မြန်မာနိုင်ငံတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် အစဉ်အလာဂုဏ်ဒြပ် ကြီးမားသကဲ့သို့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွင် တစ်ထောင့်တစ်နေရာက ပါဝင်နေပြီး အခြေခံပြည်သူများ၏ ယုံကြည်အားထားခံရဆဲ ဖြစ်ပါကြောင်း၊ ယခုအစိုးရသစ်ပြောင်းလာပြီး နှစ်နှစ်ခန့်အကြာ တိုင်းရင်းဆေး လောကသားများ၏ အနှစ်နှစ်အလလက တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် တိုင်းရင်းဆေးပညာရှင်ကို ခေတ္တညွှန်ကြားရေးမှူးချုပ် တာဝန်အထိ လူမှန်နေရာမှန်ထား ဦးဆောင်ခွင့်ပေးခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်အကြီးအကဲများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးသိပ္ပံကို ၁၉၇၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းဆေးပညာရှင် ၂၁၈၇ ဦး မွေးထုတ်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ်မှ ယနေ့အထိ ဖွင့်လှစ်နေပြီး ၁၅၀၅ ဦး မွေးထုတ်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးလက်မှတ်ရ ဆရာဦးရေ စုစုပေါင်း ၇၃၈၄ ဦးရှိပါကြောင်း၊ တစ်နှစ်လျှင် တိုင်းရင်းဆေးဆရာ ၈၀ ဦးခန့် မွေးထုတ်နေပါကြောင်း၊ ယင်းအရေအတွက်သည် ဆုံးပါးလျော့နည်းသွားသည့် အရေအတွက် ကာမိရုံသာ ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းဆေးလက်မှတ်ရသော ဦးရေ ၇၃၈၄ ဦး ရှိပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံ၏ တိုင်းရင်းဆေးအခြေအနေကို လေ့လာကြည့်သည့်အခါ တိုင်းရင်းဆေးပညာဘွဲ့ ပေးသည့်တက္ကသိုလ် ၂၇ ခုရှိပြီး Thai Traditional Medicine ပေးသည်မှာ ၁၈ ခု အထိရှိပါကြောင်း၊ တိုင်းရင်းဆေးနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုလက်မှတ် မျိုးစုံရှိပြီး တိုင်းရင်းဆေး ဆရာနှင့် ဆက်စပ်အင်အားသည် စုစုပေါင်း ခြောက်သောင်းကျော်အထိ ရှိပါကြောင်း၊ မိမိတို့တွင် တိုင်းရင်းဆေးတက္ကသိုလ် တစ်ခုသာရှိပါကြောင်း၊
၂၀၀၁ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ် ပေါ်ပေါက်ခဲ့ပြီးနောက် တိုင်းရင်းဆေးသိပ္ပံကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးသိပ္ပံသည် ဖွဲ့စည်းပုံလည်းရှိပြီး ဖြစ်သည့်အတွက် ရန်ကုန်မြို့၊ ရွာသာကြီး ပရဆေးဥယျာဉ်ရှိ မြေဧက ၃၅ ဧကတွင် ဖွင့်လှစ်နိုင်ပါက တိုင်းရင်းဆေး တက္ကသိုလ် တက်ရောက်နိုင်ခွင့် အခွင့်မသာသော သမားအစဉ်အဆက် မျိုးဆက်သစ်များအတွက် အခွင့်အလမ်းတစ်ခု ရှိမည်ဖြစ်ပြီး တိုင်းရင်းဆေးပညာရပ် အရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများလည်း ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ အလားတူ ရန်ကုန်မြို့၊ ငါးထပ်ကြီး ဘုရားလမ်းရှိ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတွင်လည်း လူနာနှင့်အဆောက်အဦ ကျပ်ညှပ်နေပြီး တိုးချဲ့ရန် မြေနေရာလည်း ခက်ခဲနေပါကြောင်း၊ ထို့ကြောင့် ရွာသာကြီး ပရဆေးဥယျာဉ်တွင် တိုင်းရင်းဆေးသိပ္ပံ ဖွင့်လှစ်၍ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံပါ တိုးချဲ့ဖွင့်လှစ်နိုင်မည်ဆိုပါက ကုသရေးအပြင်ကို သင်ကြားရေးဆေးရုံအဖြစ်ပါ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်မြန်မာပြည်ရှိ လူဦးရေထူထပ်ဆုံးနှင့် အဖွံ့ဖြိုးဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ရန်ကုန်တွင် ရွာသာကြီး ပရဆေးဥယျာဉ်ထဲတွင် တိုင်းရင်းဆေးသိပ္ပံနှင့် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးကုဌာနများ တိုးချဲ့ဆောက်လုပ်သည့်အခါ ဆောက်လုပ်သော မြေနေရာ၊ ပတ်ဝန်းကျင်၌ အခြားသောကျန်းမာရေး စောင့်ရှောက်သည့် ဌာနများ တည်ရှိမှု၊ လူဦးရေသိပ်သည်းမှု၊ လိုအပ်သောမြေဧရိယာ၊ လမ်းပန်းဆက်သွယ်ရေး၊ ဝန်ထမ်းများအတွက် လုံခြုံရေး၊ မြန်မာ့တိုင်းရင်းဆေးအား နယ်မြေလူထုက မည်မျှအယုံအကြည် ရှိသနည်း၊ ဘတ်ဂျက်ခွင့်ပြုမှုအပေါ် မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ မိမိတို့ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနကို ပြန်ကြည့်သည့်အခါ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးတစ်ရုံး ရှိပါကြောင်း၊ ခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံး လေးရုံးရှိပါကြောင်း၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားပေါ်တွင် ခုတင် ၁၀၀ ရှိ တိုင်းရင်းဆေးရုံတစ်ရုံ ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန ၂၀ ဖွင့်လှစ်ထားပြီး တိုင်းရင်းဆေးဖြင့် ပြည်သူလူထုကျန်းမာရေးကို စောင့်ရှောက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး ခုတင် ၁၀၀၀ တွင် မိမိတို့ပြန်ကြည့်သည့်အခါ အတွင်းလူနာ ၇၃၁ ဦးရှိပါကြောင်း၊ ပြင်ပလူနာ ၁၂၂၂၈ ဦး တက်ရောက် ကုသပါကြောင်း၊ ကွင်းဆင်း ကုသလူနာ ၅၆၄ ဦးနှင့် စုစုပေါင်းလူနာ ၁၃၅၂၃ ဦးရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တိုင်းရင်းဆေး ကုဌာနများ ၂၀ ကို လာရောက်သော လူနာပေါင်း ၃၆၈၇၇ ဦး ရှိပါကြောင်း၊ ကွင်းဆင်းလူနာ ၅၅၁၁ ဦး ရှိပါကြောင်း၊ စုစုပေါင်းလူနာ ၄၂၃၈၈ ဦး ရှိပါကြောင်း၊ ယခုလက်ရှိ ဖွင့်လှစ်ထားသော ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၌ တစ်နေ့လျှင် အတွင်းလူနာ ၆၃ ဦး ကျော် သာရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံ ထပ်မံ ဆောက်လုပ်ရန် လိုအပ်ပြီး မေးခွန်းပါ ရွာသာကြီးမြေနေရာက သွားလာရမှုလွယ်ကူခြင်း၊ လူဦးရေထူထပ်ခြင်းရှိသဖြင့် တိုင်းရင်းဆေးရုံ ခုတင် ၅၀ တည်ဆောက်ပေးရန် ရည်ရွယ်ထားပါကြောင်း၊ သို့သော် ရွာသာကြီးက ဝေးသည့်အတွက် တိုင်းရင်းဆေးရုံ ခုတင် ၅၀ ဆောက်ရန် အစီအစဉ်ရှိ/မရှိ၊ ကျန်သည့် မြို့နယ်တိုင်းရင်းဆေးကု ဌာနများကို များများလုပ်ပေးနိုင်ခြင်း ရှိ/မရှိကို မိမိတို့ ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ရွာသာကြီးကိုသွားလာရန် မလွယ်ကူပါကြောင်း၊ Mental Hospital လည်း