(က)-အရှုံးပေါ်၍ ရပ်ဆိုင်းထားသော ဓာတ်မြေသြဇာစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင်‌့ ပူးပေါင်းပြီး ဓာတ်မြေသြဇာများကို ပြန်လည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၁၀.၂၀၁၇)

ဦးနေမျိုးထက်( ကျောက်တံတားမဲဆန္ဒနယ်) (921)မြန်မာနိုင်ငံသည် တစ်ချိန်က ပြည်ပသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်တိုးတက်မြင့်မားရေးအတွက်လည်း မဖြစ်မနေ လိုအပ်သော ဓာတ်မြေသြဇာကို နိုင်ငံခြားငွေသုံး၍ ပြည်ပမှဝယ်ယူ တင်သွင်းနေရသည့် အစား သွင်းကုန် အစားထိုးသည့်အနေဖြင့် ပြည်တွင်းမှာအဆင်သည့်ရှိနေသော ဓာတ်မြေသြဇာ စက်ရုံများအား လိုအပ် သည့်နည်းပညာနှင့် အရင်းအနှီးများကို ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီများ ပူးပေါင်း၍ အဆင့်မြှင့်တင်ရန် ပြုပြင်တည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ဖြူးရန်အထူးလိုအပ်ပါကြောင်း၊

မိမိတို့နိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံငါးရုံရှိပါကြောင်း၊ (၁) စလေစက်ရုံ၊ (၂) ကျွန်းချောင်းနှင့် (၃)  ကျော်စွာတို့ကို ရပ်ထားသည်မှ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပါကြောင်း၊ (၄) မြောင်းတကာ (၅)  ကန်ကြီးထောင့်ဓာတ်မြေသြဇာစက်ရုံ တို့ဖြစ်ပါကြောင်း၊ စက်ရုံ(၁) ၊ စက်ရုံ(၄) နှင့် စက်ရုံ(၅) တို့သာလည်ပတ်နေသော်လည်း စက်ရုံ(၄)နှင့်စက်ရုံ(၅)တို့သည် အရှုံးများဖြစ်ပေါ်နေပါကြောင်း၊ စက်ရုံအမှတ်(၄) မြောင်းတကာစက်ရုံကို လေ့လာတွေ့ရှိချက်အရ နိုဝင်ဘာလ ၂၀၁၀ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်များတွင် အမြတ်ငွေများစွာရရှိသော်လည်း  ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင်အမြတ်ငွေ အများဆုံးရရှိခဲ့သော် လည်း ၂၀၁၅ ခုနှစ်မှစပြီး ၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ်များတွင် ယခုလက်ရှိအရှုံးပေါ်နေပါကြောင်း၊  ၂၀၁၂-၁၃ ခုနှစ်တွင်အများဆုံးထုတ်လုပ်နိုင်ခဲ့ပြီး ဖြန့်ဖြူးမှုလည်း အများဆုံး ဖြစ်ခဲ့ပါကြောင်း၊ ၎င်းနောက် စက်ရုံမှ ထုတ်လုပ်မှုကျဆင်းသွားပြီး နိုင်ငံတော်မှအရှုံးနှင့်ရင်ဆိုင်ပြီး လည်ပတ်နေပါ ကြောင်း၊ ဓာတ်မြေသြဇာအရှုံးပေါ်ရခြင်း အကြောင်းအရင်းမှာ စက်ရုံလည်ပတ်သည့်နေရာတွင် လျှပ်စစ်ချို့ယွင်းမှုကြောင့် စက်ရုံရုတ်တရက်ရပ်သွားသည့်အခါ စက်ရုံ သည် High Temperature နှင့် High Pressure သို့ လည်ပတ်နေရာမှရပ်တန့်သွားသဖြင့် Temperature Shot များ၊ Pressure Shot တို့ကြောင့် စက်ချို့ယွင်းမှုသည် စက်စွမ်းအင်ကျဆင်း လာခြင်းကြောင့် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ၂၀၁၅-၁၆ ခုနှစ်တွင် စက်ချို့ယွင်းမှု ၁၀၃ ကြိမ် ဖြစ်ပေါ်ခဲ့ပါကြောင်း၊  လျှပ်စစ်ဓာတ်အားလည်း မတည်ငြိမ်သည်ကိုလည်း တွေ့ရရှိရပါကြောင်း၊  ကန်ကြီးထောင့်စက်ရုံသည် ၂၀၁၁-၁၂ ဘဏ္ဍာရေး နှစ်တွင် အမြတ်ရရှိပြီး ၂၀၁၂-၁၃ ခုနှစ်၊ ၂၀၁၃-၁၄ ခုနှစ်၊ ၂၀၁၄-၁၅ ခုနှစ်၊ ၂၀၁၅-၁၆ ခုနှစ်၊ ၂၀၁၆-၁၇ ခုနှစ်များတွင် အရှုံးများပေါ်ခဲ့ပါကြောင်း၊ အရှုံးတွေပေါ်နေရသည့်အကြောင်းအရင်းများမှ စက် ပျက်၍ပြုပြင်ရခြင်း၊ ယူရေးနီးယား လက်ကျန်နည်းခြင်း၊ နှုန်းရှင်ငွေလဲနှုန်း မြင့်တက်လာခြင်း၊ ကြွေးဆပ် ရသည့်ကြွေးစရိတ်များကြောင့် ရှံးခဲ့ရပါကြောင်း၊၂၀၁၆-၁၇ ပထမနှစ်ဘဏ္ဍာရေးနှစ်တွင် ၂၀၁၆ ခုနှစ်ထိထုတ်လုပ်သည့် ယူရေးနီးယား ပမာဏမှာလည်း သိုလှောင်ရုံအခက်အခဲကြောင့် စက်ရုံ ရပ်နားထားရပါကြောင်း၊

