(စ)-ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဆင်သီပိန္နဲတောကျေးရွာဆိပ်ကမ်း၌ ပြိုကျပျက်စီး သွားသော ကမ်းထိန်းနံရံ ၁၅၀ ပေနှင့် ကမ်းပြိုမြေ ၁၃၀၀ ပေခန့်တို့ကို စနစ်တကျတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၀. ၁၁. ၂၀၁၈)

 

ဆင်သီပိန္နဲတောကျေးရွာသည် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် တောဖျားချောင်းအတိုင်း မိုင် ၄၀ ခန့်အကွာ တောဖျားချောင်း၏ အရှေ့ဘက်ကမ်းနဖူးပေါ်တွင် တည်ရှိပါကြောင်း၊ ကျေးရွာကို မြေပြန့် အနည်းငယ်နှင့် တောင်ကုန်းတောင်ဇောင်းများတွင် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ရွာတွင် အိမ်ပေါင်း ၄၇၄ ဆောင်၊ လူဦးရေ ၂၆၀၀ ခန့် နေထိုင်လျက် ရှိပါကြောင်း၊ ကျေးရွာတွင် အစိုးရအလယ်တန်းကျောင်းရှိပြီး ဆရာ၊ဆရာမ ၁၃ ဦးနှင့် ကျောင်းသား ဦးရေ ၄၈၀ ဦးခန့် ပညာသင်လျက်ရှိသော ရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ စာသင်ဆောင်သုံးဆောင်နှင့် ဆရာ၊ဆရာမ နေအိမ်များသည်လည်း ချောင်းနှင့် ကိုက် ၅၀၊ ကိုက် ၂၀ ခန့်သာ ကွာဝေးပါကြောင်း၊ ကျေးရွာ ဆိပ်ကမ်းတွင် နေအိမ်များနှင့် ကပ်လျက်ကမ်းပြိုများမှာ ပေ ၁၆၀၀ ခန့် ပြိုကျလျက်ရှိနေပါကြောင်း၊ ၂၀၁၅ ခုနှစ်က ကမ်းပြိုပေ ၃၀၀ ခန့်ကို နိုင်ငံတော်အစိုးရက ခွင့်ပြုငွေကျပ် သန်း ၂၀၀ ဖြင့် ကမ်းထိန်းနံရံကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ယင်း ပေ ၃၀၀ အနက် ပေ ၁၅၀ ခန့် လူနေအိမ်များအထိ ပြိုကျပျက်စီးခဲ့ပြီး ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပေ ၁၀၀ ခန့် ထပ်မံပြိုကျပျက်စီးခဲ့ပါကြောင်း၊ ယခုအခါ ပေ ၅၀ ခန့်သာ ကျန်ရှိတော့ပါကြောင်း၊ ယခုအတိုင်းသာဆိုပါက နောင်နှစ်အနည်းငယ်အတွင်း တစ်ရွာလုံးပြိုကျပျက်စီးသွားမည့် အခြေအနေ ရှိနေပါကြောင်း၊

ကမ်းထိန်းနံရံ ပေ ၃၀၀ တည်ဆောက်ပြီး မကြာမီ ပြိုကျပျက်စီးခဲ့ခြင်းမှာ သဘာဝကြောင့်လား၊ တည်ဆောက်သော ကုမ္ပဏီ၏အားနည်းချက်ကြောင့်လား ဆိုသည်ကို ကျွမ်းကျင်သူအင်ဂျင်နီယာ များမှ သုံးသပ်လေ့လာပြီး ခေတ်မီနည်းစနစ်များနှင့် ပြန်လည်တည်ဆောက်ပေးရန် လိုအပ် နေပါကြောင်း၊ မြစ်ချောင်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နှစ်စဉ် ကမ်းပြိုကာကွယ်‌ရေးလုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်၊ ပြည်ပချေးငွေများဖြင့် တည်ဆောက်ပေးနေသည့်အတွက် ဝမ်းသာ အားရဖြစ်မိပါကြောင်း၊ သို့ဖြစ်ပါ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ ဆင်သီပိန္နဲတော ကျေးရွာ ဆိပ်ကမ်း၌ ပြိုကျပျက်စီးသွားသော ကမ်းထိန်းနံရံ ပေ ၁၅၀ နှင့် ‌ကမ်းပြိုမြေ ၁၃၀၀ ပေခန့် တို့ကို စနစ်တကျတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

 