ရှိပြီး အတော်ကွာဝေးသည့်အတွက် ရွာသာကြီးတွင် တည်ဆောက်ပါက အလုံ၊ အင်းစိန်ရှိ ပြည်သူများက မည်ကဲ့သို့ ဆောင်ရွက်မည်နည်း အစရှိသည်ကို မိမိတို့အနေဖြင့် ဆေးရုံဖွင့်ပေးနိုင်ခြင်းရှိ/မရှိ၊ တိုင်းရင်းဆေးကုဌာနများကို ပိုလုပ်ပေးနိုင်ခြင်းရှိ/မရှိ နှစ်ဖက်ပြန်စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဆေးရုံဖွင့်မည်ဆိုပါက ဖွင့်ပေး၍ ရပါကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် ရွာသာကြီးတွင် Catchment Population က ၁၂၀၀၀၀ ကျော် ရှိသည့်အပြင် အနီးအနားက လာရောက်၍ ရပါကြောင်း၊ ၁၉၇၆ ခုနှစ်တွင် မန္တလေးမြို့၌ တိုင်းရင်းဆေးသိပ္ပံ စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းဆေး တက္ကသိုလ်ကို ၂၀၀၁ ခုနှစ် ဖွင့်လှစ်ချိန်မှစ၍ တိုင်းရင်းဆေးသိပ္ပံတွင် ဝန်ထမ်းများ အနည်းငယ်စီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရာ ၂၅-၃-၂၀၀၆ ခုနှစ်တွင် ကျင်းပသော (၄၄) ကြိမ်မြောက် အမျိုးသားကျန်းမာရေးကော်မတီ အစည်းအဝေး၌ ပြောထားသည်မှာ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာ ဒီပလိုမာသင်တန်းများကို လက်ရှိသင်ကြားဆဲ သင်တန်းများ ပြီးဆုံးမည့် ၂၀၀၈ ခုနှစ်ကာလမှစ၍ ခေတ္တဆိုင်းငံ့ထားရန်ဆိုပြီး ဆုံးဖြတ်ချက် ချထားပါကြောင်း၊ တိုင်းရင်းဆေးသိပ္ပံအား ရွာသာကြီးတွင် ဖွင့်လှစ်ရန် ရွာသာကြီးပရဆေးဥယျာဉ်၏ မြေဧရိယာ ၃၅.၈၁ ဧက ရှိသော်လည်း ၎င်း ၃၅.၈၁ ဧကအနက် ရွာသာကြီးဘူတာ ဆောက်လုပ်ရန် စီမံကိန်းအတွက် မြေဧရိယာ ၁၄.၉၂ ဧကကို မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးရန်ရှိခြင်း၊ ကုသရေးဦးစီးဌာနမှ လိုအပ်သော ဆေးပစ္စည်းဂိုဒေါင်နှင့် ပရဆေးဥယျာဉ် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာတို့အား မြေဧရိယာ ၁၁.၈၅ ဧက၌ ဆောက်လုပ်ရန် စီစဉ်ထားခြင်းတို့ကြောင့် မြေဧက ၉.၀၄ ဧကသာ ကျန်ရှိပါကြောင်း၊ အဆိုပါမြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံး ဆောက်လုပ်ပြီးဖြစ်ရာ တိုင်းရင်းဆေးသိပ္ပံနှင့် ခုတင် ၁၀၀ တိုင်းရင်း ဆေးရုံတို့ ဆောက်လုပ်ပါက မြေနေရာမလုံမလောက် ဖြစ်နေပါကြောင်း၊ ယခုအခါ မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့နှင့် မြန်မာ့တိုင်းရင်းဆေးမဟာဘွဲ့ သင်တန်းများလည်း ဖွင့်လှစ်သင်ကြားနေပြီဖြစ်၍ တိုင်းရင်းဆေးသိပ္ပံဖွင့်လှစ်ရန် လတ်တလော အစီအစဉ်မရှိ သေးပါကြောင်း၊ သို့ရာတွင် ပြည်သူလူထုအား တိုင်းရင်းဆေးပညာ ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရွာသာကြီးပရဆေးဥယျာဉ်ရှိ ကျန်သော မြေဧရိယာတွင် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံရပြီး ဆက်လက်၍ဘဏ္ဍာငွေရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ခုတင် ၅၀ တိုင်းရင်းဆေးရုံတွင် လူနာအလွန်များပြားလာပါက ခုတင် ၁၀၀ ကို ထပ်တိုးရန် စဉ်းစားပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
