ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)ကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတား(တာဆန်း) သည် မူလကြိုးတံတားဖြစ်ခြင်း၊ ခံနိုင်ဝန်ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် တန်(၇၀) ခံခိုင်ဝန်ရှိသည့် အဆင့်မြင့်သံကူကွန်ကရစ်တံတားတစ်စင်း ထပ်မံတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကို ဆက်သွယ် ဖောက်လုပ်ထားသော တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ကားလမ်းသည် ပြည်ထောင်စုလမ်းမကြီးအဖြစ် ဖောက်လုပ်ထားပြီး First Corridor အဖြစ် သံလွင်မြစ်ကူးတံတား တာကော်တံတားအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကို ဆက်သွယ်ပေးထားသည် အကာ အဝေးအားဖြင့် လမ်းအရှည်မိုင် ၃၇၅ မိုင်တည်ရှိပါကြောင်း၊ Second Corridor အဖြစ် တောင်ကြီး-လင်းခေး-မိုင်းပန်-မိုင်းတုံ-တာချီလိတ် ကားလမ်းအား ဖောက်လုပ်ထားရှိပြီး သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတားအဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကို ဆက်သွယ် ထားပြီး အကွာအဝေးလမ်းအရှည် ၃၂၃ မိုင် အဖြစ် တည်ရှိပါကြောင်း၊ ယခု Second Corridor အဖြစ် တောင်ကြီး-လင်းခေး-မိုင်းပန်-မိုင်းတုံ-တာချီလိတ် ကားလမ်းသည် ကျိုးတုံ-တာချီလိတ် ကားလမ်းထက် ၅၂ မိုင် လမ်းအကွာအဝေး လျော့နည်းသည့်အပြင် ခရီးသွားလာချိန် လျှော့ချနိုင်ပြီး တောင်ကြီးမြို့မှ တာချီလိတ်ကို နေ့ချင်းရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ တင်ပြပါ သံလွင်မြစ်ကူးတံတား (တာဆန်း) သည် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့အကြား ဆက်သွယ်တည်ဆောက်ထားပြီး ပေ ၉၀၀ အရှည် တစ်လမ်းသွား ဘေလီကြိုးဆိုင်း တံတားတစ်စင်းဖြစ်ပြီး တောင်ကြီးမြို့မှ ၁၈၉ မိုင် အကွာတွင် တည်ရှိပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၁-၁၀-၂၀၁၇ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက်ကြောင့် တာဆန်းတံတားမိုင်းတုန်ဘက်ကမ်း ကြိုးထိန်းခုံအောက် မြေထိန်းနံရံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြရပါကြောင်း၊ ထိုင်းနိုင်ငံမယ်ဆိုင်သို့ တာချီလိတ်မှတစ်ဆင့် တရားဝင်နယ်စပ် ထွက်ပေါက်အဖြစ် ကုန်သွယ်မှု၊ ခရီးသွားလာမှုများများစွာ အသုံးပြုလျက်ရှိရာ အထက်တင်ပြပါ Second Corridor ကို အသုံးပြု၍ မိမိတို့မိုင်းပန်မှ သံလွင်မြစ်ကူး တံတား (တာဆန်း) ကို ဖြတ်၍ သွားရောက်ရမည်ဆိုပါက ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ပြီး ကုန်ပစ္စည်းများ တင်ပို့ရာတွင်လည်း အဆင်ပြေလွယ်ကူစွာ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည် ဖြစ်ပါကြောင်း၊
ယခင်ကလည်း မိမိတို့တောင်ကြီး-မိုင်းပန်-မိုင်းတုန်-ပုံပါကျင် BB1 နယ်စပ်ထွက်ပေါက် မြေပုံတွင် တင်ပြသည့်အတိုင်း ကုန်ပစ္စည်းရောင်းဝယ် ဖောက်ကားမှုများကို လူများဆက်သွယ်သွားလာမှုများ ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ယခင်ကောင်းမွန်ပြီး တရားဝင်နယ်စပ်လမ်းအဖြစ် ဆက်သွယ်သွားလာ နိုင်မည်ဆိုပါက တောင်ကြီးှမှထိုင်းနိုင်ငံနယ်စပ် ထွက်ပေါက်အဖြစ် အတိုဆုံးလမ်းခရီးတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နယ်စပ်ပုံပါကျင်ဒေသတွင်လည်း