ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၄ )ဦးအနက် (၃၉၇)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က မေးမြန်းသော တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်း (၉၀)မိုင်နှင့် တမူးဓာတ်အားခွဲရုံစီမံကိန်း အကောင်အထည် ဖော်တည်ဆောက်နိုင်ရန် Myanmar Sustainable Development Plan တွင် ထည့်သွင်းလျာထားပြီး အိန္ဒိယနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ သန်း (၁၃၀) အောက်မှ ဆောင်ရွက်သွားရန် အဆိုပြုထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်က မေးမြန်းသော မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက်များ အတွက် (66/11)KV၊ (5)MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဥသျှစ်ပင်-ကံမ-မင်းတုန်း ဓာတ်အားလိုင်း (၂)မိုင် ခန့်နှင့် မဲဇလီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် မင်းတုန်းမှ ကျောက်တိုင်ကျေးရွာ ဓာတ်အားလိုင်းအထိ (၂၀)မိုင်နှင့် ကျောက်တိုင် ကျေးရွာ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်ကြိုး ပြတ်တောက်ပြီး မြေပြင်သို့ ပြုတ်ကျမှုများကြောင့် ဓာတ်လိုက် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှု ပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုးများ လဲလှယ်မှုကို မည်ကဲ့သို့ အစီအမံချပြီး ဆောင်ရွက်နေ သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ABC Cable များဖြင့် ထပ်မံလဲလှယ် နိုင်ရန်အတွက် ပထမဦးစားပေးအဖြစ် မိုင်(၅၀၀)ခန့် ဆောင်ရွက်ရန် တင်ဒါခေါ်ယူ ထားပြီးဖြစ်ရာ ပစ္စည်းများ ရောက်ရှိလာပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမြန် လဲလှယ်နိုင်ရန် စီစဉ်ထားပါကြောင်းနှင့် Insulated Cable များဖြင့် အစားထိုး လဲလှယ်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၄) ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်က မေးမြန်းသော ရသေ့တောင်မြို့တွင် ပြည်သူလူထု သောက်သုံးရေဖူလုံစွာ ရရှိစေရန်အတွက် ကန်တော်ကြီးအား တိုးချဲ့ ပြုပြင် တူးဖော်ရန်နှင့် ရေပိုက်လိုင်းများ စနစ်တကျတပ်ဆင်ပြီး ရေပေးဝေရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖြည့်စွတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က မေးမြန်းသော သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာ အုပ်စု၊ ဆိုင်းခေါင်ကျေးရွာအနီးရှိ ရေထွက်၏အောက်ဘက်တွင် ဂါလန်(၅၀၀၀၀၀) ဆံ့သော ရေကန်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုနှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်မြေလပ်မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ် နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေး အန္တရာယ်ကာကွယ်ပေးပြီး ဒေသခံပြည်သူ စားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲ ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန် ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မေးမြန်းသော တိုင်းပြည်ဘဏ္ဍာနှင့် ငွေကုန်ကြေးကျခံ တည်ဆောက်ခဲ့သော အသုံးမတည့်ဖြစ်နေသည့် ဝင်းဖနုံ ရေလှောင်တမံဆည်မှရေကို ရေပြတ်လပ်မှုကြီးထွားလာသည့် သံဖြူဇရပ်မြို့သို့ ပို့လွှတ်ပေးရေး စီမံကိန်းတစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ချေးငွေစီမံကိန်းတစ်ရပ် ရယူကာ လုပ်ငန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို (၁) ခု တင်သွင်းခြင်း
ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များက ၂၈-၁၁-၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(ဂ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၈-၁၁-၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် သဘောကွဲလွဲသည့် ၁၂ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၀၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပမည့်ရက်ကို ၂၈.၁၁.၂၀၁၈ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
