(စ)-နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းလမ်းပေါ်မှ Box Culvert များအား သတ်မှတ်စံနှုန်းများအတိုင်း အသစ်ပြန်လည် ဆောင်ရွက်စေခြင်းအပြင် အခြားမည်ကဲ့သို့သော ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၇.၉.၂၀၁၈)

 

(စ)-နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းလမ်းပေါ်မှ Box Culvert များအား သတ်မှတ်စံနှုန်းများအတိုင်း ဆောင်ရွက်ထားမှုမရှိသော Global Land ကုမ္ပဏီအား အသစ်ပြန်လည်ဆောင်ရွက်စေခြင်းအပြင် အခြားမည်ကဲ့သို့သော ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

Global Land ကုမ္ပဏီသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လဟယ်မြို့နယ်၊ တပ်ရန်-ရောင်ဖိုမြေသား လမ်းပေါ်တွင် ငါးပေ Box (၃၀) နှစ် စင်း တည်ဆောက်ခြင်း၊ နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းကြား ငါးပေ Box စင်း (၆၀) ကို တင်ဒါအောင်မြင်ပြီး တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ Global Land ကုမ္ပဏီ သည် Global Wave ကုမ္ပဏီအနေနှင့်လည်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ ရှိတ်ညို-လုံကျန်းကြားမှ Box Culvert များကို တည်ဆောက်သည့် အခါ လုပ်ငန်းတွင် ထည့်သွင်းရမည့် သဲ၊ သဲကျောက်၊ ဘိလပ်မြေ၊ သံပင်များကို Estimate ထဲမှ သတ်မှတ်စံချိန်စံညွှန်းပါအတိုင်း အသုံးမပြုပါ ကြောင်း၊ Box Culvert လုပ်ရန် ပျဉ်နှင့် အထပ်သားများ သုံးရမည့်နေရာတွင် မျှောတိုင်၊ ဝါးတိုင်လေးများ နှင့်ထောက်ပြီး ကြမ်းဝါးခင်းပေါ်တွင် ငှက်ပျောရွက်နှင့် ပလတ်စတစ်မိုးကာများကို သုံးပါကြောင်း၊ သဲနှင့်သဲကျောက်ကိုလည်း သယ်ယူအသုံးပြု၍ ရသော်လည်း ဘေးနားမှ ရွှံ့နှင့် ကျောက်ရောမြေများ ကိုသာထည့်ပြီး ဘိလပ်မြေမသုံးဘဲ လုပ်ထားသောကြောင့် အလိုအလျောက် ပြိုကျပျက်စီးသွားခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်ပြုလုပ်ထားသည့် Box Culvert များကို လည်း နဂိုလုပ်ထားသည့်အတိုင်း သစ်တိုင်နှင့် ကြမ်းဝါးများကို အသုံးပြုထားပါကြောင်း၊ ထို့ကြောင့် ယခုလုပ်ထားသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဘယ်လောက်ထိ အာမခံချက်ပေးနိုင်မည်ကို သိချင်ပါကြောင်း၊ ဒေသအပေါ်စေတနာမထား ဘဲ အစုအဖွဲ့၏ အကျိုးကိုသာ အဓိကထားပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်းမလုပ်သည့် Global Land ကုမ္ပဏီကို Black List သတ်မှတ်ပေးသည့်အပြင် နာဂဒေသတွင် ထိုကုမ္ပဏီက လုပ်ခဲ့သည့် လုပ်ငန်းများ အားလုံးကို ပြည်ထောင်စုအဆင့်မှ စနစ်တကျ သေချာစိစစ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက် ပေးရန် တင်ပြလိုပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျမလုပ်သည့် ကုမ္ပဏီများကြောင့် ဒေသခံများ နစ်နာဆုံးရှုံးရပါကြောင်း၊ ထို့အတူ အစိုးရ၏ပုံရိပ်ကိုလည်း ထိခိုက် ကျဆင်းစေသည့်အတွက် ရှိတ်ညို-လုံကျန်းကျေးရွာကြား Box Culvert များအား သတ်မှတ်စံနှုန်းများ အတိုင်း ဆောင်ရွက်ထားမှုမရှိသော Global Land ကုမ္ပဏီ အား အသစ်ပြန်လည်ဆောင်ရွက်စေခြင်းအပြင် အခြားမည်သို့သော ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ရှိတ်ညို-ကဲဆန်လုံကျန်း လမ်းပိုင်းသည် ရောင်ကွန်-ရှိတ်ညို-ကဲဆန်လုံကျန်း-ဆာရွက်-ကြူယမ်း ၃၅ မိုင် လမ်းကြောင်းပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါ ၃၅ မိုင်လမ်းပိုင်းနှင့်ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေကျပ် ၈၆.၁၅ သန်းဖြင့် မြေလမ်းငါးမိုင်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၂၁၀.၉၆၀ သန်းဖြင့် မြေလမ်း ၁၀ မိုင်၊ လေးပေ Box Culvert (၁၀)စင်း၊ နှစ်ပေ Pipe Culvert (၁၀)စင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၃၁၉.၃၉၆ သန်းဖြင့် မြေလမ်းရှစ်မိုင်၊ ငါးပေ Box Culvert (၆၀)စင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်ရန်ပုံငွေ ကျပ် ၁၂၉.၁၄၀ သန်းဖြင့် ကျောက်လမ်းတစ်မိုင် အသီးသီးဆောင်ရွက် ပေးခဲ့ပြီး စုစုပေါင်းရန်ပုံငွေကျပ် ၇၄၅.၆၄၆ သန်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊

ရှိတ်ညို-လုံကျန်းလမ်းပေါ်ရှိ  Box Culvert များကို သတ်မှတ်စံနှုန်းများအတိုင်း ဆောင်ရွက်ထားမှုမရှိသော Global Land ကုမ္ပဏီအပေါ် အသစ်ပြန်လည်ဆောင်ရွက်စေခြင်းအပြင် အခြားမည်သို့သော ထိရောက် သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးမြန်းချက်နှင့်‌ပတ်သက်၍ ရှိတ်ညို-ကဲဆန် လုံကျန်းလမ်းပေါ်ရှိ ခြောက်ပေ Box Culvert (၆၀) စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အရည်အသွေးမပြည့်မီသည့် Box Culvert များကို ပြန်လည်ပြုပြင်စေခဲ့ရာ ၂၅-၈-၂၀၁၈ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးခဲ့ပြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးပေးပြီး လိုအပ်ချက်များရှိပါက ကုမ္ပဏီအား ထပ်မံဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ အကယ်၍ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ခြင်း မရှိပါက ၎င်းကုမ္ပဏီကို Black List စာရင်းသွင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။