ဓာတ်မြေသြဇာသည် စိုက်ပျိုးရေးနိုင်ငံအတွက် လိုအပ်ပါကြောင်း၊ လက်ရှိလည်ပတ်နေသည့် စလေဓာတ်မြေသြဇာစက်ရုံ ၊ မြောင်းတကာဓာတ်မြေသြဇာစက်ရုံ၊ ကန်ကြီးထောင့်ဓာတ်မြေသြဇာ စက်ရုံများသည်လည်း အရှုံးပေါ်နေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မြတ်အောင်၊  အလုပ်ဖြစ် အောင်၊ ဓာတ်မြေသြဇာများထွက်ပြီး တောင်သူလယ်သမားများကို ဖြန့်ဖြူးနိုင်အောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရန်နှင့် မည်သည့်အစီအမံ များချထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။


 

ဖြေကြားသူ
လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ဓာတ်မြေသြဇာစက်ရုံငါးရုံ တည်ဆောက် လည် ပတ်ခဲ့ပါကြောင်း၊အဆိုပါငါးရုံအနက် အမှတ်(၂)ဓာတ်မြေသြဇာစက်ရုံ(ကျွန်းချောင်း)နှင်‌့ အမှတ် (၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ) စက်ရုံများသည် ကာလကြည်ရှည်ကုန်ထုပ်လုပ်မှုကို ရပ်ဆိုင်းထား သည့် အတွက်ကြောင့် အရှုံးပေါ်လျက်ရှိပါကြောင်း၊ အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း) စက်ရုံကို ၁၉၆၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ Pintsch Bamag Co.,Ltd နှင့်စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ထိုအချိန်ကဒေသအနီးတစ်ဝိုက်တွင်ရှိသည့်  ကျောက်ခွက်၊ အရာတော်၊ သာကြီးတောင်စသည့် ရေနံမြေများမှနေပြီး ထုတ်လုပ်နိုင်သည့် ကုန်တွင်း သဘာဝဓာတ်ငွေ့ကို ဓာတ်မြေသြဇာစက်ရုံ၏ ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တစ်ရက်လျှင် ဓာတ်မြေသြဇာ ၂၀၇ တန်ခန့် ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ အခု အချိန်ကာလနှင့် တွက်ကြည့်ပါက စက်၏သက်တမ်းသည့် ၄၉ နှစ် ရှိပြီဖြစ်ပါကြောင်း၊ အမှတ်(၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)ကို ၁၉၈၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ UHDE GmbH Co.,Ltd နှင့်စတင်တည်ဆောက်ခဲ့ပြီး ပြည်ရေနံမြေကထုတ်လုပ်နိုင်သည့် ကုန်တွင်းသဘာဝ ဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ်ရယူအသုံးပြုလည်ပတ်ပြီး တစ်ရက်လျှင် ဓာတ်မြေသြဇာ တန် ၆၀၀ ခန့်နှုန်း ထုတ်လုပ်ခဲ့ပါကြောင်း၊ ကျော်စွာစက်ရုံ၏ စက်သက်တမ်းသည် ၃၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ရေနံမြေများ ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို ထုတ်ယူသုံးစွဲခဲ့သည်မှ နှစ်ပေါင်း ၃၀ ကျော်မှ နှစ် ၄၀ အထိ ကြာမြင်‌့ခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် နဂိုထိုဒေသ မြေအောက်တွင်တည်ရှိနေသည့် သဘာဝဓာတ်ငွေ့များလည်း ကုန်ခမ်းသွားခဲ့ပြီဖြစ်သည့်အတွက်ကြောင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုသည် အထူးတလည်ကျဆင်းသွားသည့်အတွက်  အမှတ်(၂)ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)ကို ၃၁-၅-၂၀၀၉ ရက်နေ့တွင် ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ အမှတ်(၃) ဓာတ်မြေသြဇာ စက်ရုံ(ကျော်စွာ)ကို ၇-၉-၂၀၁၀ ရက်နေ့တွင် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စက်ရုံနှစ်ရုံ၏ သက်တမ်းသည် စက်သက်တမ်း ၃၅ နှစ်မှ ၄၉ နှစ်ထိ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် ကုန်းတွင်း သဘာဝဓာတ်ငွေ့များ ထွက်ရှိမှုကျဆင်းသွားပြီးကုန်ကြမ်းမရရှိတော့သည့်အတွက်ကြောင့် စက်ရုံများကိုရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း၊

