(င)-မြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုသည် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိ ပျံ့နှံ့ရောက်ရှိနေသဖြင့် ရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ (၁၂. ၁၁. ၂၀၁၈)

 

ထူးခြားမြစ်ရေပြင် အရောင်အဆင်းပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေပြင်များအထိပါ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်၊ လူသားများနှင့်ရေနေသတ္တဝါများအပေါ် မည်ကဲ့သို့ ဆိုးကျိုးများ ကျရောက်နိုင်သည်ကို စိစစ်ဖော်ထုတ်ပေးနိုင်မည်လား၊ ရေပြင်ညစ်ညမ်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့သော ဒေသခံများအား မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ယခုနှစ် ဇူလိုင်လအတွင်းက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသ၊ သံစစ်မြစ်ရေပြင်တွင် နှစ်မိုင်ဝန်းကျင်ခန့်ရှိသော ထူးခြားမြစ်ရေ အရောင်အဆင်းပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါရေပြင်သည် နောက်ပိုင်းတွင် အမ်းမြို့နယ်၊ မြေပုံမြို့နယ်များအထိ ရောက်ရှိခဲ့ပါကြောင်း၊ ထူးခြားသည့်ရေအရောင်သည် သံချေးရေနှင့်တူပြီး ပုလင်းခွံထဲထည့်ပြီး ညအိပ်ထားလိုက်ပါက ရေနံချေး၊ သံချေးရေကဲ့သို့ အရောင်အဆင်းပြောင်းလဲမှုများ၊ အမှုန်အမွှားများ ပုလင်းအောက်ခြေတွင် ကပ်ငြိကျိချွဲနေသည့်အတွက် ရန်ကုန်မြို့ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ကြပြီး ဓာတ်ခွဲခန်း အဖြေကိုလည်း မိမိထံပေးပို့ခဲ့ကြပါကြောင်း၊ မဒေးကျွန်းဒေသတွင် တရုတ်ပိုင် ရေနံတင်ဆိပ်ကမ်း၊ ရေနံသိုလှောင်ရုံများ ရှိပါကြောင်း၊ အခင်းဖြစ်စဉ်က ဒေသခံများသတင်းပို့ချက်အရ အဆိုပါဒေသတွင် ခါတိုင်းကဲ့သို့ ငါး၊ ပုစွန်ဖမ်းဆီးရမိမှုမရှိတော့ပါကြောင်း၊ မြစ်ရေသည် ငါးသတ္တဝါများအတွက် အန္တရာယ်တစ်စုံတစ်ရာရှိသည့်အတွက် အခြားနေရာကို တိမ်းရှောင်သွားသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်ပါကြောင်း၊ ဓာတ်ခွဲခန်းများကို ပေးပို့စစ်ဆေးခဲ့တဲ့အဖြေတွေအရ ပညာရှင်များက မဒေးကျွန်း၊ သံစစ်မြစ်ရေပြင်တွင် ဓာတုပစ္စည်းများပါဝင်မှုများနေသည့်အတွက် အောက်စီဂျင် ပမာဏလျော့ကျနေပါကြောင်း၊ အဆိုပါရေပြင်မျိုးတွင် ရေနေသတ္တဝါများ ရှင်သန် နေထိုင်ရန် ခက်ခဲမှုများရှိနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့အပြင် မြစ်ရေပြင်၏ Surface Water တွင် COD, BOD နှင့် Phenol တို့သည် သာမန်ထက်ကျော်လွန်နေကြောင်း သုံးသပ်မှုများရှိပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်ချက်များနှင်‌့ အကြံပြုချက်မှတ်တမ်းများကို မိမိမေးခွန်းမေးစဉ်တုန်းက အပြည့်အစုံ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ဒေသခံများအပါအဝင် အများပြည်သူစိုးရိမ်တကြီးသိရှိလိုကြသော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ တရုတ် ကုမ္ပဏီပိုင် ရေနံတင်၊ ရေနက် ဆိပ်ကမ်းနှင့် ရေနံလှောင်ကန်အနီးရှိ သံစစ်မြေရေပြင်၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးအပတ်က စတင် တွေ့မြင်ခဲ့ရသည့် ထူးခြားမြစ်ရေပြင်အရောင်အဆင်း ပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ် နှင့်‌မြေပုံမြို့နယ် မြစ်ရေပြင်များအထိ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုမြစ်ရေညစ်ညမ်းမှုများသည် မည်သည်‌့အကြောင်းရင်းများကြောင့် ဖြစ်ပေါ်ရသည်ကို စိစစ်ဖော်ထုတ် ပေးပါမည်လား၊ (ခ) ဖော်ပြပါမြစ်ရေပြင်ညစ်ညမ်းမှုကြောင့် လူသားများနှင်‌့ရေနေသတ္တဝါများအပေါ် မည်ကဲ့သို့ဆိုးကျိုးများ ကျရောက်နိုင်သည်ကို စိစစ်ဖော်ထုတ်ပေးပါမည်လား၊ (ဂ) အဆိုပါမြစ်ရေပြင် ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာဒေသခံများတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရာ ထိုသူတို့ကို မည်ကဲ့သို့ ကူညီဆောင်ရွက်မှုများပြုလုပ်ပေးပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
အဖြေ

မေးခွန်းနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ပြီးဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူနေ့စဉ် သတင်း၊ Facebook Account တွင် ဖော်ပြထား သော ၂၇-၇-၂၀၁၈ ရက်နေ့ ၁၄ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရေနက်ဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောတစ်စင်းဝင်ရောက်ပြီး ရေနံအတင်အချပြုလုပ်ခဲ့ပြီးနောက် ရေနံကန်များအား ဆေးကြောပြီး မသန့်ရှင်းသောရေများ မြစ်ထဲသို့စွန့်ပစ်ခဲ့သောကြောင့် မဒေးကျွန်းရေနက်ဆိပ်ကမ်း အထက်ပိုင်း မြစ်ချောင်းရေများတွင် မိုင် ၄၀ ကျော် အထိ ရေနံဆီအရောင်ဖြစ်ပေါ်နေကြောင်း၊ ငါး၊ ပုစွန်များရှားပါးနေပြီဖြစ်ကြောင်း ရေးသားဖော်ပြသောသတင်းကြောင့် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး အား မဒေးကျွန်းရေနက်ဆိပ်ကမ်း တာဝန်ခံများနှင့် မဒေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ရေပြင်အရောင်‌ပြောင်းလဲခြင်းအား တွေ့ရှိကြောင်းနှင့် စက်လှေများသည်လည်း ပုံမှန်အတိုင်း ငါး၊ ပုစွန်ဖမ်းနေကြောင်းတို့ကို စုံစမ်းသိရှိရပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည် တင်ပြခဲ့ပါကြောင်း၊ ၂၈-၇-၂၀၁၈ ရက်နေ့တွင် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ မီးသတ်၊ ဆိပ်ကမ်းအာဏာပိုင်၊ ငါးလုပ်ငန်း၊ သစ်တော၊ ရေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ MOGE မှတာဝန်ခံအရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံ၊ CNPC ရုံးမှ တရုတ်နိုင်ငံသား Mr.ZAHO JING ပါ သုံးဦး၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်သောအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ ရေမိုင် ၅.၅ မိုင်အကွာ ရေပြင်၌ ရွံ့အရောင်ပြောင်းနေသော ရေပြင်ကျယ် ၃ ဖာလုံခန့်ကို တွေ့ရှိခဲ့ရကြောင်း၊ ငါးဖမ်းနေသူများ၏ ပြောကြားချက်အရ ရေအရောင်ပြောင်းလဲနေသည်မှာ ၁၀ ရက်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ငါး၊ ပုစွန်ရှာဖွေရာတွင် အခက်အခဲမရှိဘဲ ပုံမှန်အတိုင်းငါးဖမ်း၍ရပါကြောင်း၊ ရေအရောင်ပြောင်းလဲမှုကြောင့် ထူးခြားမှုတစ်စုံတစ်ရာမရှိကြောင်း စုံစမ်းသိရှိရပြီး ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊

