(စ)-ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့အလွဲသုံးစား မပြုလုပ်နိုင်ရန် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၇. ၁၁. ၂၀၁၈)

 

ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ် ကာကွယ်ပေးပြီး ဒေသခံပြည်သူစားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ကျောက်တန်းမြို့တွင် သောင်ထွန်းမြေများ ဖြစ်ပေါ်နေသည့် ကျေးရွာ ၁၀ ရွာသည် ဧက ၂၀၀၀၀ ကျော် ရှိပါကြောင်း၊ ၎င်းကို လွန်ခဲ့သည့် တစ်နှစ်ကျော်က တိုင်းထွာခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ် ဧကထောင်ချီ သောင်ထွန်းသည့်အတွက်ကြောင့် ၎င်းမြေသည် အပြောင်းအလဲရှိနိုင်ပါကြောင်း၊ ထိုမြေများကို စနစ်တကျစီမံခန့်ခွဲရန် လိုနေသည့်အတွက်ကြောင့် ၈-၃-၂၀၁၇ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မုတ္တမပင်လယ်ကွေ့အနီးရှိ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တွင် သဘာဝအလျောက် ထွက်ပေါ်လာသော သောင်ထွန်းမြေများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး မေးခွန်းမေးခဲ့ပါကြောင်း၊ အဆိုပါ သောင်ထွန်းမြေများကို စနစ်တကျပြန်လည် တိုင်းတာပြီး ပွင့်လင်းမြင်သာစွာ ချပြပေးရန်အပေါ် လုပ်ကိုင်ခွင့်ပြုထားခြင်းသည် စနစ်တကျ ဥပဒေ စည်းမျဉ်း၊ စည်းကမ်းအတိုင်းပြုလုပ်ပေးရန်နှင့် ကြီးကြပ်ပေးရန်အတွက်ကို အနီးစပ်ဆုံးဒေသခံ တောင်သူများကို အသုံးချခွင့်ပေးရန်ဆိုပြီး မေးခဲ့ခြင်းကို ပြည်ထောင်စုဒုတိယဝန်ကြီးမှ အဆိုပါကိစ္စများအားလုံးကို လုပ်ကိုင်ပေးမည်ဆိုသည့် ကတိကဝတ်ဖြင့် ဖြေကြားထားပါကြောင်း၊ သို့သော် ၂-၈-၂၀၁၈ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး လက်မှတ်ထိုးထားပြီး ၂၇-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၁၇ အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပုဂ္ဂလိက၊ ကုမ္ပဏီများလျှောက်ထား ဆောင်ရွက်မှုကို လက်ခံဆောင်ရွက်ခြင်း ခွင့်မပြုရန် အကြောင်းကြားခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများ လျှောက်ထားခွင့် ရှိကြောင်းနှင့် စိစစ်ပြီးခွင့်ပြုမည်ဟု ဖြေကြားပြီး ၅ လခန့်အကြာမှ လွှတ်တော် ကတိကဝတ်နှင့်ဆန့်ကျင်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းကြောင့် မိမိတို့ ဒေသခံပြည်သူများသည် ဥပဒေကပေးထားသည့် အခွင့်အရေးပါ ဆုံးရှုံးခဲ့ရပါကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် လာရောက်လုပ်ကိုင်နေကြပါကြောင်း၊ အဆိုပါလုပ်ကိုင် နေကြသော မုတ္တမရွှေကမ်းသာ ကုမ္ပဏီသည် စိုက်ပျိုးရေးအတွက်ဆိုပြီး ၁၆-၁၂-၂၀၁၅ ရက်နေ့မှနေပြီး ဧက ၅၀၀ ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအရဆိုလျှင် ပထမတစ်နှစ်တွင် ၇၅ ဧက၊ ၂၀၁၆ ခုနှစ်ဖြစ်သည့် ဒုတိယနှစ်တွင် ၁၅၀ ဧက၊ တတိယနှစ် ၂၀၁၇ ခုနှစ်တွင် ၁၅၀ ဧကနှင့် စတုတ္ထနှစ်တွင် ၁၂၅ ဧက အသီးသီး အကောင်အထည်ဖော်ရမည် ဖြစ်သာ်လည်း ၂၄-၁၁-၂၀၁၈ ရက်နေ့ ရောက်မှသာ စက်ယန္တရားအများကြီးနှင့် လူအင်အား ၃၀ ကျော်ဖြင့် လုပ်ငန်းလာပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ပါကြောင်း၊

