(က)-လေးတောင်နယ်ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းနေ ရေလုပ်သားများအတွက် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ခိုနားနိုင်ရန်ဘက်စုံသုံး မုန်တိုင်းဒဏ်ခံအဆောက်အဦ တစ်လုံးစီဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၇.၉.၂၀၁၈)

 

(က)-လေးတောင်နယ်ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းနေ ရေလုပ်သားများအတွက် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ခိုနားနိုင်ရန် ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ (Multi Purpose Cyclone Shelter) တစ်လုံးစီဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ ရမ်းဗြဲမြို့နယ်သည် ပင်လယ်မြစ်ချောင်းများဝိုင်းပတ်ထားသော ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိ သော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိ လူအများစုသည် လယ်ယာလုပ်ငန်းဖြင့် အသက် မွေးသူများဖြစ်ကြပြီး ကျန်လူအများစုက ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်ကြပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူများအနက် ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ် ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းလုပ်ကွက်များအနက် ကြီးမားသော လုပ်ကွက်တစ်ခုဖြစ်ပါကြောင်း၊ လေးတောင်နယ်ဒေသရှိ ကျောက်ဦးမော်ရေလုပ်ငန်းလုပ်ကွက်သည် လည်း ဒေသနေရေလုပ်သားများ မှီခိုအသက်မွေးနေရသည့် ရေလုပ်ငန်းလုပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊ လေးတောင်နယ်ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းသို့ ရေလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ အိမ်ထောင်စုများ ရွှေ့ပြောင်းလာရောက်လုပ်ကိုင်ကြပြီး အခြေချ နေထိုင်လာကြသည်ကို မြင်တွေ့နေရပါကြောင်း၊ ဆန်တင်မော် ဆိပ်ကမ်းတွင် အိမ်ခြေ ၁၅၀ ခန့်နှင့် လူဦးရေ ၇၀၀ ကျော်ခန့်သည် အမြဲတမ်းနေထိုင်လျက်ရှိပြီး ဆန်တင်မော်ဆိပ်ကမ်း၏ တစ်ဖက်ကမ်းရှိ ကျောက်ဖြူမြို့နယ်၊ ကင်းဖက်ဆိပ်ကမ်းတွင်လည်း အိမ်ခြေ ၁၀၀ ခန့်နှင့် လူဦးရေ ၅၀၀ ခန့်သည် ငါးလုပ်ငန်းရာသီတွင် နေထိုင်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆန်တင်မော်ဆိပ်ကမ်းနှင့် ၅ မိုင်ခန့်အကွာတွင် တည်ရှိသော ကျောက်ဦးမော်ဆိပ်ကမ်းတွင်လည်း အိမ်ခြေ ၁၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ခန့်နေထိုင်လုပ်ကိုင်လျက်ရှိသော ရေလုပ်ငန်းဆိပ်ကမ်း တစ်ခုဖြစ်ပါကြောင်း၊ ဆန်တင်မော် ဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်ကမ်းခြေနှင့် ကိန်းချောင်းဝတွင် တည်ရှိပြီး ငါးဖမ်းစက်လှေများ အချိန်မရွေးဝင်ထွက်သွားလာနိုင်သော ဆိပ်ကမ်းဖြစ်သဖြင့် ရေလုပ်သားများ တစ်နေ့ထက်တစ်နေ့ များပြားဝင်ရောက်လာသော ဆိပ်ကမ်းတစ်ခု ဖြစ်ပါကြောင်း၊ ဤဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော် ဆိပ်ကမ်းတို့သည် ပင်လယ်ကမ်းခြေဒေသများဖြစ်ပြီး တောင်ကုန်း၊ တောင်တန်းများ လုံးဝမရှိသောဒေသဖြစ်သဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လာသောအခါ ခိုနားနိုင်မည့်နေရာမရှိ ဖြစ်နေရပါကြောင်း၊ ယခင်ကာလများက ဤဒေသတွင် မုန်တိုင်းကျရောက်ခဲ့စဉ်က ဤဒေသသို့ လာရောက်လုပ်ကိုင်ကြသော သံတွဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့မှ ကျောပိုက်လုပ်သားများ သေဆုံး၊ ပျောက်ဆုံးမှုများရှိခဲ့ပြီး ကုန်းပေါ်တွင်ကျန်ရှိနေခဲ့သော မိသားစုများသည်လည်း ခိုနားရာမဲ့ ဖြစ်နေခဲ့ကြပါကြောင်း၊ ယခုအခါ မိုးလေဝသသတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်လာသောအခါ အကာအကွယ်မဲ့နေသော ဆန်တင်မော်ဆိပ်ကမ်းသည် ရေလုပ်သားများနှင့် ကျောက်ဦးမော်ဆိပ်ကမ်းသည် ရေလုပ်သားမိသားစုများ ဘေးအန္တရာယ်ကင်းစွာ ခိုနားနိုင်စေရန် အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦ (Multi Purpose Cyclone Shelter) တစ်လုံးစီတည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း  မေးမြန်းပါသည်။


ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
အဖြေ

 

မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိပြီး မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်တွေ့ကြုံနေရသည့်ဒေသဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများတွင် ရေဘေးဒဏ်ခံဘက်စုံသုံးခိုလုံရာ အဆောက်အဦ များကို ဆောက်လုပ်ပေးခဲ့ရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ ဝန်ကြီးဌာနဘတ်ဂျက်ရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်တို့ဖြင့် မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူမြို့နယ်တို့တွင် Shelter စုစုပေါင်း ၂၄ လုံးကို ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဆက်လက်ပြီး ၂၀၁၈ ခုနှစ်အတွက် Cyclone Shelter များကို စစ်တွေမြို့နယ်တွင် သုံးလုံး၊ ကျောက်ဖြူမြို့နယ်တွင် လေးလုံး၊ ရမ်းဗြဲမြို့နယ်တွင် လေးလုံး၊ မာန်အောင်မြို့နယ်တွင် ရှစ်လုံး၊ ‌မြောက်ဦးမြို့နယ်တွင် တစ်လုံး၊ မောင်တောမြို့နယ်တွင် တစ်လုံး၊ ပေါက်တောမြို့နယ်တွင် သုံးလုံး၊ တောင်ကုတ်မြို့နယ်တွင် နှစ်လုံး စုစုပေါင်း ၂၆ လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်လည်းကောင်း၊ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့တွင် လေးလုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့်လည်းကောင်း စုစုပေါင်း Cyclone Shelter အလုံး ၃၀ ဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးမည့် ၂၆ လုံးအနက် ရမ်းဗြဲ မြို့နယ်အတွက် လေးလုံးပါဝင်ခဲ့ရာ ပင်ပေါင်းချောင်း၊ သစ်ကနက်၊ မန်ဂျင်းနက်၊ စက္ကူကျွန်း၊ ရေခေါင်း ချောင်းကျေးရွာတို့တွင် စတင်ဆောက်လုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော Cyclone Shelter က ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ပါကြောင်း၊ ထပ်မံ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်ထားသော လေးတောင်နယ်ဒေသ ဆန်တင်မော်ဆိပ်ကမ်းသည် ရမ်းဗြဲမြို့နယ်၊ ဇရပ်ပြင် ကျေးရွာအုပ်စု၊ နဂါးကျေးရွာ၊ ပြင်ချောင်းဝ ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး ကျောက်ဦးမော်ဆိပ်ကမ်း သည် ဇရပ်ပြင်ကျေးရွာ၊ ဆန်တင်မော်ဆိပ်ကမ်းနှင့် ၇ မိုင်ခန့်အကွာ ပင်လယ်ကမ်းခြေတွင် တည်ရှိ သည့် ရေလုပ်ငန်းလုပ်ကိုင်နေကြသော ဆိပ်ကမ်းများ ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကျောက်ဖြူခရိုင်၊ ဦးစီးမှူးရုံးက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ချက်အရ ဆန်တင်မော်နှင့် ကျောက်ဦးမော်ဆိပ်ကမ်းတို့မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောက်လုပ်လျက်ရှိသော အောင်လှပြင်ကျေးရွာ Cyclone Shelter သို့ သွားလိုပါက ဇရပ်ပြင်ကျေးရွာမှတစ်ဆင့် ကျောက်ချောလမ်းဟောင်းအတိုင်း ခြေလျင်ဖြင့် သုံးနာရီခွဲခန့်၊ ဆိုင်ကယ် ဖြင့် တစ်နာရီခန့် သွားလာရပါကြောင်း၊

ကျောက်ချောလမ်းအတိုင်း ဇရပ်ပြင်မှ အောင်လှပြင်ကျေးရွာသို့လည်း သွားရောက်နိုင်ပါကြောင်း၊ ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းတို့သည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်လျက်ရှိကြရာ ဆန်တင်မော်ဆိပ်ကမ်းတွင် အိမ်ခြေ ၁၅၀ ခန့် လူဦးရေ ၇၀၀ ကျော်ခန့်နှင့် ကျောက်ဦးမော်ဆိပ်ကမ်းတွင် အိမ်ခြေ ၁၀၀ ခန့် လူဦးရေ ၅၀၀ ခန့်ရှိပြီး ပွင့်လင်းရာသီတွင် ရေလုပ်ငန်း လုပ်ကိုင်သူဦးရေသည် ယခုထက်ပိုမိုများပြားစွာ နေထိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း တင်ပြသွားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဆိပ်ကမ်းနှစ်ခုရှိ ရေလုပ်သားများ၏ နေထိုင်ရာနေရာသည် ပင်လယ်ကမ်းခြေနှင့်နီးကမ်းစွာတည်ရှိပြီး ဇရပ်ပြင် ကျေးရွာအုပ်စုရှိ ကုန်းတွင်းပိုင်းကျေးရွာများနှင့် ၆ မိုင်ခန့် ဝေးကွာခြင်း၊ အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများ မရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ပြောင်းရွှေ့ခိုနား နိုင်ရန် အဆောက်အဦများမရှိခြင်းတို့ကြောင့် ၎င်းဒေသရှိ ရေလုပ်သားများနှင့် မိသားစုဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ခိုလုံနိုင်ရန်အတွက် ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်း တို့အနီးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိစစ်ရွေးချယ်ပေးသော သင်လျော်သည့်မြေနေရာတွင် ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ တစ်လုံးကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဦးစားပေးဆောက် လုပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။