ရခိုင်ပြည်နယ်အတွင်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လည်းကောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် (၆) လ ဘဏ္ဍာရေးကာလအထိ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၈ ခုနှစ် (၆) လ အတွက် တစ်ခုရှိပါကြောင်း၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၂၅ ခု၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၆ ခု၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခုနစ်ခု၊ ၂၀၁၈ ခုနှစ် (၆) လတွင် ခုနစ်ခု စုစုပေါင်း လုပ်ငန်း ၅၅ ခု ဆောင်ရွက်ခဲ့ပြီး ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်‌ရေးလုပ်ငန်း စုစုပေါင်း ၅၆ ခု အတွက် စုစုပေါင်း ရန်ပုံငွေကျပ်သန်း ၁၃၅၇၁.၆၅၅ ကျခံသုံးစွဲခဲ့ပါကြောင်း၊ ဆက်လက်ပြီး ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၇၃၄.၉၇၇ သန်းဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကိုးခု ကိုလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၃၀၀ ဖြင့် ရခိုင်ပြည်နယ်ရှိမြစ်များ ရေလမ်းကောင်းမွန်ရေးလုပ်ငန်း နှစ်ခု ကိုလည်းကောင်း စုစုပေါင်း လုပ်ငန်း ၁၁ ခုကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ၊ ဆင်သီပိန္နဲတောကျေးရွာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် ဘိုးပိုင်အခြေပြု ကျောက်စီ မြေထိန်းနံရံ အလျားပေ ၃၀၀ ကို R.C.Construction and Trading Co.,Ltd အား လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ရာ ၂၄-၁-၂၀၁၆ ရက်နေ့တွင် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးအပ်နှံခဲ့ပါကြောင်း၊ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ ဒီဇိုင်းပုံစံမှာ မြေဝင် ၄၅ ပေ ရှိသော အချင်း လက်မ ၂၀ ဘိုးပိုင်နှစ်တန်းကို အခြေပြုပြီး RCC Pile Cap ၁ ပေခွဲ ထုလောင်းကာ အဆိုပါ Pile Cap အပေါ်တွင် မြေထိန်းနံရံအမြင့် ၈ ပေခွဲ တည်ဆောက် ထားပါကြောင်း၊ မြေထိန်းနံရံ၏အရှေ့တွင် မြစ်ကြမ်းပြင်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် သဲမွေ့ယာ ၁၅ ပေ ၊ ၁၂ ပေအရွယ် နှစ်တန်း ချထားဆောင်ရွက်ထားပါကြောင်း၊

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဆင်သီတောဖျားချောင်း၏ တောင်ကျရေတိုက်စားမှုကြောင့် ဆောင်ရွက်ခဲ့သည့် ကျောက်စီမြေထိန်းနံရံလုပ်ငန်း ပေ ၃၀၀ အနက် ပေ ၁၅၀ ခန့် ပြိုကျပျက်စီးခဲ့သည့် အကြောင်းအရင်းများမှာ လုပ်ငန်းဆောင်ရွက်သည့်နေရာ တောဖျားချောင်း၏ ဂငယ်ကွေ့တည့်တည့် တွင် တည်ရှိနေခြင်းကြောင့် တောင်ကျရေ ဦးထိုးမှုကိုခံရခြင်း၊ အချိန်တိုအတွင်း မိုးကြီးပြီး တောင်ကျ ချောင်းရေကျ‌ရောက်လာသောကြောင့် ချောင်းရေမြင့်တက်လာသည့် ကျောက်စီနံရံပေါ်ရေကျော်ခဲ့ရာ ရေပြန်ကျချိန်တွင် အောင်းရေတွန်းကန်မှုကြောင့် ကျောက်စီနံရံပြိုလဲသွားရခြင်း ဖြစ်ပါကြောင်း၊ တောင်ကျချောင်းဖြစ်သည့်အတွက် မြစ်ကြမ်းပြင် လျှောစောက်များပြားလာခြင်း၊ ချောင်း၏ရေအနက် သည် နွေရာသီရေစစ်ချိန်တွင် ၂၅ ပေခန့်အထိ ရေအနက်ရှိခြင်းကြောင့် အောက်ခြေလှိုက်စားမှု များဖြစ်ပေါ်ခြင်း၊ တည်ဆောက်သည့်ကုမ္ပဏီအနေဖြင့် နည်းပညာပိုင်းအားနည်းမှုရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ပြိုကျသွားသော ကမ်းထိန်းနံရံ ပေ ၁၅၀ နှင့် ထပ်မံလိုအပ်သော အခြေအနေများကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရရှိသောအချက်အလက်များအပေါ်အခြေခံ၍ ဆောင်ရွက်သင်‌့သည့် အစီအမံများ ရေးဆွဲကာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ရေအရင်းအမြစ်နှင်‌့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင်‌့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။