ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀. ၁၁. ၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်   ( ၄၃၄ )ဦးအနက် (၃၈၀)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာဦးမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ်က မေးမြန်းသော ညောင်လေးပင် မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်တွင် မြောက်မှတောင်သို့ စီးဆင်းနေသော စစ်တောင်းမြစ်တွင် ပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက်စားမှု အတွက် မည်သို့စီစဉ်ဆောင်ရွက်ထားရှိခြင်းနှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းပြုပြင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက စစ်တောင်းမြစ်ကြောင်း တစ်လျှောက် ထိန်းသိမ်းပြုပြင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ ရေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သောင်များနှင့်မြစ်ကမ်းများ ရေတိုက်စား မှုမှ ကာကွယ်ရန် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးဉာဏ်လင်း၊ ရွှေပြည်သာမဲဆန္ဒနယ်က မေးမြန်းသော ရွှေပြည်သာမြို့နယ်ရှိ လှော်ကား-ဝါးတရာလမ်းမကြီး၏ လှော်ကားအောက်လမ်းဆုံမှ ဝါးတရာမြစ်ကမ်း အထိ လမ်းအပိုင်း (၁၃၄၅) ပေခန့်သည် ကားများပြေးဆွဲမရနိုင်လောက်အောင် ဆိုးရွားစွာ ပျက်စီးနေသဖြင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အတွင်း အမြန်ဆုံးပြုပြင်၍ YBS ခရီးသည်တင် Bus ကားများကို ဝါးတရာမှစတင်၍ ပြေးဆွဲပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များတွင် အသီးသီး ပြုပြင်ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေ လျာထားပေးသွား မည်ဖြစ်ပြီး YBS ခရီးသည်တင်ဘတ်စ်ကားများ ပြေးဆွဲရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့၏ အစီအစဉ် ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။      

(၃)    ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က မေးမြန်းသော ငမိုးရိပ်ချောင်း ဖြတ်ကူးတံတား ကမာကြည်ဝဲယာရှိ ကျောက်၊ သဲဒိုင်ကြီးများအား အပြီးတိုင်ပိတ် သိမ်းခြင်း သို့မဟုတ် နေရာပြောင်းရွေ့ခြင်းပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လုပ်ငန်းရှင်များမှ လုပ်ငန်းပိတ်သိမ်း ဖယ်ရှားပြီး ဖြစ်ပါသဖြင့် ထပ်မံစုပုံခြင်း မပြုစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။        

(၄)    ဦးမြင့်ကြည်၊ ကသာမဲဆန္ဒနယ်က မေးမြန်းသော ကသာမြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ရဲနီဗျားချောင်း အောက်ခြေကြမ်းပြင် မြင့်တက်လာသောကြောင့် မြစ်ထဲသို့ ရေစီးမထွက်နိုင်တော့သဖြင့် ထိုချောင်းဖြတ်သန်းစီးဆင်းသော ဘွက်၊ ကူကာ၊ ဝက်တူးကျေးရွာအုပ်စုတို့အပိုင် နယ်မြေတခွင်မှ ဧက ၂၅၀၀ ခန့် လယ်ယာ မြေကွင်းကြီးမှာ ကွင်းရေမထွက်နိုင်တော့ဘဲ စိုက်မြေများ ပြန်မပေါ်တော့ရာ တောင်သူလယ်သမား အများအပြား လယ်ယာမြေလုပ်ငန်းခွင် ပျောက်ကွယ် သွားပါ၍ ရဲနီဗျားချောင်းကြမ်းပြင်ကို ယန္တရားအင်အားဖြင့် သင့်လျော်သလို ပြန်လည်တူးဖော်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေစာရင်းသို့ တင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံရှိ လူမှုကူညီရေး အသင်းအဖွဲ့များ အမှန်တကယ် အသုံးပြုနေသည့် မော်တော်ယာဉ်များ တရားဝင် အသုံးပြုခွင့်ရရှိရေးအတွက် ဖြေလျှော့ဆောင်ရွက် ပေးနိုင်မည့် အစီအစဉ်များကို သိလိုခြင်းနှင့် နိဗ္ဗာန်ယာဉ်(HSE) ကဲ့သို့သော လိုင်စင်ခွင့်ပြုပေး နိုင်ရေးအတွက် မည်သည့်ကန့်သတ်ချက်များ သတ်မှတ်ထားသည်ကို သိလိုခြင်း  မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အခြားသက်ဆိုင်သော ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်း စီမံချက်ရေးဆွဲလျက် ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန် အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်မျိုးဖြစ်ပါကြောင်းနှင့် လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးရန် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှုပြဿနာနှင့် ကားပါကင်အခက်အခဲကို ဖြေရှင်းရန်မည်သို့ စီမံဆောင်ရွက် ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ကိုဖွဲ့စည်း၍ ယာဉ်ကြောကြပ်တည်းမှုနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လမ်းမကြီးများတွင် လမ်းနယ်နိမိတ်တိုးချဲ့၍ ယာဉ်ရပ်နားနေရာများ တည်ဆောက် ပေးလျက်ရှိပြီး မြို့တွင်းနှင့် မြို့နယ်များ၌ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ ကားပါကင်လုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

(၇)    ဒေါက်တာဦးစိုင်းမောက်ခမ်း၊ လားရှိုးမဲဆန္ဒနယ်က မေးမြန်းသော လားရှိုးမြို့ မြို့တွင်းမီးပွိုင့် တပ်ဆင်မှု၏ ဆက်စပ်မေးခွန်း ဖြေကြားချက်နှင့် ပက်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက သတိပေးမှိတ်တုတ် မီးဝါများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လအတွင်း တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    အဆို (၁) ခု တင်သွင်းခြင်း

ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က တစ်နေ့တခြား များပြားလာသည့် ယာဉ်တိုက်ခိုက်မှု များကြောင့် နိုင်ငံတော်အား အကျိုးပြုမည့် လူသားအရင်းအမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့် အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC) ဖွဲ့စည်းပြီး ဆောင်ရွက်နေသော်လည်း ပြည်သူများလိုက်နာ ကျင့်သုံးဆောင်ရွက်မှု ရလာဒ် ကောင်းများရရှိမှု အားနည်းသည့် အပေါ် လက်တွေ့ကျသည့် လုပ်ဆောင်ချက်၊ လိုအပ်ချက်များ ဖြည့်ဆည်းကာ ပိုမိုအရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းပြီး ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များက ၃-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(ဂ)    အစီရင်ခံစာတင်သွင်းခြင်း

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၃-၁၂-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

(ဃ)   ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ စာရင်း ကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်  အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပမည့်ရက်ကို ၄.၁၂.၂၀၁၈ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။