၂၉-၇-၂၀၁၈ ရက်နေ့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ MOGE မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပေါင်းစပ်ပြီး ထပ်မံကွင်းဆင်းစစ်ဆေးရာ ငါးဖမ်းလုပ်သားတစ်ဦးနှင့် ထပ်မံတွေ့ဆုံ၍ ရေနမူနာများတွေ့ဆုံမေးမြန်းခြင်း၊ ရေနမူနာများရယူခြင်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ၃၁-၇-၂၀၁၈ ရက်နေ့တွင် ဒေသအတွင်းရှိ လူမှုရေးအဖွဲ့အစည်းများက စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဓာတ်ခွဲခန်းတွင် မဒေးကျွန်းအနီးရှိ သံစစ်မြစ်အတွင်း ရေမျက်နှာပြင်(Surface Area)မှ ရေနမူနာများကို ရယူ၍ စစ်ဆေးခဲ့ပါကြောင်း၊ ၂-၈-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သည့် အဖွဲ့ဝင်လေးဦး၊ တောင်ကုတ်ဒီဂရီကောလိပ်မှ ဓာတုဗေဒဌာနတွဲဖက်ပါမောက္ခ ဦးဆောင်သည့်အဖွဲ့ဝင်သုံးဦး၊ ကျောက်ဖြူခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ MOGE မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ CNPC ကုမ္ပဏီမှတာဝန်ရှိသူများ ကွင်းဆင်းလေ့လာပြီး ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရာတွင် လိုက်ပါဆောင်ရွက် ခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် ရေအရောင်ပြောင်းပြီး ရေထဲတွင် အနည်အနှစ်များပါဝင်ခြင်းများမှာ ရေနံချေးများမဟုတ်ကြောင်း၊ ရေလုပ်သားများသည်လည်း လက်ရှိ အခြေအနေအထိ ငါးဖမ်းခြင်းများကို ပုံမှန်ဖမ်းဆီးလျက်ရှိကြောင်း၊ ထိုမြစ်ရေပြင်ညစ်ညမ်းမှုသည် ဓာတုဗေဒဆိုင်ရာဓာတ်ကြွင်းများ (Cadmium, COD, BOD နှင့် Phenol ဓာတ်ကြွင်းများ) ကြောင့်ဖြစ်ရ သည်ဟု သုံးသပ်မိပါကြောင်း၊ မဒေးကျွန်း၊ မြန်အောင်ကျွန်းတစ်ဝိုက် ရေပေါ်၊ ရေအောက် သဘာဝ ရွှံ့မီးတောင်များရှိခြင်းကြောင့်လည်း Cadmium ဓာတ်ကြွင်းများရှိနိုင်ပါကြောင်း၊ ယခင်မိုးရာသီတွင် တွေ့ရှိရသည်‌့ Cadmium ဓာတ်ကြွင်းများ ပွင့်လင်းရာသီတွင် အမ်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံ မြို့နယ်၊ ရေပြင်များအထိ ပျံ့နှံ့မှုရှိ/မရှိအား ငါးလုပ်ငန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် ဒေသခံလုပ်သားများ ပါဝင်သောအဖွဲ့စုံဖြင့် ရေနမူနာ များဖြင့် ငါး၊ ပုစွန်၊ ဂဏန်းများတွင် Cadmium residue ဓာတ်ကြွင်းမည်မျှရှိမည်ကို ပြန်လည်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရလဒ်များအား တင်ပြသွားမည်ဖြစ်ပါကြောင်း၊

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း အဆိုပါနေရာရှိ ရေနမူနာများကို သင်္ဘော ပေါ်တွင် စမ်းသပ်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများပြုလုပ်ကြောင်း၊ ယခုလက်ရှိရေပြင်အခြေအနေသည် အရောင်ပြောင်းလဲမှုမရှိတော့ဘဲ ဒေသခံပြည်သူများအနေဖြင့်လည်း စိုးရိမ်နေမှုမရှိပါကြောင်း၊ ပန်းမြောင်ကြီးချောင်းတွင် ကျွဲအကောင် ၃၀ ခန့်သေဆုံးမှုသည် လျှာနာခွာနာရောဂါကြောင့် ဖြစ် ကြောင်းကို ရှင်းလင်းဖြေကြားထားပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် MOGE နှင့် CNPC တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော ရေနံစိမ်း Crude Oil ဆိပ်ကမ်းနှင့် ရေနံသိုလှောင်ကန် များသည် မဒေးကျွန်းပေါ်တွင်တည်ရှိပြီး အဆိုပါရေအရောင်ပြောင်းလဲမှုများ ဖြစ်ပေါ်သည့်နေရာနှင့် သံစစ်မြစ်တို့သည် မဒေးကျွန်း ရေနက်ဆိပ်ကမ်း၏ မြစ်ညာဘက် ၅.