အဆိုပါ စက်များ၏သက်တမ်းသည် အထူးကြာမြင့်နေပြီဖြစ်သည့်အတွက်ကြောင့် ယခုအချိန်တွင် လိုအပ်သည့်အလားတူ စက်ပစ္စည်းအစိတ်အပိုင်းများကို ပြည်ပနိုင်ငံများတွင် ထုတ်လုပ်ခြင်းမရှိ တော့သည့် အတွက်ကြောင့် ပြန်လည်အစားထိုးပြုပြင်ရန်လည်း အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် အဆိုပါစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ဓာတ်မြေသြဇာပြန်လည် ထုတ်လုပ် နိုင်ရေး အတွက် ဆောင်ရွက်နေခြင်းမရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ စက်ရုံနှစ်ရုံကို စာရင်းရှင်းလင်းဖျက်သိမ်းရေး ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ကျန်ဓာတ်မြေသြဇာစက်ရုံဖြစ်သည့် ကန်ကြီးထောင့်နှင့် မြောင်းတကာဓာတ်မြေသြဇာစက်ရုံတို့သည် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိသည့် ဧရာဝတီတိုင်း၊ အဖျောက်ဒေသမှ ထွက်ရှိသည့် ကုန်းတွင်းသဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး ဓာတ် မြေသြဇာများ ထုတ်လုပ်နေခြင်းဖြစ်ပါကြောင်း၊ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များ မော်တော် ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ၎င်းအပြင် LPG ဓာတ်ငွေ့ရည်အိုးများ၊ ပြည်သူများ အသုံးပြုရန်အတွက် Transportation  ကိစ္စများပါဦးစားပေးပြီး အသုံးပြုနေရသည့်အတွက် ကြောင့် ဓာတ်မြေသြဇာစက်ရုံများအတွက် လိုအပ်သည့်ဓာတ်ငွေ့များကိုလည်း မျှတအောင်သုံးစွဲ နေရသည့် အတွက် ထုတ်လုပ်နိုင်စွမ်းကျဆင်းနေခြင်း ဖြစ်ပါကြောင်း၊ စက်ရုံ၏ထုတ်လုပ်နိုင်မှု ကျဆင်း သည့်အခါ ပုံသေကုန်ကျစရိတ်များရှိနေသည့်အတွက်ကြောင့် စက်ရုံများ အရှုံးပေါ်နေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်ကာမိစေရန်နှင့် အမြတ်ပေါ်အောင် ဈေးတင်ရောင်းချခဲ့ပါက ဓာတ်မြေသြဇာ ဝယ်ယူအသုံးပြုရမည့် တောင်သူလယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ထွက်ရှိသည့်ဓာတ်မြေသြဇာကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေရသည့်အတွက် ကြောင့်လည်း အရှုံးပေါ်နေခြင်းဖြစ်ပါကြောင်း၊

သို့ရာတွင် စက်များချို့ယွင်းခြင်းကြောင့် စက်လည်ပတ်နိုင်မှု အားနည်းသည့်အတွက် ထုတ်လုပ်မှု ကျဆင်းခြင်းမရှိအောင် မိမိတို့ဝန်ကြီးဌာနမှ အထူးတလည်ကြိုးပမ်း ဆောင်ရွက်နေပြီး ၎င်းကိစ္စများကို လျော့နည်းအောင် ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ အဆိုပါ လက်ရှိလည်ပတ်နေဆဲ မြောင်း တကာနှင့် ကန်ကြီးထောင့်ဓာတ်မြေသြဇာစက်ရုံများကို ပုဂ္ဂလိကများနှင့် ပူးပေါင်းပြီးထုတ်လုပ်ရန် ဝန်ကြီးဌာနမှ ကမ်းလှမ်းခဲ့သည်များရှိပါကြောင်း၊ လာရောက်ပြီး Survey ဆင်းပြီး လာကြည့်သည့် ပုဂ္ဂလိကအဖွဲ့များအနေဖြင့်လုပ်ငန်းအပေါ်တွင် ၎င်းစကေးနှင့်လုပ်၍ တွက်ခြေမကိုက်သည့် အတွက် ပူးပေါင်းဆောင်ရွက်ရန်အဆိုပြုသည့်ကိစ္စများ လက်ရှိမရှိပါကြောင်း၊  သို့ရာတွင် မည်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကမဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုလာပါက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကြိုဆို လက်ခံဆွေးနွေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။