ရန်ကုန်ဘူတာကြီးကို အခြေပြု၍ပြေးဆွဲနေသော မြို့ပတ်ရထားပြေးဆွဲမှုနှင့် လမ်းများ၊ ဘူတာရုံများကို မည်သည့်အဖွဲ့အစည်းနှင့်ပေါင်းစပ်၍ မည်သို့အဆင့်မြှင့်တင်နေသည်ဆိုသည့် စီမံကိန်းများကို ပွင့်လင်းမြင်သာအောင် ရှင်းလင်းတင်ပြရန်နှင့် မည်သည့်ခုနှစ်တွင်ပြီးစီးအောင် အကောင်အထည် ဖော်မည်ကိုသိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
လူဦးရေငါးသန်းကျော်ရှိသည့် မိမိတို့ရန်ကုန်မြို့တော်ကြီး၏ နိစ္စဓူဝခရီးသည် ပို့ဆောင်ရေး အခြေအနေနှင့်စပ်လျဉ်းပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB Bank)က ၂၀၁၆ ခုနှစ်တွင် လေ့လာတွေ့ရှိချက်အရ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် ပါရှိသည့် ဖော်ပြချက်များအရ ရန်ကုန်မြို့နေ ပြည်သူလူထု၏ နေ့စဉ်သွားလာအသုံးပြုသည့် ယာဉ်အမျိုးအစားများကို ခွဲခြားကြည့်လျှင် စက်ဘီးအသုံးပြုမှုကို ၂၂.၅ ရာခိုင်နှုန်း၊ ဆိုင်ကယ်အသုံး ပြုသူဦးရေက ၇.၂ ရာခိုင်နှုန်း၊ ဘတ်စ်ကားကို အသုံးပြုသည့် ဦးရေက ၄၉.၄ ရာခိုင်နှုန်းစသည်ဖြင့် တွေ့ရှိရပြီး မြို့ပတ်ရထားကို အသုံးပြုခြင်းက ၁.၁ ရာခိုင်နှုန်း သာရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းအချက်ကို ကြည့်မည်ဆိုလျှင် ခရီးသည် ၁၀၀ တွင် တစ်ယောက်သာ မြို့ပတ်ရထားကို အသုံးပြုနေကြောင်း တွေ့ရှိရပြီး အကျိုးဆက်အနေဖြင့် ရန်ကုန်မြို့တော်ကြီးတွင် ကားလမ်းများပိတ်နေခြင်း၊ လိုရာခရီးကိုရောက်ရှိရန် နာရီပေါင်းများစွာ လမ်းပေါ်တွင် အချိန်ကုန်နေရခြင်း၊ အချိန်မီရောက်ရှိရန် အိမ်မှ သုံး၊ လေးနာရီ စောထွက်ကြရခြင်း၊ အိမ်ပြန်နောက်ကျခြင်းစသည့် ဒုက္ခများကို ပြည်သူလူထုအနေဖြင့် နေ့စဉ်နှင့်အမျှ ခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊
မြို့ပတ်ရထားဆိုတာ လက်မှတ်ခက ၁၅ မိုင်အတွင်း ၁၀၀ ကျပ်သာပေးရပြီး ၁၅ မိုင်ကျော်မှ ၂၀၀ ကျပ်သာ ပေးရသည့်အတွက် ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် အင်မတန်မှ အားကိုးအားထားပြုသည့် ခရီးသည်ပို့ဆောင်ရေး စနစ်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက ဘတ်စ်ကား အသုံးပြုခြင်းထက် အများစုက ရထားပို့ဆောင်ရေးကိုသာ အဓိကအားထားကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို လေ့လာကြည့်သည့်အခါ မြို့ပတ်ဘူတာပေါင်း ၃၈ ဘူတာရှိပြီး ဆင်ခြေဖုံးဘူတာအနေဖြင့် ၁၇ ဘူတာ ရှိသည့်အတွက် မြို့တွင်း/မြို့ပြင် ခရီးသွားလာရေးအတွက် အင်မတန်မှ ထိရောက်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ ခရီးစဉ်ကြာချိန်ကလည်း မြို့ပတ်တစ်ပတ်တွင် သုံးနာရီဝန်းကျင် ကြာခြင်းဖြစ်ပြီး တစ်ခါတည်းမြို့လယ်ခေါင်ကို ရောက်ရှိနိုင်သည့်အတွက် ရန်ကုန်၏ လတ်တလော ရင်ဆိုင်နေရသည့် ကားလမ်းပိတ်ဆို့မှုပြဿနာ၊ ကားကြပ်မှုပြဿနာ၊ ညနေမိုးချုပ် Out site ကား ပြဿနာ၊ Taxi စီးသူများ၏ မလုံခြုံသည့် ပြဿနာစသည်များကို ကျော်လွှားနိုင်ရန်အတွက် အဓိကထွက်ပေါက်ဖြစ်သည့် မြို့ပတ်ရထားပို့ဆောင်ရေး စနစ်မဖြစ်မနေ အဆင့်မြှင့်တင် ဖြေရှင်းရေးသာ ဖြစ်သည်မှာ အလွန်ထင်ရှားနေပါကြောင်း၊
