ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၂.၉.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် (၃၈၃)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က မေးမြန်းသော ပြည်သူ့လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ရာတွင် မေးခွန်းမေးမြန်းချိန်ကို (၅) မိနစ်အစား (၆)မိနစ်သို့ လည်းကောင်း၊ အဆို ဆွေးနွေးချိန်ကို (၆)မိနစ်အစား (၅) မိနစ်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဦးလှမိုးက မေးခွန်းမေးမြန်းခြင်းကို ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုဆွေးနွေးခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၉ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြင်ဆင်ပြောင်းလဲရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်က မေးမြန်းသော ဘူးသီးတောင် မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်လဝကဦးစီးမှူးသည် ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးတံစိုးလက်ဆောင် တောင်းခံခြင်းအား အရေးယူ ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြို့နယ် လဝကဦးစီးမှူးကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအရ အပြစ်ဖော်ပြ မှတ်တမ်းတင် လက်မှတ်ရေးထိုးစေခဲ့ပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ ရုံးအမိန့်ထုတ်ပြန်ပြီး ဒေသ ပြောင်းရွှေ့ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဦးစိုင်းဆိုင်မိုင်း၊ မိုင်းကိုင်မဲဆန္ဒနယ်က မေးမြန်းသော မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆန်ဟကျေးလက်ကျန်းမာရေးဌာနခွဲနှင့် မိုင်းယွန်းကျေးလက် ကျန်းမာရေးဌာနခွဲ တို့တွင် ကျန်းမာရေးဝန်ထမ်းများ ထပ်မံတိုးချဲ့ခန့်ထားပေးရန်၊ ဝန်ထမ်းအိမ်ရာများ အလုံအလောက် ဆောက်လုပ်ပေးရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက် အဆောက်အဦများ အထူးဦးစားပေးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လစ်လပ်လျက်ရှိသော ကျန်းမာရေးကြီးကြပ်(၂) တစ်ဦးအား လတ်တလောတွင် ခန့်ထားနိုင်ခြင်းမရှိသေးဘဲ ၂၀၁၉ ခုနှစ်တွင် ဦးစားပေးခန့်ထား ပေးသွားမည်ဖြစ်ပြီး စံကိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ ဆောက်လုပ် ရန်အတွက် ကျေးရွာမှ လှူဒါန်းထားသည့် မြေကွက် ၂၀၀ ပေပတ်လည်အား ကျန်းမာရေးဌာနပိုင် ဂရန်အမည်ပေါက်ရရှိသည့် အချိန်မှစ၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။               

          (၄)    ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအသင်းက ခြံခတ်ကာရံပိတ်ဆို့ထားသော ရပ်ကွက်ကြီး(၃)ခု၏ ရေစီးရေလာ ကောင်းမွန်ရေး ရေနုတ်မြောင်းကြီးကို ပြည်သူပိုင် အဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လွှတ်တော်   ကိုယ်စားလှယ်၊ ရပ်မိရပ်ဖများနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း၍ ဆောင်ရွက်သင့်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။      (၅)    ဦးကျော်မင်း၊ ကမာရွတ်မဲဆန္ဒနယ်က မေးမြန်းသော အများပြည်သူနှင့် လူငယ်မျိုး ဆက်သစ်များ လေ့ကျင့်ကစားနိုင်ရေးအတွက် ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက် အတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းများအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်က ပညာရေးဝန်ကြီးဌာနမှ လိုအပ်သော ဘောလုံးကွင်း ပြင်ဆင်စရိတ်များကို ခွင့်ပြုဘဏ္ဍာငွေ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်း ထားသော တက္ကသိုလ်ဘောလုံးကွင်းများ ကြီးကြပ်ရေးကော်မတီမှ စည်းကမ်းတကျ ဘောလုံးကစားခွင့်အား သတ်မှတ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ်က မေးမြန်းသော ရွာငံမြို့နယ်၊ ဟန်မြင့်မိုရ်-ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် တည်ရှိသည့် မြိုင်တိုက်နယ်ဆေးရုံအား စံကိုက် အဆောက်အဦပုံစံဖြင့် ပြန်လည်တည်ဆောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အမိုးပြုပြင်ခြင်းနှင့် အခြားဦးစားပေးလိုအပ်သော ပြုပြင်မွန်းမံမှု လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေဖြင့် လည်းကောင်း၊ ခွဲစိတ်ခန်းပါဝင်သော တစ်ထပ်တိုးချဲ့လူနာဆောင်နှင့် လေးခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် စီမံကိန်းရန်ပုံငွေဖြင့်လည်းကောင်း ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၇)    ဦးစိုင်းစန်သိန်း၊ မိုးနဲမဲဆန္ဒနယ်က မေးမြန်းသော မိုးနဲမြို့နယ်၊ ဘောလုံးအား ကစားကွင်းအတွက် ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေစာရင်းစီမံကိန်းလျာထားချက်တွင် ထည့်သွင်းလျာထား ဆောင်ရွက် သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

( ခ )  အစီရင်ခံစာတင်ပြခြင်း

          ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ        ကော်မတီက အစီရင်ခံစာကို တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၃.၉.၂၀၁၈ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဂ )   ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

          ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(ဃ)    ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊  သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

          ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာကို ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်က အဆိုကိုဆွေးနွေးကာ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ယင်းအစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

(င)    ဥပဒေကြမ်း(၃)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

      (၁)     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တင်သွင်းသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

          (၂)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့သော အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်      ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(၃)     ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက တင်သွင်းသည့် ၂၀၀၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(စ)    အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေသည့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ပပျောက် စေရေးအတွက် မဟာဗျူဟာချမှတ်၍ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၇.၉.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။