ဒေသခံပြည်သူတိုင်ကြားသည့် အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းနှင့် တာဝန်ရှိသူများ သွားရောက် တားမြစ်သည့်အခါ ဝန်ကြီးချုပ်ကိုယ်တိုင်တားမှရပ်မည်ဆိုပြီး ဆက်လက် ဆောင်ရွက်သည့် အတွက်ကြောင့် တရားစွဲခဲ့ပါကြောင်း၊ ပုဒ်မ ၁၈၈ ဖြင့် ဒဏ်ငွေ ၂၀၀၀၀ နှင့် တရားရုံးက အမိန့်ချမှတ် ထားပါကြောင်း၊ သို့သော် ၎င်းလုပ်ငန်းအကောင်အထည် ဖော်သည်မှာ ယခုကာလအတွင်း အားလုံးပြီးဆုံး သွားခဲ့ပါကြောင်း၊ သောင်ထွန်းမြေများတွင် ဌာနဆိုင်ရာအသီးသီးမှ ယူထားခဲ့ပါကြောင်း၊ အစိုးရအပြောင်းအလဲ မလုပ်ခင်တွင် ဧကများ ထောင်ချီပြီး ချထားပေးခဲ့ခြင်း ရှိပါကြောင်း၊ ချထားပေးသည့် မြန်မာ့ရွှေမြေသစ် ကုမ္ပဏီဆိုလျှင် ဧက ၂၃၀၀ ကို ရခဲ့ပါကြောင်း၊ ထိုနေရာသည် ရန်ကုန်တိုင်းဒေသကြီး YCDC ရန်ကုန်စည်ပင်သာယာရေးမှ လုပ်ပိုင်ခွင့် ရလာပါကြောင်း၊ ပြီးလျှင် သစ်တောမြေဆိုပြီး ဒီရေတောသတ်မှတ် ထားခြင်းရှိပါကြောင်း၊ ၎င်းဒီရေတော၏ အောက်တွင် မြန်မာ့ရွှေမြေသစ်ကို ဧက ၂၃၀၀ ပေးခဲ့ပါကြောင်း၊ ၎င်းနေရာသည် ယခုအချိန် ဒီရေတက်သည့်အချိန်တွင် ပင်လယ်ရေပြင်သာ ဖြစ်ပါကြောင်း၊ ဥပဒေအရ ပင်လယ်ရေကို စီမံခန့်ခွဲခွင့်မရှိပါကြောင်း၊ မြေလွတ်၊ မြေရိုင်းပေါ်မှသာ စိုက်ပျိုးလုပ်ကိုင် ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ အဆိုပါမြေသည် စပါးစိုက်ပျိုး၍ရသည့် အနေအထားလည်း မဟုတ်ပါကြောင်း၊ နောက်တစ်ခုက ဒီရေတောဆိုတာက ဒီရေနှင့်ထိစပ်နေသည့် နေရာများတွှု် ဒီရေတောကိုစိုက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့က သဘာဝဘေးအန္တရာယ် ကာကွယ်ရန်အတွက် အရေးတကြီးလိုအပ်ပါကြောင်း၊ ၎င်းကို မိမိတို့ကိုယ်တိုင်လည်း လုပ်အားပေးပြီး ဒေသခံများနှင့်ပူးပေါင်းပြီး စိုက်ပျိုးပေးနိုင်ပါကြောင်း၊ သို့သော်လည်း ဒီရေတောသည် အကျဉ်းဦးစီးဌာနက လုပ်ပိုင်ခွင့်ယူထားပါကြောင်း၊ ဒီရေတောဧရိယာဆိုပြီးမှ နောက်တွင် ရွှေချောင်းကြီး ကုမ္ပဏီဆိုပြီး ယခုကဲ့သို့ထပ်ပြီး ပေးထားခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရန် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအတွက်ကို စနစ်ကျသည့်စီမံခန့်ခွဲမှုများ အရေးတကြီး လိုအပ်သည့်အတွက်ကြောင့် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ် ကာကွယ်ပေးပြီး ဒေသခံပြည်သူစားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

မုတ္တမပင်လယ်ကွေ့အနီး သောင်ထွန်းမြေများ ဖြစ်ထွန်းလာသည့် သမိုင်းကြောင်းနှင့် ယင်းအပေါ် စီမံခန့်ခွဲ ဆောင်ရွက်လာခဲ့မှု အခြေအနေများကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းခြင်း မပြုမီကာလနှင့် ယင်းဥပဒေ ပြဋ္ဌာန်းပြီးကာလများအတွင်း လုပ်ပိုင်ခွင့်ပြုချထားခဲ့မှု အခြေအနေများကို တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် (ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကွမ်းခြံကုန်း) မြို့နယ်များသည် မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်လျက် ရှိသည့် မြို့နယ်များဖြစ်ကြပါကြောင်း၊ အဆိုပါမြို့နယ်များရှိ ကမ်းရိုးတန်းကျေးရွာများ၏ လယ်များသည် ယခင်က ရေကြီးနစ်မြုပ်လေ့ ရှိသည့်အတွက် လွန်ခဲ့သော ၁၉၅၈ ခုနှစ်တွင် State Colony ကမ်းပတ်တာကို နိုင်ငံတော်က တည်ဆောက်ပေးခဲ့ပါကြောင်း၊ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တွင်လည်း မုတ္တမပင်လယ်ကွေ့မှ ကမ်းတက်သောင်ထွန်းလာသည့် မြေများကို လယ်မြေအဖြစ် စိုက်ပျိုးနိုင်ရန် ထိုစဉ်က မြေယာကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း (ARDC) မှနေပြီး မရမ်းဇွဲဘာကမ်းပတ်တာကို ထပ်မံတည်ဆောက်ပေးခဲ့ပါကြောင်း၊ သောင်ထွန်းလာသည့် မြေများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ပိုင်ခွင့်များ ချထားပေးခဲ့ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဒေသ၏ လိုအပ်ချက်အရ မရမ်းဇွဲဘာကမ်းပတ်တာ အသစ်ကို တည်ဆောက်ပေးခဲ့ပြီး မူလတာအဟောင်းနှင့် တာသစ်အကြား ဖြစ်တည်လာသည့် သောင်ထွန်းမြေရင့် ဧက ၁၂၀၀၀ ခန့်ကို ကျေးရွာအုပ်စုအလိုက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို (၂) ဧကခွဲနှုန်းဖြင့် မြေယာခွဲဝေချထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါချထားပေးသည့် လယ်မြေများအပေါ် ဌာနအနေဖြင့် စီမံချက်ချမြေ တိုင်းတာပေးပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ထုတ်ပေးခဲ့ပါကြောင်း၊ ထိုစဉ်ကာလ ၂၀၀၀ ပြည့်နှစ်တွင် မရမ်းဇွဲဘာကမ်းပတ်တာ အပြင်ဘက် မုတ္တမပင်လယ်ကွေ့မှ ထပ်မံကမ်းကောလာသည့် မြေများကို သဘာဝရေငန် ပုစွန်မွေးမြူရေး ဇုန်အဖြစ် တစ်ယူနစ်ကို ဧက ၅၀ နှုန်း သတ်မှတ်ချက်ဖြင့် ယူနစ်ပေါင်း ၇၆ ခု ဧရိယာဧက စုစုပေါင်း ၃၇၅၈.၇၂ ဧက ကို သဘာဝရေငန် ပုစွန်မွေးမြူရန် ဧရိယာများအဖြစ် ခွင့်ပြု ချထားပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျေးရွာအုပ်စု ၇ အုပ်စုအတွင်း နေထိုင်သူ ၁၂ ဦးမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားလာသည့်အတွက် ဧရိယာဧက ၂၃၃၇.၈၉ ဧကကို လယ်ယာမြေအခြားနည်း သုံးစွဲခွင့် လ/န (၃၉) ခွင့်ပြုမိန့်ချထားပေးခဲ့ပါကြောင်းကို စိစစ်သိရှိရပါကြောင်း၊

၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် အဆိုပါ ဥပဒေအရ အဆိုပါဒေသအတွင်း မြေယာလုပ်ကိုင်ခွင့် လျှောက်ထားခွင့်ပြု ပေးမှုသည် မုတ္တမ ပင်လယ်ကွေ့ သောင်ထွန်းမြေဧရိယာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် လျှောက်ထားသူ လူပုဂ္ဂိုလ်အဖွဲ့အစည်း ၁၉ ဦး ဧရိယာစုစုပေါင်း ၈၀၄၈.၀၈ ဧကကို ခွင့်ပြုထားပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၄၀၅၀ နှင့် ရေငန်ပုစွန် မွေးမြူရေးအတွက် ဧက ၃၉၉၈ ဧက ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ခွင့်ပြုပေးခဲ့သည့် ဧက ၄၀၅၀ အနက် ဧက ၁၀၀၀ အကောင်အထည် ဖော်နိုင်ခဲ့ပြီး ကျန် ၃၀၅၀ ဧကကို အကောင်အထည်ဖော်ရန် ကျန်ရှိနေပါကြောင်း၊ ရေငန်ပုစွန်မွေးမြူရေးအတွက် ခွင့်ပြုခဲ့သည့် ဧက ၃၉၉၈.