ဂျပန်နိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) အကူအညီဖြင့် ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်ခန့်က စတင်ဆောင်ရွက်နေသည်ဟု ကြားသိရပါကြောင်း၊ ရန်ကုန်မြို့ပတ် ရထားလမ်း (အနောက်ခြမ်း)၊ (အရှေ့ခြမ်း) အဆင့်မြှင့်တင်ရေးကိုလည်း ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ မိုးပျံရထားလုပ်ရန် မလိုသေးမီ လက်ရှိလမ်း၊ ဘူတာနှင့် ရထားအမြန်နှုန်း စသည်များကို မြှင့်တင်ရန်လည်း ကြားသိနေရပါကြောင်း၊ ယခုကဲ့သို့ လုပ်မည်ဆိုလျှင် သတိပြုသင့်သည်များကိုလည်း Awareness Campaign များ လုပ်နေခြင်းလည်း သတိထားမိသည့်အတွက် ၎င်းလုပ်ငန်းစဉ်များ မည်သည့်အဆင့်ရောက်နေခြင်း၊ မည်ကဲ့သို့ အခြေအနေရှိနေခြင်း၊ ရေရှည်/ရေတို စီမံကိန်းများကို မည်ကဲ့သို့ ချမှတ်ဆောင်ရွက် နေသည်ဆိုသည့် အချက်အလက်များကို မိမိတို့ခရီးသွား ပြည်သူများ ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊
ထို့ကြောင့် မိမိအနေဖြင့် ရန်ကုန်မြို့နယ် မိဘပြည်သူများ၏ကိုယ်စား ရန်ကုန်ဘူတာကြီးကို အခြေပြုပြေးဆွဲနေသည့် မြို့ပတ်ရထား ပြေးဆွဲမှုနှင့် လမ်းများ၊ ဘူတာရုံများကို မည်သည့်အဖွဲ့အစည်း နှင့် ပေါင်းစပ်၍ မည်သို့အဆင့်မြှင့်တင် နေသည်ဆိုသည့် စီမံကိန်းများကို ပွင့်လင်းမြင်သာအောင် ရှင်းလင်းတင်ပြရန်နှင့် မည်သည့်ခုနှစ်တွင်ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်ဘူတာကြီးကို အခြေပြုပြီးပြေးဆွဲနေသည့် မြို့ပတ်ရထားပြေးဆွဲမှု အခြေအနေသည် ခရီးမိုင်အားဖြင့် ၂၉.၅ မိုင် မီတာဂေ့ချ သံလမ်းနှစ်လမ်းသွားဖြစ်ပြီး စုစုပေါင်းသံလမ်းမိုင် ၅၉ မိုင် ရှိပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်တွင် ဘူတာပေါင်း ၃၈ ဘူတာ၊ တံတားစင်းရေ ၄၅ စင်းနှင့် ကားလမ်းကူးဂိတ် ၂၆ ဂိတ်ရှိပါကြောင်း၊ လက်ရှိမြို့ပတ်ရထား ပေးဆွဲမှုတွင် ရထားကြီး ၁၅ ဆိုင်း၊ RBD ၁၀ ဆိုင်း စုစုပေါင်း ၂၅ ဆိုင်းဖြင့် နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ တစ်နေ့ခေါက်ရေ ၂၂၁ ကြိမ် ပုံမှန်ပြေးဆွဲလျက်ရှိပြီး ပျမ်းမျှ ၁ နာရီတွင် မိုင် ၂၀ နှုန်းဖြင့် ရန်ကုန်မြို့တစ်ပတ်ကို ရထားပြေးဆွဲချိန် ၂ နာရီ ၅၀ မိနစ်ကြာမြင့်ပါကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှခရီးသည် ဦးရေ ၇၃၁၀၀ ခန့် စီးနင်းလိုက်ပါ လျက်ရှိပါကြောင်း၊ လက်ရှိ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးတွင် ပြေးဆွဲအသုံးပြု လျက်ရှိသည့် စက်ခေါင်းအများစုသည် သက်တမ်းကျော်လွန်နေခြင်း၊ ဆွဲအားကျဆင်းနေခြင်း၊ လူစီးတွဲအများစုသည်လည်း သက်တမ်းကျော်လွန်နေခြင်း၊ ချို့ယွင်းနေခြင်း၊ အချက်ပြ စနစ်များမှာလည်း နှစ်ကာလရှည်ကြာပြီဖြစ်၍ ပွန်းစားမှုကြောင့် မကြာခဏ ပြုပြင်နေရခြင်း၊ လမ်းပိုင်း အချက်ပြ ကိရိယာများ ချို့ယွင်းမှုရှိခြင်း၊ ကားလမ်းကူးဂိတ်များပြားခြင်း၊ ဂိတ်နှင့်ဆက်စပ်သော အချက်ပြ ကိရိယာများချို့ယွင်းခြင်း၊ ဆင်ခြေဖုံးလမ်းပိုင်းများ ပြုပြင်ကွင်းဆက်အရ မြို့ပတ်ရထားများ အချိန်မှန်ကန်မှု ထိခိုက်နေခြင်း မိုးရွာသည့်အခါ ရထားလမ်းပေါ် ရေကျော်ခြင်းတို့ကြောင့် အချက်ပြများ ချို့ယွင်းခြင်း၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာကြားလမ်းမကြီး