင် ချင်းတွင်းမြစ်ရေသည် ရေစီးအလွန် သန်သည့်အတွက် တံတားတည်ဆောက်ချိန်တွင် အင်အားကောင်းသည့် စက်ယန္တရားများနှင့် တည်ဆောက်ရေး ပစ္စည်းများကို အသုံးပြုတည်ဆောက်ရမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်အကောင်အထည် ဖော်ရန်အတွက် ရန်ပုံငွေ ကန့်သတ်ချက်များ ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေများခွဲဝေရရှိပါက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် အင်အားအကောင်းဆုံး စက်ယန္တရားများ ပေးပို့တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