ကုန်လှောင်ရုံများ ဆောက်လုပ်ထားရှိပြီး တစ်ဖက်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရောင်းဝယ်မှုများ ရှိနေဆဲဖြစ်ပါကြောင်း၊ အဓိကအားဖြင့် မိမိတို့ မြို့နယ်မှ ဒေသထွက်ကြက်သွန်ဖြူသီးနှံနှင့် အခြားကုန်ပစ္စည်းများ နယ်စပ်ကို နေ့စဉ်ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး ကုန်စည်ပို့ဆောင်ရာတွင်လည်း ယခုလက်ရှိ သံမဏိကြိုးတံတားကြီးသည် ခံနိုင်ဝန် ၁၇ တန်သာ ကန့်သတ်ထားရှိပြီး ကုန်ပစ္စည်းများကို ယာဉ်ငယ်နှင့်အတင်အချ လုပ်ဆောင်၍ နှစ်ဆင့်သယ်ယူ ရသည့်အတွက်ကြောင့် များစွာအချိန်နှောင့်နှေး ကြန့်ကြာလျက်ရှိပါကြောင်း၊ ယခုတင်ပြပါလမ်းနှင့် တာဆန်းတံတားသည် မဟာဗျူဟာအရ အရေးပါသော တံတားတစ်စင်းဖြစ်ပြီး မိမိနိုင်ငံထွက်ပေါက် နယ်စပ်ဒေသ အခြေအနေအရ အဆင့်မြှင့်တင်၍ တန် ၇၀ ခံနိုင်ဝန်ရှိသည့် သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ထားပါက ဘက်စုံအသုံးပြုနိုင်မည့် အဓိကကျသည့် လမ်းတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်းလိုသည်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) ကို ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတား (တာဆန်း) သည် မူလကြိုးတံတားဖြစ်ခြင်း၊ ဖြတ်သန်းနိုင်သည့် ခံနိုင်ဝန်ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် တန် (၇၀) ခံခိုင်ဝန်ရှိသည့် အဆင့်မြင့်သံကူကွန်ကရစ် တံတားကြီးတစ်စင်းအဖြစ် ထပ်မံတည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိကို ဒေသခံပြည်သူများကိုယ်စား မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်နှင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တို့ကို ပိုင်းခြားထားသော သံလွင်မြစ်အား ဆက်သွယ်တည်ဆောက်ထားသော တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း) သည် အရှည် ၉၀၀ ပေ၊ နှစ်လွှာတစ်ထပ် ဘေလီ ကြိုးဆိုင်းတံတား (Suspension Bridge) ဖြစ်ပါကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေ တစ်လမ်းသွား ဖြစ်ပြီး အဆိုပါ တံတားကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပါကြောင်း၊
မြောင်းမြကြိုးတံတား ပြိုကျမှုဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်းတွင် ၎င်းတံတားနှင့်အတူ အခြားတည်ဆောက် ပြီးစီးခဲ့သည့် ကြိုးတံတားများ၏ လက်ရှိကြံ့ခိုင်မှု အခြေအနေများနှင့် ခံနိုင်ဝန်အဆင့်အတန်းများ သတ်မှတ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Highway Construction Association (CHCA) နှင့် ပူးပေါင်း၍ ခေတ်မီနည်းစနစ် ကိရိယာတို့ဖြင့် တိုင်းတာစစ်ဆေးခဲ့ရာ သံလွင်မြစ်ကူးတံတား (တာဆန်း) ၏ ကြံ့ခိုင်မှုခံနိုင်ဝန်သည် အဆင့် (၄) ရှိသည့်အတွက် ခံနိုင်ဝန်ကို ၁၆ တန်အထိ လျှော့ချ ခဲ့ရပါကြောင်း၊ ပြည်သူများလမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း) ကို ၇၅ တန် ခံနိုင်ဝန်ရှိသော Steel Truss သံဘောင်တံတား အမျိုးအစားဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် ၂၀၁၉-၂၀ တွင်လည်း ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေအပြည့်အဝ ရရှိမည်ဆိုပါက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
