(င)-ကျောင်းကျန်းမာရေးကဏ္ဍ ပိုမိုထိရောက်စေရန်နှင့် ကျောင်းကျန်းမာရေးကဏ္ဍမှ နိုင်ငံတော်၏ Health Information တစ်ခုအဖြစ် အသုံးပြုရန် ကျောင်းသားတိုင်းအတွက် ကျန်းမာရေးမှတ်တမ်း (Health Record)ထားရှိပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၆. ၁၁. ၂၀၁၈)

 

နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသော အခြေခံကျောင်းများ၊ အထူးသဖြင့် မူလတန်းကျောင်းများတွင် နှစ်စဉ် ကျောင်းကျန်းမာရေးကို အမြဲတမ်း ပြုလုပ်ကြပါကြောင်း၊ ယင်းသို့ ပြုလုပ်ရာတွင် ကျောင်းကျန်းမာရေး ဌာနရှိသည့် မြို့များအနေဖြင့် ကျောင်းကျန်းမာရေးအဖွဲ့ခေါင်းဆောင်ဆရာဝန်ခေါင်းဆောင်သည့် အဖွဲ့က ဖြစ်စေ၊ ကျောင်းကျန်းမာရေးဌာနမရှိသည့် မြို့များတွင် သားဖွားဆရာဝန်ထမ်းခေါင်းဆောင်သည့် အဖွဲ့များ က ဖြစ်စေ နှစ်စဉ်ပြုလုပ်ကြပါကြောင်း၊ ယခုအချိန်တွင် ကျောင်းသားငယ်များကို မျက်စိ၊ နား၊ သွား ကျန်းမာရေးအပြင် လည်ပင်းတွင် တီဘီကျိတ် ရှိ/မရှိ၊ အိုင်အိုဒင်းချို့တဲ့သည့် လည်ပင်းကြီးအကျိတ် ရှိ/မရှိ၊ လည်ပင်းကြီးရောဂါ ရှိ/မရှိ၊ အာဟာရချို့တဲ့ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းခြင်း စသည့်အချက်များကိုသာ စစ်ဆေးပြီး အစီရင်ခံစာကို ကျန်းမာရေးဦးစီးဌာနအဆင့်ဆင့်သို့ တင်ပြနေကြခြင်းဖြစ်ပါကြောင်း၊ ကျောင်း ကျန်းမာရေးလုပ်စဉ်တွင် လိုအပ်လာပါက ကျောင်းသားများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကို ညွှန်းပို့ခဲ့ ကြပါကြောင်း၊ နောက်နှစ်ကျောင်းကျန်းမာရေးဝင်ရောက်သည့်အခါ အဆိုပါကျောင်းသားများ၏ ကျန်းမာ ရေးကို ပြန်လည်စစ်ဆေးခြင်း၊ မှတ်တမ်းယူခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ခွင့်ပြုသည့် သန်ချဆေး၊  သွေးအားတိုးဆေးများကိုသာ အသုံးပြု စစ်ဆေးခြင်း ဖြစ်ပါကြောင်း၊

ကျောင်းကျန်းမာရေးစစ်ဆေးစဉ်တွင် ပိုမိုထိရောက်ရန်အတွက် Grade(1) ကျောင်းအပ်စဉ် သို့မဟုတ် မူလတန်းကျောင်း ကျောင်းကျန်းမာရေးဝင်စဉ်တွင် ကလေးတိုင်းအတွက် ကျောင်းကျန်းမာရေး Record ကို ထားရှိပြီး အဆိုပါ Record အား ကလေးကျောင်းပြောင်းသည့်အချိန်၊ အတန်းပြောင်းတိုင်းသည့် အချိန် အတိုင်း တစ်ပါတည်းထည့်သွင်းပေးနိုင်မည်ဆိုပါက ကျောင်းသား၊ မိဘနှင့် ဆရာများအတွက် အထူး သင့်လျော်ကောင်းမွန်လှပါကြောင်း၊  ကျောင်းကျန်းမာရေးမှတ်တမ်းတွင် ကိုယ်ရေးအချက်အလက်များ၊ အရပ်အတိုင်းအတာ၊ အလေးချိန်၊ ကာကွယ်ဆေးထိုးနှံမည့်မှတ်တမ်း၊  မွေးရာပါရောဂါမှတ်တမ်းများ၊ ပုံမှန်ဆေးကုသနေရသည့် ရောဂါနှင့် ဆေးဝါးမှတ်တမ်းများ၊ ခွဲစိပ်ကုသမှုမှတ်တမ်းများ ထည့်သွင်းထားမည် ဆိုပါက အလွန် အကျိုးကျေးဇူးရှိမည် ဖြစ်ပါကြောင်း၊

