ရန်ကုန်မြို့တွင် နေ့စဉ်ရင်ဆိုင်နေရသော ပြဿနာတစ်ခုမှာ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ဖြစ်ပါကြောင်း၊ တစ်ရက်ကို မြို့တွင်းခရီးသွား ၂.၇ သန်းလောက်ရှိပြီး လမ်းပေါ်တွင် လူတစ်သိန်းခန့် တစ်နာရီပိတ်မိနေလျှင် ယခု ၂၀၁၈ ခုနှစ် အနိမ့်ဆုံးလုပ်အားခ တစ်နာရီ ၆၀၀ ဖြင့်တွက်လျှင် သိန်းပေါင်း ၆၀၀ ခန့် ဆုံးရှုံးပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်တွင် နိုင်ငံသူနိုင်ငံသားများ၏ အဖိုးတန်အချိန်နှင့် လုပ်အားများ နေ့စဉ် ဘီလီယံနှင့်ချီပြီး ဆုံးရှုံးနေပါကြောင်း၊ ကုန်စည်သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရေး စရိတ်မှာလည်း ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုကြီးမြင့်နေရပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု အကြောင်းအရင်းများမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အားနည်းခြင်း၊ ယာဉ်စီမံခန့်ခွဲမှုအားနည်းခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိခြင်း၊ ယာဉ်ရပ်နားမှုဆိုင်ရာမူဝါဒအားနည်းခြင်း၊ လမ်းမြေပေါ်ကျူးကျော်ထားသည့် စီးပွားဖြစ်အမိုးအဖီများကြောင့် လမ်းကျဉ်းနေခြင်း၊ လမ်းဘေးဈေးသည်များကြောင့် လမ်းပိတ်ဆို့နေခြင်း တို့ကြောင့်ဖြစ်ပါကြောင်း၊ ယာဉ်မရပ်ရသည့်နေရာများတွင် ယာဉ်များရပ်တန့်ထားခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ နှစ်လမ်းမောင်းတွင် ကားရပ်ထားခြင်း၊ YBS ယာဉ်များ မှတ်တိုင်မှာမရပ်ဘဲ လမ်းပေါ်မှာစည်းမဲ့ကမ်းမဲ့ အတင်အချပြုလုပ်ခြင်း၊ နောက် ယာဉ်ရပ်နားရာ ကားပါကင်မရှိခြင်း၊ လမ်းများမကောင်းခြင်း စသည့် ပြဿနာများအား ဖြေရှင်းရမှာဖြစ်ပါကြောင်း၊ JICA ၏ လေ့လာမှုအရ ယာဉ်ကြောပိတ်ဆို့ရခြင်း အဓိကပြဿနာမှာ ယာဉ်ရပ်နားရန် နေရာမရှိခြင်း၊ ကားပါကင်မရှိခြင်းတို့ ဖြစ်ပါကြောင်း၊
ကျူးကျော်အမိုးအဖီများကြောင့် ယာဉ်ရပ်နားရန်နေရာ ပျောက်သွားပြီး လမ်းပေါ်တွင် ယာဉ်များရပ်ကြ၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရပါကြောင်း၊ လူသွားလမ်း ပလက်ဖောင်းပေါ်တွင် ဈေးရောင်းခြင်းကြောင့်လည်း လမ်းပိတ်ဆို့ခြင်းဖြစ်ပါကြောင်း၊ ကားလမ်းမပေါ်တွင် ဈေးတက်ရောင်းခြင်း၊ ယာဉ်များ စည်းကမ်းမဲ့ရပ်ခြင်း၊ လမ်းမကြီးများ ဆိုးရွားခြင်း စသည့် ပြဿနာများကို ဖြေရှင်းရန် ရန်ကုန်မြို့၏ မြေအောက်မြို့တော်ကြီးများ၊ မိုးပျံ လမ်းမကြီးများကို ခဏထားပြီး လက်ရှိကြုံတွေ့နေရသော ဖြေရှင်းဆောင်ရွက်လို့ရသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့် ကားပါကင်အခက်အခဲကို ဖြေရှင်းရန် မည်သို့စီမံထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့သည် တိုးတက်များပြားလာသည့် လူဦးရေနှင့်ယာဉ်အစီးရေကြောင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ ကြုံတွေ့ရလျက်ရှိကြောင်း၊ ၂၀၁၀ ခုနှစ်မတိုင်မီက ယာဉ်စီးရေ ၁.