(ခ)-ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း ၁၄ မိုင်တွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိသည့် ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်း မြေသားလမ်း ၆ မိုင်နှင့် မန်ကောင်း-နော်ဝ မြေသားလမ်း ၇ မိုင်တို့အား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မက်မန်းမြို့နယ်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်ပါဝင်ပြီး အစွန်အဖျားတွင် တည်ရှိပြီး အကျယ်အဝန်းအနေဖြင့် စတုရန်းမိုင်ပေါင်း ၁၁၆၈.၂၃ မိုင်နှင့် ဧရိယာဧကအနေဖြင့် ၇၄၇၆၆၆ ဧကကျယ်ဝန်းပြီး မြေပြန့်လွင်ပြင် နည်းပါးပြီး တောင်တန်းထူထပ်သည့် သွားလာရေးခက်ခဲသော ဒေသလည်း ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၁၈၀ တွင် တည်ရှိသည့် မြို့ဖြစ်ပြီး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မြို့လည်းဖြစ်ပါကြောင်း၊ မက်မန်းမြို့နယ်တွင် ရပ်ကွက်ကြီး ၂ ခု၊ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာ၊ အိမ်ထောင်စု ၄၀၇၅ စု၊ အိမ်ခြေ ၃၈၈၃ ရှိပြီး ရှမ်းလူမျိုး၊ လားဟူလူမျိုး၊ လယ်လ၊ ဝလူမျိုးနှင့်ဗမာလူမျိုးများ အများစုမှီတင်း နေထိုင်လျက်ရှိပါကြောင်း၊ လူဦးရေအရ ၂၃၈၀၄ ဦးရှိပါကြောင်း၊ အများစုသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ဒေသထွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် မိုင်းပျဉ်း-မက်မန်း လမ်းကို အဓိကထားလုပ်ကိုင်လျက် ရှိကြပါကြောင်း၊ မြို့နယ်ချင်းဆက်လမ်း အနေဖြင့်လည်း မိုင်းပျဉ်း-မက်မန်းလမ်း တစ်ခုတည်းသာ ရှိပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်နားနေချိန်များတွင် ရွေးကောက်ခံနယ်မြေကို သွားရောက်ခဲ့ပြီး ဒေသခံမြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခဲ့ပြီး ဒေသလိုအပ်ချက်ကို မေးသည့်အချိန်တွင် အများဆုံးကျေးရွာ ချင်းဆက်လမ်းများကို တင်ပြကြသည်ကို တွေ့ရှိရပါကြောင်း၊ အမှန်တကယ်လည်း မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ကျေးရွာချင်းသွားလာရာတွင် လူသွားလမ်းကို မော်တော်ဆိုင်ကယ် စီးနင်းပြီးသွားလာနေကြရသည့်အတွက် ဒေသထွက်ကုန်များကိုလည်း ကျေးရွာများမှ မော်တော်ဆိုင်ကယ်ဖြင့် မိုင်းပျဉ်း-မက်မန်းလမ်းမအထိ ရောက်အောင်သယ်ယူ ပို့ဆောင်လျက် ရှိနေကြပါကြောင်း၊
ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း ၁၄ မိုင်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေက မြေသားလမ်း ၈ မိုင် ခွင့်ပြုခဲ့ပါကြောင်း၊ ယခုလိုခွင့်ပြုသည့်အခါ ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်းဆိုပြီး ၄ မိုင် ဖောက်လုပ်ပြီး ဖြစ်သကဲ့သို့ ရောင်အူကြီး-ပန်ဝေါ့ ၄ မိုင်ဆိုပြီး ဖောက်လုပ်ခဲ့ပါကြောင်း၊ ခွင့်ပြုသည့် ၈ မိုင်မှာ လမ်း၏အစွန်ဘက်များကို ၄ မိုင်စီ ဖောက်လုပ်ပြီး ရွာအလယ်ကြားတွင် ၆ မိုင်က လစ်ဟာနေပါကြောင်း၊ တစ်ဆက်တည်း မဖောက်လုပ်သည့်အတွက် အစွန်းဘက်များကို ဖောက်လုပ်သည့်အတွက် အလယ်တွင် ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်းဆိုပြီး ၆ မိုင် ကျန်ရှိနေသည့်အတွက် အလယ်တွင်လွတ်ပြီး တစ်ဆက်တည်း မမိသည့်နေရာကို တင်ပြတောင်းခံမည် ဖြစ်ပါကြောင်း၊ နောက်တစ်လမ်းက မန်ကောင်း-နော်ဝ မြေသားလမ်း ၇ မိုင် တင်ပြတောင်းခံခြင်း ဖြစ်ပါကြောင်း၊
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် အထက်ဖော်ပြပါ လမ်းများ ဖောက်လုပ်ပြီးပါက ကျေးရွာနေပြည်သူလူထု တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူ ပြုမည်ဖြစ်သည့်အတွက် မြို့နယ်ပြည်သူလူထု ကိုယ်စား မေးမြန်းသည်မှာ ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း ၁၄ မိုင်တွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသည့် ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်း မြေသားလမ်း ၆ မိုင်နှင့် မန်ကောင်း-နော်ဝ မြေသားလမ်း ၇ မိုင်တို့ကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မက်မန်းမြို့နယ် ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး ၁၄ မိုင်အနက် ဝိန်းနောင်မှ ပန်ကြုံ ၄ မိုင်နှင့် ရောင်အူကြီးမှ ပန်ဝေါ့ ၄ မိုင် စုစုပေါင်း ၈ မိုင်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မြေလမ်း၊ ကျောက်လမ်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်းလမ်း ၆ မိုင် ဆက်လက်ဆောင်လုပ်ရန် ကျန်ရှိနေပါကြောင်း၊ အဆိုပါကျန်ရှိနေသည့် ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်း လမ်းပိုင်း ၆ မိုင်နှင့် မန်ကောင်း-နော်ဝလမ်း ၇ မိုင်တို့အား လက်ရှိတွင် ဆိုင်ကယ်သာသွားလာ နိုင်သည့် လမ်းအဆင့်သာရှိသဖြင့် မြေသားလမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသော လမ်းပိုင်းနှစ်ခုကို မြေလမ်း အဆင့်မြင့်တင် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းပြီး “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီး အဖွဲ့၏ အသေးစိတ်ကွင်းဆင်း လေ့လာတင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စိစစ်ပြီး လိုအပ်သလို ရန်ပုံငွေတင်ပြလာမည်ဆိုပါက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမှ ဦးစားပေး အစီအစဉ်ဖြင့် အပိုင်းလိုက်လျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
