မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ် ဆောင်ရွက်ရာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၁၂ သန်းမှ ၁၄ သန်းအထိ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များနှင့် စက်မှုကုန်ကြမ်းများ တင်ပို့ပြီး တရုတ်ဘက်မှ လူသုံးကုန်ပစ္စည်းများ လုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုကုန်ချောများ ပြန်လည်တင်သွင်းပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးပမာဏ အများဆုံးဖြစ်သည့် မူဆယ်မြို့တွင် ကုန်သည်များသွားလာရန်နှင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် အသုံးပြုသည့် မန္တလေး-မူဆယ်ကားလမ်းသည် တစ်ရက်လျှင် ကားအစီးရေ ၂၀၀၀ မှ ၄၀၀၀ အထိ သွားလာသောကြောင့် ယာဉ်အသွားအလာအလွန်များပြားပြီး မကြာခဏ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ပြီး ကုန်စည်စစ်ဆေးရေးဂိတ်များကြောင့် ကြန့်ကြာမှုများရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက်ရှိဦးမည် ဖြစ်ပါကြောင်း၊ အလားတူ မြဝတီမြို့သည်လည်း နယ်စပ်ကုန်သွယ်ရေး ဒုတိယပမာဏအများဆုံးမြို့ဖြစ်သည့်အပြင် မြန်မာနှင့် အာဆီယံနိုင်ငံခြား တိုက်ရိုက်ကုန်သွယ်မှုပြုတဲ့ စီးပွားရေးတံခါးဝလည်း ဖြစ်ပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံမှတစ်ဆင့် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများကို ကုန်စည်စီးဆင်းမှုများရှိပြီး ပြည်ပခရီးသွားဝင်ရောက်မှု အများဆုံးမြို့ဖြစ်ပါကြောင်း၊ မူဆယ်မြို့သည်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု ဒုတိယအများဆုံးမြို့ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါတဲ့ နယ်စပ်စီးပွားရေး တံခါးဝတွေဖြစ်သည့် မူဆယ်နှင့် မြဝတီမြို့များတွင် လေယာဉ်ကွင်းများ တည်ဆောက်ခြင်းဖြင့် ကုန်သွယ်မှု ပိုမိုမြန်ဆန်သွက်လက်လာပြီး စီးပွားရေးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒေသခံများလည်း သွားလာရေး လွယ်ကူပြီး နိုင်ငံတကာခရီးသွားများ ဝင်/ထွက်သွားလာခြင်းဖြင့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏အဓိကနယ်စပ် ကုန်သွယ်ရေး မြို့များဖြစ်သည့် မူဆယ်နှင့် မြဝတီမြို့များတွင် လေယာဉ်ကွင်းဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ မူဆယ်လေယာဉ်ကွင်းဟောင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက တည်ဆောက်ထားပြီး အလျားပေ ၅၀၀၀၊ အကျယ် ပေ ၁၀၀၊ ထု ၈ လက်မရှိသည့် ကျောက်ခင်းလေယာဉ်ပြေးလမ်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ၎င်းလေယာဉ်ပြေး လမ်းဟောင်းကို မူဆယ်အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ရွှေလီမြစ်ကမ်းဘေး တစ်လျှောက် ဆောင်ရွက်နေတဲ့ Muse Central Business District သို့ ဆက်သွယ်သည့် လမ်းမကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆင့်မြှင့်တင်၍ အသုံးပြုထားသည့်အပြင် တရုတ်ပြည်နယ်နိမိတ်နှင့်ကပ်လျက် အနေအထားရှိခြင်းကြောင့် ၎င်းနေရာတွင် လေကြောင်းဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် လေယာဉ်ကွင်းတစ်ကွင်း တည်ဆောက်ရန် မဖြစ်နိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ မူဆယ်မြို့အတွက် လေယာဉ်ကွင်းသစ်ဖောက်လုပ်နိုင်ရန် မြေနေရာ ရှာဖွေခြင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းသုတေသနဌာနမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့မှ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ ပထမ အကြိမ် မြေနေရာရှာဖွေခဲ့ပါကြောင်း၊ ပထမအကြိမ်ရှာဖွေခဲ့သည့် မူဆယ်မြို့၏အရှေ့တောင်ဘက် ၁၃ မိုင်ခွဲခန့်တွင်ရှိသည့် မြေနေရာတွင် လေယာဉ်ပြေးလမ်းတည်ဆောက်မည်ဆိုပါက သက်ဆိုင်ရာ Survey များ တိုင်းတာကွင်းဆင်းလေ့လာချက်အရ ဖို့မြေ/ဖြတ်မြေစသည့် မြေကြီးလုပ်ငန်း ကျင်းပေါင်း သိန်း ၅၀ ကျော်ရှိမည်ဟု တွက်ချက်ရရှိခဲ့ပါကြောင်း၊ ပထမရှာဖွေခဲ့သည့်မြေနေရာတွင် လေယာဉ် ကွင်းတည်ဆောက်မည်ဆိုပါက မြေကြီးလုပ်ငန်းပမာဏများပြားပြီး ကုန်ကျစရိတ်ကြီးမားမည်ဖြစ်သည့် အတွက် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် မြေနေရာထပ်မံ ရှာဖွေခဲ့ပြီးနောက် မူဆယ်မြို့မှ အရှေ့တောင်ဘက် ၅ မိုင်ခွဲ၊ ၆ မိုင်၊ ၁၂ မိုင်နှင့် ၁၃ မိုင်ခန့် အသီးသီး ကွာဝေးတဲ့နေရာ လေးနေရာကို လျာထားခဲ့ပါကြောင်း၊
ဒုတိယအကြိမ် ရှာဖွေခဲ့သည့် လျာထားမြေနေရာ လေးနေရာအနက် မူဆယ်မြို့မှ ၆ မိုင် ကွာဝေးပြီး လားရှိုး-မူဆယ်လမ်းမကြီး အနောက်ဘက်ခြမ်း ကောင်းဝှက်ရွာ အနောက်မြောက်ဘက် ကုန်းကြော နေရာသည် လေကြောင်းဆိုင်ရာကန့်သတ်ချက်အရ တစ်ဖက်တည်းကိုသာ အဓိကထား ဆင်း/တက် မှုပြုလုပ်နိုင်မည်ဖြစ်သော်လည်း မူဆယ်မြို့နှင့် အလှမ်းမဝေးခြင်း၊ လားရှိုး-မူဆယ် ကားလမ်းဘေးတွင် တည်ရှိခြင်း၊ တည်ဆောက်ရေးလုပ်ငန်းပမာဏ နည်းပါးနိုင်ချေရှိခြင်းနှင့် မြေနေရာရရှိနိုင်မှုအတွက် လျော်ကြေးပေးချေရမယ့် ပမာဏနည်းပါးခြင်းစတဲ့အချက်များကြောင့် အသင့်တော်ဆုံးဖြစ်သည်ဟု သုံးသပ်ရွေးချယ်ခဲ့ပြီး အသေးစိတ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများ ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မူဆယ်ဒေသနေ ပြည်သူများအနေဖြင့် အစိုးရဌာနကိစ္စများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကိစ္စများအတွက် မြို့ကြီးများသို့ လွယ်ကူစွာဖြင့် အချိန်မီသွားလာဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် မူဆယ်မြို့အတွက် လေယာဉ်ကွင်းသစ်ကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၉/၂၀၁၇)သို့ တင်ပြခဲ့ရာ မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါသဖြင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ကရင်ပြည်နယ်၊ မြဝတီမြို့ လေယာဉ်ကွင်း တည်ဆောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ မြဝတီမြို့တွင် လေယာဉ်ကွင်းဟောင်းမြေနေရာမရှိသည့်အပြင် လေယာဉ်ကွင်းတည်ဆောက်ရန် မြေနေရာရှာဖွေ ဆောင်ရွက်ထားမှုလည်းမရှိပါသဖြင့် လေယာဉ်ကွင်း သစ်တည်ဆောက်မည်ဆိုပါက သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် သင့်တော်ပြီး လုံလောက်သည့်မြေနေရာကို ကွင်းဆင်းရှာဖွေရွေးချယ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အနာဂတ်အစီအစဉ်တွင် မြဝတီမြို့၌ လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် ယခု အချိန်တွင် စီစဉ်လျာထားမှုမရှိပါကြောင်း ဖြေကြားပါသည်။