၀၈ ဧကအနက် ဧက ၂၄၉၀.၀၇ ဧက အကောင်အထည်ဖော်နိုင်ခဲ့ပြီး ၁၅၀၈ ဧက ဖော်ထုတ်ရန် ကျန်ရှိနေကြောင်း စိစစ်သိရှိရပါသည်။ သို့ဖြစ်ပါ၍ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ခွင့်ပြုခဲ့သည့် ဧက ၈၀၄၈.၀၈ ဧကအနက် ၄၅၅၈ ဧကသည် အကောင်အထည်ဖော်ရန်အတွက် ကျန်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချထားပေးခဲ့မှု အခြေပြမြေပုံနှင့် တစ်ဦးချင်းခွင့်ပြုမှုအပေါ် ဖော်ထုတ်အသုံးပြုနိုင်မှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အနေဖြင့် ကျောက်တန်းဒေသ၊ တံတားမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် လျှောက်ထားသူ ၁၄ ဦးကို တစ်ဦးလျှင် ၁၀ ဧကစီနှင့် ဧက ၁၄၀၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူ ၄၂ ဦးကို တစ်ဦးလျှင် ၁၀ ဧကစီနှင့် ဧက ၄၂၀  စုစုပေါင်း ဧရိယာဧက ၅၆၀ ကို  ကျေးလက်နေ ပြည်သူလူထု၏ စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုချထားမှုရှိပါကြောင်း၊ ၎င်းဧက ၅၆၀ အနက် ဧက ၃၁၀ ကို ဖော်ထုတ်စိုက်ပျိုးနိုင်ခဲ့ပြီး ဧက ၂၅၀ ကို ဖော်ထုတ်စိုက်ပျိုးရန် ကျန်ရှိနေသေးကြောင်းလည်း စိစစ်သိရှိရပါသည်။ သို့ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းပြီးနောက် ခွင့်ပြုခဲ့သည့် ဧက ၈၆၀၈ ဧကအနက်မှ စုစုပေါင်း ၄၈၀၈ ဧက ဖော်ထုတ်ရန် ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ကျန်ရှိနေမှုအပေါ် ဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေးအတွက် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ လုပ်ပိုင်ခွင့်ချထားပေးမှုအနက် ကျောက်တန်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်ပိုင်ခွင့် ချထားပေးသည့် ဧရိယာအချို့သည် ဒီရေတက်ချိန်တွင် ရေအောက်နစ်မြုပ်သွားပြီး ရေကျသွားသည့်အချိန်တွင် နွံများဖြင့်တည်ရှိနေသည် ဆိုသည့်ဧရိယာများ ပါဝင်မှုရှိကြောင်း ထောက်ပြထားမှုရှိပါသည်။ ၎င်းနှင့်ပတ်သက်ပြီး လျှောက်ထားစဉ်ကာလက မြေအသုံးပြုမှု နည်းလမ်းအတိုင်း ‌ဆောင်ရွက်နိုင်မှုရှိ/မရှိ ပြန်လည်စိစစ်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံရပ်မိ၊ ရပ်ဖများပါဝင်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက် သွားနိုင်ရေးကို မိမိတို့မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အတူ ကမ်းတက်‌မြေ၊ သောင်ထွန်းမြေများတွင် ဒေသခံကျေးရွာသူကျေးရွာသားများအတွက် ရည်ရွယ်ပြီး ကျေးရွာပိုင်မြေ ဧရိယာဧက ၁၀၀၀ လျှောက်ထား ဆောင်ရွက်သည့် ကိစ္စနှင့်စပ်လျဉ်းပြီး ယင်းလျှောက်ထားလာမှုအပေါ် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ ‌မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် ဒီရေရောက်တောများ ထိန်းသိမ်းဆောင်ရွက်မှု အစီအစဉ်များနှင့်ပတ်သက်ပြီး ရန်ကုန် (တောင်ပိုင်းခရိုင်)၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်း မုတ္တမပင်လယ်ကွေ့အနီး ၂၀၀၀ ပြည့်နှစ်ခန့်က စုစုပေါင်း သောင်ထွန်းမြေ ဧရိယာသည် ၂၇၇၃၈ ဧက ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယင်းအခြေအနေပေါ် သုံးသပ်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရန်အတွက် ဒီရေရောက်သစ်တောများ ထိန်းသိမ်းနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီရေတော ကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်နိုင်ရန် ၂၀၁၇ ခုနှစ်က လျာထားသတ်မှတ်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ချက်များအရ အဆိုပါလျာထားသည့် မြေဧရိယာ ၂၇၇၃၈ ဧကအတွင်း မည်သည်‌့ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမှ မြေယာလုပ်ပိုင်ခွင်‌့ ချထားပေးခြင်းမရှိသည့် ဧရိယာဧကသည် ၁၉၄၈၁ ဧက ရှိပါကြောင်း၊ အဆိုပါ ဧရိယာအတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ခွင်‌့ပြုချက်ပေးထားသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် ဧရိယာသည် စိစစ်မှုအရ ၅၄၅၇ ဧကရှိပါကြောင်း၊ ယင်းဧရိယာများသည် ဒီရေတောပေါက်ရောက်မှု ကောင်းမွန်သည့်ဧရိယာများ ဖြစ်ပါကြောင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုမှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် ဒီရေတောပင်များ ရှင်သန်ပေါက်ရောက်မှုအပေါ် ဥပဒေနှင့် အညီ ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးပြီးနောက်ပိုင်း လုပ်ငန်းလုပ်ပိုင်ခွင်‌့ ခွင်‌့ပြုမိန့်ရရှိပြီးသူ၊ ခွင်‌့ပြုမိန့်မရသေးသူ လုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သည့် ဒေသခံများအနေဖြင့် ဒီရေတောအပင်များကို ခုတ်လှဲခြင်း၊ စက်ယန္တရားနှင့် တာပတ်ခြင်း၊ ထွန်စက်များနှင့် ဒီရေတောပင်များ ဖယ်ရှားသည့် လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းဖြစ်ရပ်အပေါ် ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်ရန် ဒီရေတောအပင်များ ပျက်စီးအောင် ဆောင်ရွက်ခြင်း မပြုစေရန်အတွက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင်‌့ တားမြစ်စာထုတ်ပြန်ခဲ့ပါကြောင်း၊ သို့သော်လည်း လိုက်နာမရှိဘဲ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြသည့်အတွက် ဥပဒေနှင့်အညီ အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ မုတ္တမပင်လယ်ကွေ့ ကမ်းတက်မြေတစ်လျှောက်တွင် ဖြစ်သည့် သောင်ထွန်းမြေဧက ၂၇၇၈၃ ဧကကို တစ်ဆက်တစ်စပ်တည်း ဒီရေကြိုးပြင်‌တောသတ်မှတ်ပြီးလျှင် ဒေသခံများကို ဒီရေတာများ မထိခိုက်စေသည့် မိရိုးဖလာနည်း လက်ပစ်ကွန်၊ ကျော့ပိုက်၊ မြှုံးတို့နှင့် ငါး၊ ပုစွန်၊ ကဏန်းဖမ်းဆီးခွင့်ဖြင့် သတ်မှတ်ချက်နှင့်အညီ ထင်းသုံးစွဲခွင်‌့များ ပေးသွားမည့်အပြင် ဒေသခံ ပြည်သူများ ပါဝင်သည့် အစုအဖွဲ့ပိုင် သစ်တောဖွဲ့စည်း လုပ်ပိုင်ခွင်‌့များကိုလည်း ခွင်‌့ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန် (တောင်ပိုင်းခရိုင်) မြို့နယ်အတွင်း