Health Record ကိုကြည့်၍ ဆရာနှင့်ကျောင်းသားပါ ဆောင်သင့်/ ရှောင်သင့်သည့်အချက်များကို သိရှိမည်ဖြစ်သည့်အပြင် ကျောင်းကျန်းမာရေး ပြုလုပ်ပါကလည်း Health Record   ကို ဖြည့်သွင်း သွားမည်ဆိုပါက ကျောင်းကျန်းမာရေးကဏ္ဍတွင် တိုးတက်လာမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံ၏ အရေးပါလှသည့်ကျောင်းသားလူငယ်ကလေးများ၏  ကျောင်းကျန်းမာရေး မှတ်တမ်းကို ထားရှိခြင်းအားဖြင့် ကျောင်းကျန်းမာရေးကဏ္ဍစစ်ဆေးခြင်းကို ပိုမိုတိုးတက်လာမည့်အပြင် ကျောင်းသားအရွယ်အလိုက် နိုင်ငံတော်၏ Health Information တစ်ခုအဖြစ်ပါ အသုံးပြုနိုင်ပါသဖြင့် ကျောင်းသားတိုင်းအတွက် ကျန်းမာရေးမှတ်တမ်း (Health Record)ထားရှိပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မိမိတို့နိုင်ငံတွင် ကျောင်းသားပေါင်းက ၉.၅ သန်းခန့်ရှိပါကြောင်း၊ အဆိုပါကျောင်းသားများသည် ကျန်းမာ သန်စွမ်းမည်ဆိုပါက မိမိတို့နိုင်ငံ၏ ရှေ့ရေး၊ ပြည်သူများ၏ ကျန်းမာရေးသည် လုံးဝကောင်းမွန်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် စတင်တာဝန်ထမ်းဆောင် ချိန်မှစ၍ ဦးစားပေးလုပ်ငန်းသုံးခုထဲတွင် ကျောင်းကျန်းမာရေးလုပ်ငန်းသည် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ တစ်ပြည်လုံးကိုသုံးသပ်ပါက ကျောင်းသားထု၊ ပြည်သူ၊ အစိုးရဝန်ထမ်းနှင့် စက်ရုံအလုပ်ရုံ အလုပ်သမားများဟူ၍ Three Categories ရှိသည့်အနက် ကျောင်းသားထု၏ ကျန်းမာရေးကို  သေချာကိုင်တွယ်နိုင်မည်ဆိုပါက လုံလောက်သောကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်သည်ဟု ဆိုနိုင်ပါ ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းတွင် ကဏ္ဍ(၉) ခုခန့်ရှိပါကြောင်း၊ ယင်းတို့မှာ ကျောင်းအခြေပြု ကျန်းမာရေးအသိဉာဏ် မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရောဂါကာကွယ် နှိမ်နင်း ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးကဏ္ဍ၊ ကျောင်း ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူလူထုသို့ မှန်မှန် ကန်ကန် လူနေမှုဘဝမှန်များရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်း (Counseling)၊ သင်တန်းနှင့် သုတေသနလုပ်ငန်းများ၊ အားကစားနှင့် ကာယဆိုင်ရာ လုပ်ငန်းများဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းအနေဖြင့် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးချို့တဲ့မှုကို စောစီးစွာတွေ့ရှိပြီး အချိန်မီကုသခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ အဆင့်မြင့်ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ မူလတန်း ကျောင်းကျောင်းသူကျောင်းသားများကို ရာနှုန်းပြည့်လွှမ်းခြုံပြီး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျောင်းကျန်းမာရေးကို တာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းကို ဦးစားပေးအားစိုက်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် အထူးသဖြင့် မူလတန်းကျောင်းသားကျောင်းများအတွက် ကိုယ်အလေးချိန်၊ အရပ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးနှင့်ပတ်သက်သော အထွေထွေလက္ခဏာများ၊ အရေပြား ကျန်းမာရေး၊ မျက်စိ၊ နား၊ သွား၊ ခံတွင်းစစ်ဆေးခြင်း၊ ကျောင်းသားလူငယ်များတွင် အဖြစ်များသော ရောဂါများစစ်ဆေးခြင်း၊ ကုသခြင်း၊ Referer ညွှန်းပို့ခြင်းများကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းကို အဓိကထား၍ ကုသမှုပေးခြင်းနှင့် ညွှန်းပို့ခြင်းကိုလည်းကောင်း ဆောင်ရွက်နေပါကြောင်း၊