၆ သိန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ပြောင်းလဲဖြေလျှော့ပေးခဲ့ချိန်မှစပြီး ယာဉ်စီးရေ တိုးပွားလာခဲ့ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ လူစီးမော်တော်ယာဉ်အစီးရေ ၁၀ သိန်းခြောက်သောင်းကျော်အထိ တိုးတက်လာခဲ့ပြီး ၎င်းအနက် ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားပြီးသွားလာ အသုံးပြုနေသော လူစီးမော်တော်ယာဉ် ၅ သိန်း ၃ သောင်းကျော်ရှိနေပါကြောင်း၊
ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရသည့် အကြောင်းရင်းများမှာ တိုးတက်များပြားလာသည့် မော်တော်ယာဉ်အစီးရေနှင့် လမ်း၏ယာဉ်အစီးရေဝင်ဆံ့မှု အချိုးမျှတမှုမရှိခြင်း၊ လမ်းမျက်နှာပြင်များ ပျက်စီးခြင်း၊ မိုးတွင်းကာလမှာ လမ်းများပေါ်တွင် ရေကြီးရေလျှံမှုတို့ကြောင့် ယာဉ်များဖြေးနှေးစွာ မောင်းနှင်ရ၍ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းများပေါ်တွင် ယာဉ်များစည်းကမ်းမဲ့ရပ်နားခြင်း၊ မောင်းနှင်ခြင်း၊ လမ်းဘေးနှင့်လမ်းပေါ်တွင် စည်းကမ်းမဲ့ဈေးသည်များ ဈေးရောင်းခြင်း၊ လမ်းများတွင် တပ်ဆင်ထားသော မီးပွိုင့်စနစ်များသည် တိုးတက်သည့်ယာဉ်အစီးရေနှင့် လိုက်လျောညီသည့် ခေတ်မီစနစ်မရှိခြင်း၊ ခရီးသည်တင်ဘတ်စ်ကားများ စနစ်တကျမောင်းနှင်မှုမရှိခြင်း၊ စနစ်တကျမရပ်နားခြင်း၊ လမ်းများတွင် ကုန်တင်ယာဉ်နှင့် ကားလေးများရောထွေး အသုံးပြုနေခြင်း၊ လမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်ကား၊ လက်တွန်းလှည်းများနှင့် လမ်းဖြတ်ကူးသူများ စနစ်တကျသွားလာမှု မရှိခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ပြည့်စုံကောင်းမွန်မှုမရှိခြင်းတို့ ဖြစ်ပါကြောင်း၊
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (Yangon Road Transport Authority-YRTA) အဖွဲ့ကို ဖွဲ့စည်း၍ ယာဉ်ကြောကြပ်တည်းမှုနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးများကို လမ်းမျက်နှာပြင်ကောင်းမွန်စေရေး၊ လမ်းသားတင်ခြင်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများပေါ်တွင် ရေကြီးရေလျှံမှု လျော့နည်းပပျောက်စေရန် ရေစီးရေလာစနစ်များ စနစ်တကျပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်း မော်တော်ယာဉ် တင်သွင်းမှုစနစ်ကျရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပေါ်ရှိ စည်းကမ်းမဲ့ယာဉ်များရပ်နားခြင်း၊ မောင်းနှင်ခြင်းနှင့် လမ်းပေါ်လမ်းဘေးဈေးသည်များကို ပိုမိုထိရောက်စွာ ကြပ်မတ်အရေးယူနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအသစ်ကို ၂၈-၆-၂၀၁၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး ၁-၁၀-၂၀၁၈ ရက်နေ့တွင် စတင်အာဏာ သက်ဝင်ကျင့်သုံးလျက်ရှိပါသဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မီးပွိုင့်စနစ် ခေတ်မီတိုးတက်ရေးအတွက် ယခုအခါ ခေတ်မီဗဟိုထိန်းချုပ်စနစ် ပါဝင်တဲ့ မီးပွိုင့် ၁၅၄ ပွိုင့်ကို တင်ဒါအောင်မြင်သည့် တရုတ်နိုင်ငံ CRCC (China Railway Construction Corporation Ltd) ကုမ္ပဏီနှင့်ဆောင်ရွက်ခဲ့ရာ စမ်းသပ်လည်ပတ်ခြင်းအဆင့် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ခရီးသည်တင်ယာဉ်များ စနစ်တကျရှိစေရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ YBS စနစ်သစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် YBS လိုင်းပေါင်း ၁၀၀ ဖြင့် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊
ထို့အပြင် ကုန်တင်ယာဉ်ကြီးများ စနစ်တကျသွားလာစေရန် အချိန်နှင့်လမ်းကြောင်းစနစ်ကို သတ်မှတ်ပေးခြင်း၊ စက်ဘီး၊ ဆိုက်ကားနှင့် လက်တွန်းလှည်းများသွားလာနိုင်သည့် လမ်းကြောင်း သတ်မှတ်ပေးခြင်းနှင့် လမ်းသွားလမ်းလာများအတွက် လူသွားလမ်းများရှင်းပေးခြင်း၊ သတ်မှတ်ပေးခြင်း၊ လမ်းဖြတ်ကူးသူများ အန္တရာယ်ကင်းစွာ လမ်းကူးနိုင်ရေးအတွက် လူကူးခုံကျော်တံတားများ တည်ဆောက်ပေးခြင်းနှင့် စနစ်တကျအသုံးပြုစေရန် စည်းကမ်းကြပ်မတ်အရေးယူခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့တို့ ပူးပေါင်း၍ ယာဉ်လမ်းကြောစီမံခန့်ခွဲခြင်း၊ ဘတ်စ်ကားနှင့် ရထားပို့ဆောင်ရေးကွန်ယက်များ ချိတ်ဆက်မှုအားကောင်းလာစေရေး ဆောင်ရွက်ခြင်းနှင့် ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး တည်ဆောက်ရန် အကြံပေးအဖွဲ့အနေဖြင့် International Finance Cooperation(IFC) ကို ငှားရမ်း၍ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကားပါကင်အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် လမ်းမကြီးများတွင် လမ်းနယ်နိမိတ်တိုးချဲ့၍ ယာဉ်ရပ်နားနေရာများ တည်ဆောက်ပေးလျက်ရှိပြီး မြို့တွင်းမြို့နယ်များ၌ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ Smart ကားပါကင်လုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း အဆောက်အဦ အသုံးပြုမှုအလိုက် ကားပါကင်များ စနစ်တကျလုံလောက်စွာ ထည့်သွင်းတည်ဆောက်ရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်း တိုးတက်များပြားလာသည့် လူဦးရေနှင့် လိုက်လျောညီမည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ ပေါ်ပေါက်လာစေရန် ရေရှည်စီမံချက်ချ၍ လုပ်ဆောင်ပေးခြင်းဖြင့် အများပြည်သူသုံးစနစ်တိုးတက် ကောင်းမွန်လာသဖြင့် ကိုယ်ပိုင်ကားအသုံးပြုမှု လျော့ပါးစေခြင်းတို့ဖြင့်လည်းကောင်း ယာဉ်ကြော ကြပ်တည်းမှုပြဿနာနှင့် ကားပါကင်ပြဿနာများ ဖြေရှင်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
