(ဆ)-လားရှိုးမြို့ မြို့တွင်းမီးပွိုင့်တပ်ဆင်မှု၏ ဆက်စပ်မေးခွန်းဖြေကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀. ၁၁. ၂၀၁၈)

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မိမိတို့လားရှိုးမြို့တွင်း လမ်းဆုံလမ်းခွ ငါးနေရာတွင် မီးပွိုင့်များတပ်ဆင်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါသည်။ ၎င်းမေးခွန်းကို ယခင်ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်အစိုးရ၏ကိုယ်စား လာရောက်ဖြေကြားရာ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှ တပ်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။ ထို့ကြောင့် ယာဉ်အသွားအလာ ရှုပ်ထွေးသည့် မြို့တော်ခန်းမအဝိုင်း လမ်းဆုံတွင် ယာဉ်မတော်တဆဖြစ်မှု အန္တရာယ်ကာကွယ်နိုင်အောင် မည်သို့သောအစီအမံများဖြင့် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းခဲ့ပါကြောင်း၊ ဆက်စပ်မေးခွန်းအတွက် ရှမ်းပြည်နယ်အစိုးရမှ ကွင်းဆင်းစစ်ဆေးချက်အရ ထွက်ပေါ်လာသည့် အစီအမံသုံးမျိုးအနက်က အသင့်တော်ဆုံး အစီအမံတစ်မျိုးမျိုးဖြင့် ဆောင်ရွက်သွားရန် လျာထားပါကြောင်း ရုံးစာဖြင့် ပြန်ကြားထားပါသည်။

ယာဉ်အသွားအလာ ရှုပ်ထွေးသည့် မြို့တော်ခန်းမအဝိုင်း လမ်းဆုံတွင် မြို့တော်ခန်းမဘက်က စက်သုံးဆီဆိုင်၊ ဆက်သွယ်ရေးရုံး အဝိုင်းငယ်လေးရှိပါကြောင်း၊ စက်သုံးဆီဆိုင်၊ မြို့တော်ခန်းမ၊ ဆက်သွယ်ရေးရုံးတို့သည် မီးပွိုင့်မရှိသည့်အတွက် ၎င်းအဝိုင်းကိုပတ်လာသည့် မော်တော်ယာဉ်များသည် စက်သုံးဆီဆိုင်ထဲဝင်သွားသည့်အတွက် ယာဉ်အန္တရာယ်ဖြစ်နိုင်ခြေ ပိုများသော အခြေအနေ ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရလျာထားသည့် အစီအမံသုံးမျိုးထဲက ပထမအစီအမံ အနေဖြင့် လက်ရှိ ပေ ၄၀ အဝိုင်း၊ ပေ ၄၀ အကြီးရှိသည့် အဝိုင်းကို ပေ ၆၀ အဝိုင်းအဖြစ် ပြုပြင်ပြီး ယာဉ်ကြောကို ထိန်းမည့် အစီအစဉ်ဖြစ်သော်လည်း ကောင်းကျိုးထက် ဆိုးကျိုးသာများနိုင်ကြောင်း စိစစ်ရေးအဖွဲ့ကသုံးသပ် တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဒုတိယအစီအမံအရ လက်ရှိအဝိုင်းကို နေရာအနည်းငယ်ရွှေ့ပြီး ဆောင်ရွက်သွားမည့် နည်းလမ်းဖြစ်ပါကြောင်း၊ ၎င်းနည်းလမ်းသည်လည်း ထူးခြားမှုမရှိနိုင်ကြောင်း သုံးသပ် တင်ပြထားပါသည်။ တတိယအစီအမံဖြစ်သည့် လက်ရှိအဝိုင်းကို လေးခွဆုံလမ်းအဖြစ် ပြောင်းပြီး မီးပွိုင့်တပ်ဆင်သည့် စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း သပ်တင်ပြထားသော်လည်း အဝိုင်းပေါ်တွင် တင်ထားသည့် ရုပ်ထုဖယ်ရှားရေးအတွက် လားရှိုးပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီးမှသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြေကြားခဲ့ပါကြာင်း၊ ယခုလို ဖြေကြားထားခဲ့သည်မှာလည်း ယခုဆိုလျှင် တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည့်အတွက် လားရှိုးပြည်သူများ၏ ကိုယ်စား မေးမြန်းလိုသည်မှာ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအမံကို မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ လားရှိုးမြို့၊ မြို့တော်ခန်းမအဝိုင်းပတ် လမ်းဆုံ (ရပ်ကွက်-၂) နေရာတွင် မီးပွိုင့်တပ်ဆင်၍မရသော်လည်း အဝိုင်းပတ်နှင့် စည်းလုံးညီညွတ်ခြင်း ရုပ်ထုကိုဖျက်သိမ်း ဖယ်ရှားမှသာ အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ (ရပ်ကွက်-၅) တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော်လည်း ယာဉ်မောင်းနှင်သွားလာသူများ သတိပြု၍ အရှိန်လျှော့သွားလာ စေရေးအတွက် သတိပေးမှိတ်တုတ်မီးဝါနှစ်ခုကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း တပ်ဆင်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ သိန္နီလမ်းနှင့်ကွတ်ခိုင်လမ်း ရေပန်း လမ်းဆုံ၊ ရပ်ကွက်-၂ နေရာသည် ကုန်းအဆင်း/အတက်၊ အကွေ့နေရာဖြစ်သောကြောင့် မီးပွိုင့်တပ်ဆင်၍ မရပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် သိန္နီလမ်းထောင့်ရှိ မြင်ကွင်းကျယ်နေသော ထရမ်စဖော်မာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနှင့်ညှိနှိုင်းပြီး နေရာရွှေ့ပြောင်းရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သိန္နီလမ်းနှင့်ဟတ်ကာလမ်းဆုံ ရပ်ကွက်-၁၂ တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော်လည်း ယာဉ်မောင်းနှင်သွားလာသူများ သတိပြု၍အရှိန်လျှော့ သွားလာစေရေးအတွက် သတိပေးမှိတ်တုတ်မီးဝါနှစ်ခုကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း တပ်ဆင်ပေးရန် စီစဉ်ထားရှိပါသည်။ သိန္နီလမ်းနှင့် ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက်-၈-၁၂/ပမန်ဆူအနီး) တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော်လည်း ယာဉ်မောင်းနှင် သွားလာသူများသတိပြု၍ အရှိန်လျှော့သွားလာစေရေးအတွက် သတိပေးမှိတ်တုတ်မီးဝါတစ်ခု၊ ရပ်/ကြည့်/သွား ဆိုင်းဘုတ်တစ်ခုကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။