လူစီးရထားများ ကို ဦးစားပေးရခြင်းနှင့် မတော်တဆမှုများ ဖြစ်ပွားခြင်းတို့ကြောင့် အဆင့်မြှင့်တင်ရန် မဖြစ်မနေ လိုအပ်လာခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း ရန်ကုန်မြို့နေ ပြည်သူများအတွက် မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြို့ပတ်ရထားနှင့်ပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးပါပြီး ပြည်သူများအတွက် အကျိုးပြုမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA အဖွဲ့မှ ရန်ကုန် မြို့တော် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအစီအစဉ် ရေးဆွဲခဲ့ရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်ရန်အတွက် ထည့်သွင်းစဉ်းစားခဲ့ပြီး ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှု (Feasibility Study) ပြုလုပ်ခြင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ Feasibility Study ရလဒ်များအရ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် မြန်မာ့မီးရထားတို့ ၂၀၁၅ ခုနှစ် မေလအတွင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံအစိုးရမှ ဂျပန်အစိုးရထံ ODA ချေးငွေ အထောက်အပံ့ပေးရေးအတွက် တရားဝင်မေတ္တာရပ်ခံခဲ့ရာ ဂျပန်အစိုးရမှ ODA ချေးငွေ ဂျပန်ယန်း ၂၄.၈၆၆ ဘီလီယံကို (ညီမျှ အမေရိကန်ဒေါ်လာ ၂၀၇.၈၀ သန်း) ကို အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းဖြင့် ချေးပေးရန် ၁၆-၁၀-၂၀၁၅ ရက်နေ့တွင် ငွေချေးစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါကြောင်း၊ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရန်ကုန်မြို့ပတ်တစ်လျှောက်လုံး၏ ဧရိယာအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု Plubic Consultation များ လေ့ကျင့်ပြုစုခဲ့ပြီး စီမံကိန်းအတွက်လိုအပ်သော EIA၊ SIA လေ့လာဆန်းစစ်မှု များကို မြန်မာ့မီးရထားနှင့် JICA မှ တာဝန်ပေးအပ်ထားသော ကျွမ်းကျင်သူများနှင့် E-Guards Environmental Service Co.Ltd တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ စူးစမ်းစစ်ဆေးရရှိခဲ့သော EIA Report ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြခဲ့ရာ ၂၇-၆-၂၀၁၈ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊
ထို့အပြင် စီမံကိန်းဆောင်ရွက်ရာတွင် ထိခိုက်နစ်နာစေနိုင်မည့်ကိစ္စရပ်များအတွက် ကရုဏာကြေး ပေးအပ်ရန် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင်ပင်ခံအဖွဲ့ငှားရမ်းခြင်းကို JICA အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံ Construction Management Cunsultant Services အတိုင်ပင်ခံအဖွဲ့နှင့် စာချုပ် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အတိုင်ပင်ခံအဖွဲ့၏ အကြံပြုချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တင်ဒါခေါ်ယူ၍ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင်ပါဝင်သော အဓိကလုပ်ငန်းကြီး ၃ ခုမှာ အချက်ပြနှင့် ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ဒီဇယ်လျှပ်စစ် DEMU တွဲဆိုင်းအသစ် ၁၁ ဆိုင်း ၆၆ တွဲ ဝယ်ယူခြင်းလုပ်ငန်းများကို ဂျပန် ODA ချေးငွေဖြင့်လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများဖြစ်သော ရထားလမ်း၊ တာဘောင်၊ ဘူတာများ၊ ပလက်ဖောင်း၊ ရေမြောင်းများ၊ တံတားများ၊ ကားလမ်းကူးများ၊ လူကူးခုံကျော်များ၊ ဆက်သွယ်ရေးအဆောက်အဦများ ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တင်ဒါဈေးနှုန်းများ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ရခြင်းကြောင့် ၂၀၁၈ ခုနှစ်မှသာ စတင် ဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းတစ်ခုလုံး ၂၀၂၃ ခုနှစ်တွင်သာ ပြီးစီးနိုင်မည်ဟု ခန့်မှန်း ထားပါကြောင်း၊ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ၃၉ ပေ အရှည် သံလမ်းများကို ဂဟေဆက်၍ လဲလှယ်ခြင်း၊ အရည်အသွေးပြည့်မီသော လမ်းခင်း ကျောက်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဖြည့်တင်းခြင်း၊ ကွန်ကရစ်ရေွမောင်းများထုတ်လုပ်၍ ထည့်သွင်းတပ်ဆင်ခြင်း၊ တံတားများပြုပြင်ခြင်းနှင့် သံပေါင်အဟောင်းများနေရာတွင် ကွန်ကရစ် ယက်မများဖြင့် ထုတ်လုပ်၍ အစားထိုးလဲလှယ်ခြင်း၊ ကားလမ်းနှင့်ရထားလမ်းကူးနေရာများတွင် ဖြတ်သန်းမှုများချောမွေ့စေမည့် တစ်ပြေးညီကားလမ်းကူး (Level Crossing) များ အစားထိုး တပ်ဆင်ခြင်း၊ အလိုအလျောက်ဂိတ်စနစ်နှင့် အချက်ပြစနစ်များတပ်ဆင်ခြင်း၊ နယ်နိမိတ် အုတ်ခြံစည်းရိုးနှင့် Chain Link ခြံစည်းရိုးများ ကာရံခြင်း၊ လိုအပ်သည့်နေရာများတွင် လူကူးခုံးကျော် တံတားများတည်ဆောက်ခြင်းနှင့် လိုအပ်သော အဓိကဘူတာငါးနေရာတွင် အချက်ပြဆက်သွယ်ရေး ဆိုင်ရာအဆောက်အဦများ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ဘုရားလမ်းဘူတာမှ တညင်းကုန်းဘူတာအထိ မြို့ပတ်အနောက်ခြမ်းပိုင်းနှင့် တညင်းကုန်းဘူတာမှ ပုစွန်တောင်ဘူတာအထိ မြို့ပတ်အရှေ့ခြမ်းပိုင်းဟူ၍ နှစ်ပိုင်းခွဲ၍ နိုင်ငံတကာတင်ဒါခေါ်ယူခဲ့ရာ မြို့ပတ်အနောက်ခြမ်းပိုင်းကို A1 Construction Co.,Ltd နှင့် Sinohydro Corporation Limited တို့ ပူးပေါင်းအဖွဲ့မှ တင်ဒါအောင်မြင်ခဲ့ပြီး ၁၃-၃-၂၀၁၈ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ ၁၄-၃-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့ပတ်အရှေ့ခြမ်းပိုင်းအတွက် Shwe Taung Development Co.,Ltd နှင့် Tokyu Construction Co.,Ltd ပူးပေါင်းအဖွဲ့မှ တင်ဒါ အောင်မြင်ခဲ့ပြီး ၁၇-၃-၂၀၁၈ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ ၁၈-၃-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊
မြို့ပတ်အနောက်ဘက်ခြမ်းကို A1 Company နှင့်အဖွဲ့ ဆောင်ရွက်မည့်လုပ်ငန်းများမှာ သံလမ်း အဆင့်မြှင့်တင်ခြင်း၊ ရေမြောင်းများဖောက်လုပ်ခြင်း၊ ဘူတာပလက်ဖောင်းများ မြှင့်တင်ခြင်း၊ ဆက်သွယ်ရေးအဆောက်အဦများ ဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးအဆောက်အဦများအတွက် လျှပ်စစ်မီးပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဖြစ်ပါကြောင်း၊ မြို့ပတ်ရထားလမ်းအရှေ့ဘက်ခြမ်းအတွက် Shwe Taung Company နှင့်အဖွဲ့ ဆောင်ရွက်မည့် လုပ်ငန်းများသည် မြို့ပတ်အနောက်ဘက်ခြမ်းအတွက် ဆောင်ရွက်မည့်လုပ်ငန်းနှင့် အလားတူ ဖြစ်ပါကြောင်း၊ Company များထံ အပ်နှံဆောင်ရွက်သည့်လုပ်ငန်းများတွင် ပါဝင်ခြင်းမရှိသော သံလမ်းများဂဟေဆက်ခြင်းနှင့် လဲလှယ်ခြင်းလုပ်ငန်းများကို မြန်မာ့မီးရထားအစီအစဉ်ဖြင့် ဆောင်ရွက် ပြီး လမ်းခင်းကျောက် ဝယ်ယူခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ လူကူးခုံးကျော်တံတားများ ထပ်မံ တည်ဆောက်ခြင်းနှင့် ရထားလမ်း လုံခြုံရေးခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ဌာနမှပြည်တွင်း တင်ဒါခေါ်ယူ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် မြို့ပြ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊
ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် အချက်ပြနှင့်ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာတို့အား Electronic Interlocking စနစ် သို့ လည်းကောင်း၊ တညင်းကုန်းဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် ပုရွက်ဆိတ်ကုန်းဘူတာများအား Relay Interlocking စနစ်သို့လည်းကောင်း အသီးသီးအဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက် အလိုအလျောက်အချက်ပြစနစ်အား အဆင့်မြှင့်တင်တပ်ဆင်ခြင်းနှင့် Automatic Train Protection စနစ်တပ်ဆင်ခြင်း၊ Level Crossing ကားလမ်းကူး ၂၅ နေရာတွင် အလိုအလျောက် ဂိတ်ပိတ်စနစ်များတပ်ဆင်ခြင်းလုပ်ငန်းများလည်း ပါဝင်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် နိုင်ငံ တကာတင်ဒါခေါ်ယူခဲ့ရာ Nippon Signal ၊ Kinden နှင့် Sumitomo မှ တင်ဒါအောင်မြင်ခဲ့ပြီး JICA ၏ စိစစ်ထောက်ခံချက်ရရှိခဲ့သဖြင့် စာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊
Japan ODA Loan ဖြင့် ဒီဇယ်/လျှပ်စစ်(DEMU) တွဲဆိုင်းအသစ် ၁၁ ဆိုင်း၊ ၆၆ တွဲဝယ်ယူမည် ဖြစ်ပြီး တွဲဆိုင်းအသစ်ကိုးဆိုင်းဖြင့် ပြေးဆွဲ၍ နှစ်ဆိုင်းကို အရန်ထားရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါ DEMU တွဲဆိုင်းများထားရှိရန် အင်းစိန်တွင် ပင်မရထားတွဲထားသိုရုံကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ယာဒ်ဝင်း လမ်းများ တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်ရုံအတွင်း DEMU ထားရှိရန် စက်ရုံယာဒ်ဝင်းတိုးချဲ့ဆောက်လုပ်ခြင်း၊ စက်ရုံပြုပြင်ထိန်းသိမ်းခြင်း အထောက်အကူ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
DEMU အသစ်များဝယ်ယူခြင်းလုပ်ငန်းများအတွက် နိုင်ငံတကာတင်ဒါခေါ်ယူခဲ့ရာ Maruveni-Miigata Transys Consortium အဖွဲ့မှ တင်ဒါအောင်မြင်ခဲ့ပြီး JICA ၏ စိစစ်ထောက်ခံချက်ရရှိခဲ့သဖြင့် ဈေးနှုန်းညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပျမ်းမျှတစ်နာရီလျှင် မိုင် ၂၀ ဖြင့် မြို့ပတ်ရထားပြေးဆွဲချိန် ၂း၅၀ နာရီ ခန့်ကြာမြင့်ရာတွင် စီမံကိန်းပြီးစီးပါက တစ်နာရီလျှင် ပျမ်းမျှ ၃၄ မိုင်နှုန်းဖြင့် မြို့တစ်ပတ် ရထား ပြေးဆွဲချိန် ၁း၄၅ နာရီခန့်ဖြင့် တစ်ရက်လျှင် ပျမ်းမျှခရီးသည် ဦးရေ ၈၅၀၀၀ ခန့် သက်တောင့် သက်သာစွာ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