ကျောင်းသားတစ်ဦးစီ၏ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် မှတ်တမ်းထားမှုများကို ယခင်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ဗဟိုပုံနှိပ်ထဲတွင် ထုတ်ဝေဖြန့်ဖြူးမှုမရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ရှာဖွေနိုင်ခြင်း မရှိပါကြောင်း၊

ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးတစ်ပြေးညီ အသုံးပြုနိုင်ရန် ကျောင်းသားတစ်ဦးချင်းစီအတွက် ကျောင်းကျန်းမာရေးစစ်တမ်းကို ၂၀၁၇ ခုနှစ်က ပြန်လည်သုံးသပ်ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် စတင်ရိုက်နှိပ်ခဲ့ပါကြောင်း၊ ကျောင်းကျန်းမာရေးစစ်တမ်း မှတ်တမ်းကတ်များပြုလုပ်ရန် ခွင့်ပြုရန်ပုံငွေအကန့်အသတ်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော သူငယ်တန်း၊ အလယ်တန်းကျောင်းသူကျောင်းသား နှစ်သိန်းခန့် အတွက်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စပြီးပြုလုပ်မည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကျန်းမာရေးစစ်တမ်းအရ အရေအတွက် နှစ်သိန်းကို နိုင်ငံတော်ရန်ပုံငွေဖြင့် ထပ်မံရိုက်နှိပ်ရန် စီစဉ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများမှာ ပညာသင်ကြားလျက်ရှိသော သူငယ်တန်းနှင့် ကျောင်းသူများအတွက် အသုံးပြုရန် လျာထားပါကြောင်း၊ ကျောင်းသားတစ်ဦးချင်းစီအတွက် ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကို သူငယ်တန်း စတင်ရောက်သည့် အချိန်တွင် စတင်အသုံးပြုမည်ဖြစ်ပြီး သူငယ်တန်းပြီးဆုံးသည့်အချိန်တိုင်း တစ်ကြိမ် ပြန်လည် ကောက်ယူ မည် ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးစစ်တမ်းတွင် ကျောင်းသားတစ်ဦး၏ အရပ်အမောင်း၊ ကိုယ် အလေးချိန်နှင့် Nutrition များ၊ မိသားစု၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များပါ မှတ်တမ်းတွင် ထည့်သွင်းသွားမည်ဖြစ်သောကြောင့် ကလေးများ၏ ရှေ့ရေးအတွက် Prevent လုပ်ရမည့်ကိစ္စရပ်များ အားလုံးကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိဘဆရာအသင်း၏ ထောက်ခံမှု၊ ပါဝင်ပံ့ပိုးပေးပြီး ကျောင်းကျန်းမာရေး Team အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းပြီးဆောင်ရွက်မှ သာလျှင် ဆက်လက် အောင်မြင်မည်ဖြစ်ပါကြောင်း၊

အခြေခံမူလတန်းကျောင်းသား စုစုပေါင်း ငါးသန်းရှိပြီး နှစ်စဉ် သူငယ်တန်းသို့ ဝင်ရောက်သော ကျောင်းသားဦးရေသည် ၁၂ သိန်းခန့် ရှိသည်ဟု သိရှိရပါကြောင်း၊  နှစ်စဉ် သူငယ်တန်းကျောင်းသားဦးရေ ၁၂ သိန်းအတွက် ကျောင်းကျန်းမာရေးစစ်တမ်း ပုံနှိပ်ဖြန့်ဖြူးရန် သိန်း ၅၅၀ ခန့် ကုန်ကျမည်ဖြစ်ပါ ကြောင်းနှင့် အဆိုပါကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာနဘတ်ဂျက်က အနည်းငယ်မျှပေးမည်ဆိုပါက အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊

နောက်တစ်ချက်သည် Electronic Information System ဖြင့် ကျောင်းကျန်းမာရေးစစ်တမ်း ပုံစံများကို သိမ်းဆည်နိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်များရှိ ကျောင်းများတွင် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

Electronic Information System အသုံးပြုခြင်း မရှိပါက ကျောင်းကျန်းမာရေးစစ်တမ်းများကို ထည့်သွင်းရေးသားနိုင်ခြင်းသာ ရှိပြီး အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် Electronic Information System အသုံးပြုနိုင်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။