ဖြစ်ထွန်းလာသည့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေများသည် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများဖြစ်ပါကြောင်း၊ အဆိုပါဧရိယာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီရေတောအဖြစ် ထားရှိဆောင်ရွက်လိုသည့် ကိစ္စများအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၆) ကို တင်ပြခဲ့ပြီး ဖြစ်သည့်အလျောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ခဲ့ရာ ဒီရေတောသတ်မှတ်ရေးနှင့် ဒီရေတောအတွင်း ပုစွန်မွေးမြူရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဆက်လက်ညှိနှိုင်းပြီး အကောင်းဆုံး အကျိုးရလဒ်ရရှိစေရေး ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့် ၁၉.၁၁.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပင်လယ်ကမ်းရိုးတမ်း သယံဇာတအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင်‌့ပြုထားသည့်အနက်မှ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဧရိယာတွေကို ချန်လှပ်ကွက် အဖြစ်ထားရှိပြီးတော့ ကျန်ရှိသည့် အကောင်အထည် မဖော်ရသေးသည့် ဧရိယာများကို ဒီရေတောစု ဖွဲ့ရာတွင် ထည့်သွင်းဖွဲ့စည်း နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ထားပြီးဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင်‌့ရှိသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေမဲ့အလွဲသုံးစား မပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေများကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဒီရေကြိုးပြင် ကာကွယ်တော သတ်မှတ်ဆောင်ရွက်မည့် အစီအမံများနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် သင်‌့တင့်မျှတစွာ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး (ကျောက်တန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်၊

မိမိတို့ဒေသခံပြည်သူများ၏ အကျိုးစီးပွားအတွက်၊ စားဝတ်နေရေးအတွက် ဆောင်ရွက်ပေးမည်ဆိုသည့် ဝန်ကြီး၏အဖြေကို မိမိဒေသခံပြည်သူများကိုယ်စား အများကြီး ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးပြောသွားသည့်အထဲတွင် သောင်ထွန်းမြေများတွင် လုပ်ပိုင်ခွင့်ပြု ပေးထားသည်မှာ ဥပဒေမဲ့လုပ်ခြင်းများလည်း ရှိနေပါကြောင်း၊ ၎င်းတို့ကိုကြီးကြပ်ရန်အတွက် အဖွဲ့ဖွဲ့ပေးမည်ဟု ဝန်ကြီးအ‌ဖြေထဲတွင် ပါဝင်ပါကြောင်း၊ မည်သည့်အချိန်အတွင်း ၎င်းကိစ္စများကို ပြီးပြတ်အောင် လုပ်ပေးမည်ဆိုသည့် အချိန်သတ်မှတ်ချက်ကို သိရှိခွင့်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် ညှိနှိုင်းအစည်းအဝေးကို တစ်လတစ်ကြိမ် ပုံမှန်ကျင်းပဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ကျင်းပဆောင်ရွက်သည့် အစည်းအဝေးတွင် မိမိတင်ပြဖြေကြားခဲ့ခြင်းအပေါ် သီးခြားအဖွဲ့ ဖွဲ့စည်းပြီး စီမံဆောင်ရွက်သွားမည့် အစီအစဉ်ကို အနီးစပ်ဆုံး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးကို တင်ပြပြီး ဆောလျင်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။