ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၆. ၁၁. ၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၄)ဦးအနက် (၃၆၈)ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ မေးမြန်းသော ဆေးတက္ကသိုလ်(၂) ၏ သင်ကြားရေးဆေးရုံကြီးဖြစ်သည့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ခုတင်(၈၀၀)ဆံ့ သို့မဟုတ် ခုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ခုတင်(၈၀၀)ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်၍ လောလောဆယ် အစီအစဉ်မရှိပါကြောင်း၊ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို တိုးချဲ့ဆောက်လုပ်လျက်ရှိပါကြောင်းနှင့် လိုအပ်လျက်ရှိသော ဝန်ထမ်းများကို တက်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

(၂)    ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ်မှ မေးမြန်းသော ရွာငံမြို့နယ်၊ မြင်းကျဒိုးတိုက်နယ် ဆေးရုံ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဘက်ဂျတ်တွင် ထည့်သွင်းပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းပန်မြို့၊ မြို့နယ်အားကစားကွင်း အား အဆင့်မီအားကစားကွင်း ဖြစ်စေရန် ပွဲကြည့်စင်(Grand Stand)၊(Scored Board)၊ ကွင်းပတ်လည် ပြေးခုန်ပစ်အားကစားကွင်းများနှင့် အားကစားရုံအား ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုငွေစာရင်းတွင် ထည့်သွင်း လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၄)    ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်မှ မေးမြန်းသော မင်းတုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်(၁)ဦး ခန့်ထားပေးရန်နှင့် ဘွဲ့လွန်တက်နေသော ဆရာဝန်များအစား မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဦးစီးမှူးကို အသေးစိတ် ညွှန်ကြားချက်ပေးပြီး တွေ့ရှိ ချက်ပေါ်မူတည်ပြီး လိုအပ်လျှင် ချက်ချင်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၅)    ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်မှ မေးမြန်းသော ကျောင်းကျန်းမာရေး ကဏ္ဍ ပိုမိုထိရောက်စေရန်နှင့် ကျောင်းကျန်းမာရေးကဏ္ဍမှ နိုင်ငံတော်၏ Health Information တစ်ခုအဖြစ် အသုံးပြုရန် ကျောင်းသားတိုင်းအတွက် ကျန်းမာရေး မှတ်တမ်း (Health Record) ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Computer Laptop များတွင် Format ထည့်၍ ဆောင်ရွက် ခြင်းဖြင့် တိုင်းနှင့်ပြည်နယ်ကျောင်းများရှိ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး အခြေအနေကို သိရှိနိုင်မည်ဖြစ်သည့်အတွက် Electronic Information System ကို စတင်သုံးစွဲမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်မှ မေးမြန်းသော ရန်ကုန်မြို့၊ ရွာသာကြီး ပရဆေး ဥယျာဉ်တွင် တိုင်းရင်းဆေးသိပ္ပံနှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံတည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖွဲ့စည်းပုံရလျှင် ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး လူနာများ ထပ်တိုးလာပါက ကုတင်(၁၀၀)ဆံ့ ဆေးရုံထိ စဉ်းစားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)    ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ဆိပ်ဖြူမြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနခွဲ(၅)ခု ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တောင်းဆိုထားသော ကျန်းမာရေး ဌာနခွဲ(၅)ခုအနက်မှ (၄)ခုကို ဆောင်ရွက်ပေးပြီးဖြစ်၍ ကျန်ရှိသော ရေထွက်ကျေး လက် ကျန်းမာရေးဌာနခွဲသည် တောင်ဖြူကျေးလက် ကျန်းမာရေး ဌာနခွဲအောက် တွင် ရှိသည့်အတွက် ၎င်းမှတစ်ဆင့် ကြည့်ရှုပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

(ခ)    အဆို(၁)ခုတင်သွင်းခြင်း

ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က ဝေလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ကျေးလက်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားများဘဝ တိုးတက်မြှင့်မားလာ စေရန်အတွက် စီမံချက်ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး ဦးဝမ်းလှ၊ နန်းယွန်း မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ် ခဲ့သဖြင့် ဆွေးနွေးလို သောကိုယ်စားလှယ်များက ၁၉-၁၁-၂၀၁၈ ရက်(တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဂ)    ဥပဒေကြမ်း(၁)ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် သဘောကွဲလွဲသည့် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပမည့်ရက်ကို ၂၀.၁၁.၂၀၁၈ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။