၅ မိုင်ခန့်အကွာတွင် ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ပင်လယ်ရေနှင့် မြစ်ရေညစ်ညမ်းမှု မဖြစ်စေရန် အောက်ပါလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ (က) MOGE မှ ၄၉.၁ ရာခိုင်နှုန်းမြှုပ်နှံထားသည့်လုပ်ငန်းဖြစ်၍ ပညာရှင်ဝန်ထမ်းများအနီးကပ်စောင့်ကြပ် တာဝန်ချထား လျက် ရှိပါကြောင်း၊ (ခ) နိုင်ငံတကာ Expore Qrality ရေနံစိမ်းများအား သင်္ဘောများဖြင့် သယ်ဆောင်လာပြီး မဒေးကျွန်း ဆိပ်ကမ်း၌ သိုလှောင်ကန်များအတွင်းသို့ မောင်းသွင်းခြင်း၊ သိုလှောင် ကန်များမှ ပိုက်လိုင်းများအတွင်းသို့မောင်းသွင်းကာ ပြည်ပသို့ ပို့လွှတ်ရောင်းချခြင်းဖြစ်သဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးသည် လေလုံအမျိုးအစားဖြစ်၍ ယိုစိမ့်မှုမရှိနိုင်ပါကြောင်း၊ အကယ်၍ မတော်တဆဖြစ်ပေါ်ခဲ့စေကာမူ အလိုအလျောက် ထိန်းချုပ်ကွပ်ကဲနိုင်မည့်စနစ် SCADA System ကိုလည်း တပ်ဆင်အသုံးပြုထားပါကြောင်း၊ (ဂ) မဒေးကျွန်း၊ ရေနံလက်ရေးစခန်းသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်သည့်အတွက် International Convention ကို လိုက်နာလျက်ရှိပြီး၊ သင်္ဘောကြီးများသည်လည်း နိုင်ငံတကာသင်္ဘောများဖြစ်ပြီး၊ ၎င်း Convention ကို လိုက်နာ ဆောင်ရွက်ရပါကြောင်း၊ (ဃ) ဆိပ်ကမ်းမဖွင့်လှစ်မီကပင် Oil Spill Contingency Plan ရေးဆွဲ တင်ပြနိုင်ခဲ့၍ ဆိပ်ကမ်းအာဏာပိုင်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း အဖြစ် ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ (င) လုပ်ငန်းစဉ်အရ ရေဆိုးပါဝင်ခြင်းမရှိသည်‌့ ရေနံစိမ်းဖြစ်၍ ရေဆိုးစွန့်ပစ်ခြင်း သင်္ဘော ဆေးကြောခြင်းတို့ မလုပ်ပါကြောင်း၊ (စ) မတော်တဆမှု ရေနံယိုစိမ့်မှုကို ထိန်းချုပ်နိုင်ရန် ရေနံတား ဘော်ယာများကို အသုံးပြု၍ ရေနံဖိတ်လွင့်စင်မှုဧရိယာအနည်းဆုံး ဖြစ်အောင် စီမံထားပါကြောင်း၊ ရေပေါ်တွင် ဖိတ်စင်လွင့်မျောမည်‌့ ရေနံစိမ်းဧရိယာကို ကန့်သတ်ထိန်းချုပ်ရန် Piston Membrane နှင့် Oil Collectors များ စီမံထားရှိပြီး လုပ်ငန်းစတင်ချိန် ၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ ရေနံ ယိုဖိတ်မှုမရှိသေးပါကြောင်း၊ (ဆ) အဆိုပါ ဆိပ်ကမ်းတွင် MOGE မှ ပညာရှင်များ တာဝန် ထမ်းဆောင်စောင့်ကြပ်လျက်ရှိသည်‌့အပြင် ဆိပ်ကမ်းတွင် သင်္ဘောဆိုက်ကပ်အာဏာပိုင် အဖွဲ့အစည်း များမှ တာဝန်ရှိသူများလာရောက်စောင့်ကြပ်လျက် ရှိပါကြောင်း၊ (ဇ) အဆိုပါရေနောက်သော နေရာသည် မဒေးကျွန်း၏ ရေဆန်အပိုင်းတွင် တည်ရှိခြင်းကြောင့် မတော်တဆယိုဖိတ်ခဲ့သည်‌့တိုင် ရေဆန်သို့မရောက်နိုင်ပါကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတာဝန်ကျ အင်ဂျင်နီယာ များနှင့် ကုမ္ပဏီမှတာဝန်ရှိသူများသည် သံစစ်မြစ်အတွင်း ရေအရောင်ပြောင်းလဲမှု သိရှိချိန်တွင် လိုက်ပါ၍ စစ်ဆေးလေ့လာမှုများ ပြုလုပ်ပြီး ရေနမူနာများကို ရန်ကုန်မြို့ရှိ MOGE ဓာတ်ခွဲခန်း ပညာရေးဝန်ကြီးဌာန ကန်ဘဲ့သုတေသနဓာတ်ခွဲခန်းကို ပို့ဆောင်ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ရေနံစိမ်း ပါဝင်မှုမတွေ့ရှိရကြောင်းနှင့် ရေနောက်နေသောနေရာမှ ရေနမူနာများ၏ ဓာတ်ခွဲအဖြေသည် မဒေးကျွန်းရေနံဆိပ်ကမ်းမှ ရေနံယိုဖိတ်ခြင်းမဟုတ်ကြောင်း ရှင်းလင်းဖော်ပြထားပါကြောင်း၊

