(ခ)-ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်လဝကဦးစီးမှူးသည် ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးတံစိုးလက်ဆောင်တောင်းခံခြင်းအား အရေးယူပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဒေသခံတိုင်းရင်းသားများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်သည့်အခါ ငွေကြေးတံစိုး လက်ဆောင်ပေးရပြီး အကြောင်းအမျိုးမျိုးပြ၍ ရုံးချိန်းအကြိမ်ကြိမ် သွားရောက်နေရခြင်းကြောင့် ငွေကုန်ကြေးကျများပြီး အချိန်မီနိုင်ငံသားစိစစ်ရေး ကတ်ပြားမရဘဲ အခက်အခဲတွေ့နေရကြောင်းကို ကာယကံရှင်များက တိုင်ကြားလာသည့်အတွက် မိမိကိုယ်တိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ လိပ်မူပြီး ၁၄-၅-၂၀၁၈ ရက်နေ့က တိုင်ကြားခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်သည့်စာ ဖြစ်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်က အခက်အခဲတွေ့နေသည့် ပုဂ္ဂိုလ်များ၏တင်ပြချက်၊ တိုင်ကြားချက်စာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မီဒီယာနှင့် မိမိတို့ဒေသတွင် ယခုကဲ့သို့ ဖြစ်နေပါကြောင်းကို မီဒီယာကနေ ပြည်သူကို အသိပေးပြီး ပြောကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ၁၉-၆-၂၀၁၈ ရက်နေ့ စာအမှတ်၊ အဂတိ ၇/၆၀၂/၁၃၅၁/၂၀၁၈ ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်နေမှု အခြေအနေအား တင်ပြပေးရန် အကြောင်းကြားစာမိတ္တူကို မိမိထံ ပေးပို့လာရာမှ သိရှိရပါကြောင်း၊ သို့သော် ရက်ပေါင်း ၆၀ ပြည့်သော်လည်း တစ်စုံတစ်ရာမှ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် သြဂုတ်လ ၇ ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံပြီး တိုင်ကြားခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆုံးရှုံးမှုမရှိစေရန် လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းစေရန် ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုရရှိစေရန်တို့ကို ရှေးရှုပြီး ဌာန၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေကြေးတံစိုးလက်ဆောင် တောင်းခံရယူခဲ့သော ဘူးသီးတောင် မြို့နယ်လဝကမှူး ဦးမြင့်သိန်းအား မည်ကဲ့သို့ အရေးယူဆောင်ရွက် ထားကြောင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဘူးသီးတောင်မြို့နယ် ဦးစီးမှူးသည် ဘူးသီးတောင်မြို့နယ်ကို ၂၁-၉-၂၀၁၆ ရက်နေ့ကတည်းက ရောက်ရှိ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါကြောင်း၊ တိုင်ကြားစာကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းသည့်အခါ ဘူးသီးတောင်မြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာတွင်နေသည့် မောင်ကိုဇော်ဦးသည် ၈-၅-၂၀၁၈ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခဲ့ပါကြောင်း၊ ယခုလိုလျှောက်ထား ပေးခဲ့မှုအတွက် ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးကို ပလပ်စတစ်ထိုင်ခုံနှစ်လုံး လှူဒါန်းခဲ့ပါကြောင်း၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးက လှူဒါန်းရန်တောင်းခံခဲ့ကြောင်း လူမှုကွန်ရက်၏ စာမျက်နှာတွင် တင်ခဲ့သည်ကို အကြောင်းပြုပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးက မေးမြန်းလာခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုလည်း တိုင်ကြားလာခြင်းဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေခရိုင်ဦးစီးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးးတစ်ဦး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာ စိစစ်ရေးအဖွဲ့နှင့် စုံစမ်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးခဲ့ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသူ မောင်ကိုဇော်ဦးမှ ရပ်ဝေးမှလာရောက်သည့် အလွှာရှင်များ အဆင်ပြေစွာ နားနေနိုင်ရေးအတွက် မြို့နယ်မှူး၏ ပြောကြားချက်အရ ပလပ်စတစ်ထိုင်ခုံနှစ်လုံး ပေးအပ်ခဲ့မှုကို ပြုခဲ့ပါကြောင်း၊ ၎င်းပလပ်စတစ် ထိုင်ခုံနှစ်လုံးကိုလည်း မြို့နယ်မှူးမှလက်ခံပြီး ရုံးတွင်ထားရှိခဲ့ပါကြောင်း၊ ၎င်းအတွက် မြို့နယ်မှူးအနေဖြင့် လုပ်ထုံးလုပ်နည်းများ မှားယွင်းကြောင်း စိစစ်တွေ့ရှိရပါသည်။ တိုင်ကြားသည့်ရက် ၆၀ အတွင်း သက်ဆိုင်ရာကို ဖြေကြားရန် ကန့်သတ်ချက်ရှိခြင်းကြောင့် တိုင်ကြားသည့်လူ၊ သက်သေများကို ခေါ်ယူသည့်အခါ မပြည့်စုံသည့်အတွက် ကြန့်ကြာနေခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့၏ အစီရင်ခံစာရရှိပြီး ဖြစ်သည့်အတွက် မြို့နယ်ဦးစီးမှူးကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအရ အပြစ်ဖော်ပြ မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ ၅-၉-၂၀၁၈ ရက်နေ့ ရုံးအမိန့်ထုတ်ပြန်ပြီး ဒေသပြောင်းရွှေ့ တာဝန်ချထားပြီး ဖြစ်ပါကြောင်း၊ အလားတူ မဖြစ်စေရေး ဝန်ထမ်းအဆင့်ဆင့်ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ဌာနအနေဖြင့် အလေးထား ကြပ်မတ်လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အဂတိတိုက်ဖျက်ရေး လုပ်ငန်းကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ ဝန်ထမ်းများ အလားတူ ဆောင်ရွက်သည့် မိမိ၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားဖြင့် ဆောင်ရွက်ခြင်း၊ တံစိုးလက်ဆောင် တောင်းသည်ဆိုလည်း လွှတ်တော်ကိုယ်စား လှယ်ကြီးများအနေဖြင့် အချိန်မရွေး မိမိတို့ကို တိုင်ကြားနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ၊ ဥပဒေများနှင့်အညီ ထိရောက်စွာ ဆက်လက်အရေးယူ သွားမည်ဖြစ်သည့်အပြင် ကြပ်မတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