ထို့အပြင် ရေအရောင်ပြောင်းလဲမှုဖြစ်ပေါ်နေသည့်နေရာတွင် dead zone ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပတ်ဝန်းကျင်ဂေဟစနစ်ပျက်ယွင်းမှုအရင်းခံတစ်ခုကြောင့်လည်းကောင်း၊ အရောင် ‌ပြောင်းလဲဖြစ်ပေါ်နိုင်ကြောင်းနှင့် အောက်ဖော်ပြပါအချက်များကို အဖြေရှာဆွေးနွေးသင့်ကြောင်း တင်ပြထားပါကြောင်း၊ (က) ဒေသသုံးစက်တပ်ရေယာဉ်များကြောင့် Oil & Grease များဖိတ်စင်ခြင်း၊ (ခ) အောက်ခံဘူမိမြေ အနေအထားကြောင့် ချော်ရည်စိမ့်ထွက်နိုင်ခြင်း၊ (ဂ) ဆားချက်ဖိုများ၏ စွန့်ပစ် ပစ္စည်းများကြောင့် ဖြစ်ပေါ်ခြင်း၊ (ဃ) ရေစီးကြောင်းပြောင်းလဲခြင်း၊ (င) ရာသီဥတုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ‌ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်ပါကြောင်း၊ အထက်ပါရှင်းလင်းချက်များအရ သံစစ်မြစ် ဒေသတစ်ဝိုက်နှင့် ရေအရောင်‌ပြောင်းလဲမှုဖြစ်စဉ်အား ဝန်ကြီးဌာနမှကိုယ်စားလှယ်များ၊ ဘာသာရပ် ဆိုင်ရာပညာရှင်များ ပါဝင်သော နိုင်ငံတော်အဆင်‌့ ကော်မတီကဖွဲ့စည်းပြီး လေ့လာသုံးသပ်သင့် ပါကြောင်း လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာနက ဖြေကြားထားပါကြောင်း၊ ကျန်းမာရေးနှင်‌့ အားကစား ဝန်ကြီးဌာနမှ ရေနမူနာများအား ဓာတ်ခွဲစမ်းသပ်ချက်အရ သက်ရှိများအသက်ရှင်နေနိုင်ရန် ခက်ခဲကြောင်း၊ Oil & Grease ပါဝင်မှုများခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း ဖြစ်နိုင်ကြောင်း၊ Phenol ပမာဏများခြင်းကြောင့် အရေပြားအရောင်ပြောင်းလဲခြင်း၊ ဆားလောင်ခြင်း များဖြစ်နိုင်ပြီး အဆိုပါအရေပြား ဆားလောင်သောနေရာတွင် နာကျဉ်မှုမရှိတတ်ပါကြောင်း၊ ရေထုညစ်ညမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို တောင်းခံခဲ့ရာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမျိုးသမီးလူနာငါးဦးသည် အဆိုပါ ညစ်ညမ်း ရေထုနှင့်ထိတွေ့ခဲ့ရာမှ အရေပြားအကွက်များဖြစ်ပေါ်ခြင်း၊ ယားယံခြင်းများကြောင့် ပြင်ပလူနာအဖြစ် ကုသခံယူရသည်ကို သိရှိရပါကြောင်း၊ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနက အောက်ပါအတိုင်း အကြံပြုထားပါကြောင်း၊ (က)ရေထုညစ်ညမ်းမှု ဧရိယာတစ်ခုလုံးကို ကိုယ်စားပြုသော အဖြေများ ရရှိရန် ရေနမူနာများကို ASEAN Marine Water Quality Management Guideline နှင့် Monitoring Manual  ပါ ခရီးစဉ်များအတိုင်း စနစ်တကျထပ်မံယူ၍ အသိအမှတ်ပြုဓာတ်ခွဲခန်းနှစ်ခုတွင် စစ်ဆေး ပေးရန်၊ (ခ) ရရှိလာသောအဖြေများပေါ်မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင် ပညာရှင်များက ရေထုညစ်ညမ်းသော အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ခြင်းနှင်‌့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးရန် စသည်တို့ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင်‌့လည်း တာဝန်ရှိသူများလိုက်ပါလျက် သံစစ်မြစ်ကြောင်း တစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့မှုများကို ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များ အချိန်နှင်‌့ တစ်ပြေးညီတင်ပြခဲ့ကြောင်း၊ ရေနမူနာယူဆောင်၍ ဓာတ်ခွဲစမ်းသပ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိရေပြင်သည် ရေအရောင်ပြောင်းလဲမှုမရှိတော့သည်ကို တွေ့ရှိရပြီး ကျေးရွာသူကျေးရွာသား များမှလည်း ငါး၊ ပုစွန်ဖမ်းခြင်းလုပ်ငန်းများကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆုံးရှုံးနစ်နာမှုများအား ယနေ့အထိ တစ်ဦးတစ်ယောက်မျှ ဒေသအာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြလာခြင်းမရှိသေးပါကြောင်း၊

သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ၏ ညွှန်ကြားချက်အရ ၁၃-၉-၂၀၁၈ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ မဒေးကျွန်းအနီးရှိ သံစစ်မြစ်အတွင်း ကွင်းဆင်းခဲ့ပါကြောင်း၊ ရေလုပ်သားများနှင်‌့ တွေ့ဆုံမေးမြန်းချက်အရ ရေအရောင်ပြောင်းလဲနေသည်‌့ရေများကို လွန်ခဲ့သည်‌့ ၁၅ ရက်ခန့်ကပင် မတွေ့ရှိရတော့ကြောင်း၊ ငါးများသေဆုံးမှု မတွေ့ရှိရကြောင်း၊ ငါးဖမ်းလုပ်ငန်း ပုံမှန်ဆောင်ရွက် နေကြောင်း၊ အရောင်ပြောင်းလဲမှုရေတွင် အနံ့မရကြောင်း၊ ယခင်ကလည်း ရေအရောင်ပြောင်းလဲမှု တစ်ကြိမ် တွေ့ဖူးခဲ့ကြောင်း၊ ရေနမူနာများကိုရယူပြီး ရန်ကုန်သုတေသနနှင်‌့တီထွင်ဆန်းသစ်မှုဦးစီးဌာန ဓာတ်ခွဲခန်းတွင် ၂၄ နာရီအတွင်းအရောက်ပို့ပြီး ရေအရည်အသွေးများကိုလည်း ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပါကြောင်း၊ ၂၄-၉-၂၀၁၈ ရက်နေ့တွင်လည်း ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့်အတူ စစ်ဆေးခဲ့မှုအရ အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ပြာပင်လဟာချောင်း၌ ပေ ၁၀၀ ပတ်လည်ခန့်ဧရိယာတွင် ပဲကြီးလတ်အရွယ်အစားရှိ ဂုံးများသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါ ကြောင်း၊ အထက်ဖော်ပြပါ ကွင်းဆင်းစစ်ဆေးချက်များနှင့် ရေနမူနာများကို ဓာတ်ခွဲစမ်းသပ်ချက်အရ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါကြောင်း၊ (က) သံစစ်မြစ်ရေပြင်၌ ၂၀၁၈ ခုနှစ် ဇူလိုင်လ ပထမပတ် အတွင်း ရေအရောင်ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ (ခ) ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်၍ ၂၈-၇-၂၀၁၈၊ ၂၉-၇-၂၀၁၈ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးချက်အရ ငါးဖမ်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေကြောင်း၊ ရေနမူနာများကို ဒေသတွင်းလူမှုအဖွဲ့အစည်းများ ကလည်း ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန Occupational and Environmental Health Laboratory နှင်‌့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဓာတ်ခွဲခန်းတို့တွင် တိုင်းတာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း ရေနမူနာကို ရန်ကုန်မြို့ရှိ သုတေသနနှင်‌့ တီထွင်ဆန်းသစ်မှုဓာတ်ခွဲခန်းတွင်လည်းကောင်း စမ်းသပ်ဓာတ်ခွဲခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင်‌့ မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ရေနမူနာများကိုရယူ၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊

ရေနမူနာများကို ဓာတ်ခွဲစမ်းသပ်ခြင်းရလဒ်အရ ရေနမူနာရယူခဲ့သည်‌့ရေသည် ညစ်ညမ်းမှုအမှန် တကယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီးတွင် မြစ်ရေပြင်အရောင်ပြောင်းလဲမှုများမရှိတော့ကြောင်း၊ ယခုကိစ္စနှင့်စပ်လျဉ်းပြီး စိစစ်ထားမှုအရ တိကျသောအကြောင်းအရင်းကို စစ်ဆေးဖော်ထုတ်ရာတွင် (၁) ရေနေသတ္တဝါများနှင့် ဂေဟစနစ်၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးတို့အပေါ် ထိခိုက်နိုင်မှုများ၊ ဒေသတွင်း ရာသီဥတုပြောင်းလဲနိုင်မှု အ‌ခြေအနေ၊ သဘာဝဂေဟစနစ်တွင်ရှိသော ရေနေသတ္တဝါများနှင့် ဂေဟစနစ်ပြောင်းလဲလာမှု အခြေအနေ၊ ရေချို၊ ရေငန်ဝင်ရောက်မှုအခြေအနေ၊ မြစ်၊ ချောင်းများ အရည်အသွေးပြောင်းလဲမှု အခြေအနေ၊ ဖြစ်ပွားသောနေရာအနီးဝန်းကျင်ရှိ ပတ်ဝန်းကျင်အခြေအနေများအား ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခင်ကလေ့လာဆန်းစစ်ချက်များနှင့် ရေရှည်တွင် ဆက်လက်ဖြစ်ပေါ်နိုင်သော လူမှုစီးပွားထိခိုက်မှုများအပါအဝင် နောက်ဆက်တွဲဆိုးကျိုးများကို ထည်‌့သွင်းစဉ်းစားပြီး လေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်သွားသင်‌့ပါကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေတိုကာလတွင် ထိရောက်စွာဖြေရှင်းနိုင်မည့်အပြင် ရေရှည်ကာလတွင်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေးထိခိုက်မှုများကို ကြိုတင်မျှော်မှန်းပြီး ဆောင်ရွက်ရမည်‌့ အရေးကြီးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း လည်း သုံးသပ်ရရှိပါကြောင်း၊ ရေတိုကာလတွင် ဖြေရှင်းဆောင်ရွက်သင်‌့သော နည်းလမ်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ပြည်ထောင်စုအဆင်‌့ စစ်ဆေးရေးအဆင်‌့ဖွဲ့စည်းပြီး စစ်ဆေးဖော်ထုတ်ခြင်း၊ ဖြစ်စဉ်အတွက် ထိရောက်သော လျော့နည်းသက်သာစေမည့် နည်းလမ်းများ ကို ရှာဖွေဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဖော်ထုတ်ရရှိသော လျော့နည်းသက်သာစေမည့် နည်းလမ်း များကို ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင်‌့ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင်‌့ ဒေသခံလူထုတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြည်နယ် အစိုးရအဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများပါဝင်သော ပြည်နယ်အဆင်‌့ စောင်‌့ကြပ်ကြည်‌့ရှုရေးအဖွဲ့ကိုဖွဲ့စည်းပြီး ပုံမှန်ကြည်‌့ရှုစစ်ဆေးမှုများ ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း၊ ရေရှည်ကာလအတွက် ဖြေရှင်းရမည့် နည်းလမ်းများမှာ ဖြစ်စဉ်နှင့်သက်ဆိုင်သော အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသခံလူထုတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ ရေတိုကာလအတွက် ဖြေရှင်းဆောင်ရွက်မှုများ အပေါ်အခြေခံ၍ အလားတူဖြစ်စဉ်မျိုးမဖြစ်ပေါ်စေရန် ကာကွယ်သွားရမည့် ရေရှည်အစီအမံချမှတ်ခြင်း၊ ရေရှည်အစီအမံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင်‌့ သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင်‌့ ဒေသခံလူထုတို့ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်လူမှုစီးပွားဆိုင်ရာ ထိခိုက်မှုများအပေါ် လေ့လာဆန်းစစ်မှုများနှင့် သုတေသနပြုမှုများဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ရေရှည်ကာလနှင့် ရေတိုကာလတို့အတွက် အစီအမံများ စနစ်တကျဆောင်ရွက်ရမည်‌့နေရာသည် ပင်လယ်နှင့် အနီးကပ်ဆုံး ထိစပ်လျက် မြစ်၊ ချောင်းများဖြစ်ခြင်း၊ စောင်‌့ကြည်‌့စိစစ်ရမည်‌့ဧရိယာများ ကြီးမား ကျယ်ပြန့်ခြင်း၊ ဒေသဆိုင်ရာ နောက်ခံအကြောင်းအရာများနှင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ခိုင်ခိုင်မာမာသိရှိရန်လိုအပ်ခြင်းနှင်‌့ လုပ်ငန်းသဘာဝအရ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျလေ့လာ ဖော်ထုတ်ရန်လိုအပ်ခြင်းစသည့် အချက်များကြောင့် သယံဇာတနှင်‌့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သောအစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင်‌့ ဒေသခံ လူထုတို့ ဆွေးနွေးပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှသာ ရာနှုန်းပြည့်ထိရောက်စွာ ဖြေရှင်းနိုင်မည့်လုပ်ငန်းဖြစ်ပါကြောင်း သုံးသပ်အကြံပြုဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခု ဝန်ကြီးဌာနငါးခု၊ ရခိုင်ပြည်နယ်အစိုးရ လုပ်ဆောင်ခဲ့သည်များကို ဝန်ကြီးက ဖတ်ပြ ရှင်းလင်းရာတွင် ပါရှိပါကြောင်း၊ မြေပြင်နှင့်စပ်ဟပ်သောဖြေရှင်းချက်များပါသကဲ့သို့ မြေပြင်နှင့် မည်သို့မျှ မစပ်ဟပ်သည်များလည်း များစွာပါရှိပါကြောင်း၊ ၎င်းဒေသတွင် ရေလုပ်သားများ ဆုံးရှုံးနစ်နာမှုများ များစွာရှိခဲ့ပါကြောင်း၊ ငါးများ တစ်နေ့လျှင် သိန်း ၂၀၊ ၁၅ သိန်း ဖမ်းဆီးရရှိသော ငါး များ မရရှိတော့ပါကြောင်း၊ ထည့်သွင်းစဉ်းစားပြီးမှ စိစစ်ရန်၊ မိမိမေးမြန်းသည့်မေးခွန်းတွင် အဓိက ညစ်ညမ်းရေများ မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်ရသည့်အချက်ကို ပေါ်လွင်အောင် ဖြေကြားသွားခြင်း မရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင် အခင်းအကျင်းများကြောင့် ဒေသခများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခြင်း မရှိပါဟု ငြင်းဆိုပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အတွက် မည်ကဲ့သို့ ထူးခြားမှုများပေးမည်ကို ဖြေကြားသွားခြင်းလည်း မရှိပါကြောင်း၊ မေးခွန်း(ခ)ကို ယေဘုယျအားဖြင့် ဖြေကြားသည်ဟုလည်း နားလည်လို့ရပါ တယ်။ ကျေးဇူးတင်ပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ အဆိုပါဆက်စပ်မေးခွန်းက မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ပါဝင်ပြီး Investigation လုပ်ထားသည့် ကိစ္စများကို ပေါင်းစပ်ညှိနှိုင်းပြီးမှ အားလုံးသုံးသပ်ပြီး အဖြေထုတ်ပေးရမည် ဖြစ်သည့်အတွက် အချိန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနကိုတင်ပြပြီးမှ ပြန်လည်ဖြေကြားပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။