(ဂ)-မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆန်ဟကျေးလက်ကျန်းမာရေးဌာနခွဲနှင့် မိုင်းယွန်းကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် ကျန်းမာရေးဝန်ထမ်းများ ထပ်မံတိုးချဲ့ခန့်ထားပေးရန်၊ ဝန်ထမ်းအိမ်ရာများ အလုံအလောက်ဆောက်လုပ်ပေးရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦများ အထူးဦးစားပေးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း တုံလောကျေးလက် ကျန်းမာရေးဌာန လက်အောက်ရှိ ဆန်ဟကျေးလက် ကျန်းမာရေးဌာနခွဲက ကျေးရွာအုပ်စုနှစ်ခု၊ ကျေးရွာ ၁၂ ရွာ၊ လူဦးရေ ၂၆၁၁ ဦး၊ မိုင်းယွန်းကျေးလက် ကျန်းမာရေးဌာနခွဲက ကျေးရွာအုပ်စုတစ်စု၊ ကျေးရွာ ၁၅ ရွာ၊ လူဦးရေ ၂၁၄၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ၎င်းကျေးလက်ကျန်းမာရေး ဌာနခွဲနှစ်ခုတွင် ကြီးကြပ် (၁) ဦး၊ သားဖွား (၁) ဦးစီဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ သားဖွားဆရာမတစ်ဦးကို ကျေးရွာ ၁၀ ရွာ အနည်းဆုံး တာဝန်ယူနေရခြင်း၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာ အလှမ်းကွာဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဝန်ထမ်းအိမ်ရာများ မရှိခြင်းတို့ကြောင့် ကျေးလက်နေ ပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်သည့်အတွက် မေးမြန်းလိုသည်မှာ မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ၂၃ မိုင်ခန့် အလှမ်းကွာဝေးပြီး ကျေးရွာနေပြည်သူလူထု ၄၇၅၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသည့် ဆန်ဟကျေးလက် ကျန်းမာရေးဌာနခွဲနှင့် မိုင်းယွန်းကျေးလက် ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေး ဝန်ထမ်းများ ထပ်မံတိုးချဲ့ခန့်ထားပေးနိုင်ရန် လိုအပ်လျက်ရှိနေသည်ကို တွေ့ရှိရသည့်အပြင် ဝန်ထမ်းအိမ်ရာများ အလုံအလောက် ဆောက်လုပ်ပေးရန် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦများ ဦးစားပေးဆောက်လုပ်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ ထို့အတွက်ကြောင့် သက်ဆိုင်ရာမှ မည်သည့်ကာလတွင် မည်ကဲ့သို့ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနသုံးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ခုဖွင့်လှစ်ထားပြီး ကျန်းမာရေး ဝန်ထမ်းများဖြင့် ကျန်းမာရေးမှူးတစ်ဦး၊ မြို့နယ်သူနာပြုအဆင့် တစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး သုံးဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ လေးဦး၊ သားဖွားဆရာမ ၁၉ ဦး၊ ကျန်းမာရေးကြီးကြပ် နှစ်ဦး၊ ကျန်းမာရေးကြီးကြပ် (၂) ၁၄ ဦးတို့ဖြင့် အဆိုပါမြို့နယ်ရှိ အိမ်ခြေ ၁၅၆၈၀၊ လူဦးရေ ၃၇၅၈၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးလျက်ရှိပါကြောင်း၊
မိုင်းကိုင်မြို့နယ် မိုင်းယွန်းကျေးလက် ကျန်းမာရေးဌာနခွဲတွင် သားဖွားဆရာမတစ်ဦး၊ ကျန်းမာရေးကြီးကြပ် (၂) တစ်ဦးအား ဖွဲ့စည်းပုံအပြည့် ခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊ ဆန်ဟကျေးလက် ကျန်းမာရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော သားဖွားဆရာမတစ်ဦးအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၈-၅-၂၀၁၈ ရက်စွဲပါစာအမှတ် (၆ သားဖွားပြောင်း ၁၈/၁၇၈၉) ဖြင့် ပြောင်းရွှေ့ခန့်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် လစ်လပ်လျက်ရှိသော ကျန်းမာရေးကြီးကြပ် (၂) တစ်ဦးအား လတ်တလောတွင် ခန့်ထားနိုင်ခြင်းမရှိသေးဘဲ ၂၀၁၉ ခုနှစ်၊ ကျန်းမာရေးကြီးကြပ် (၂) အသစ်ခန့်ထားပေးမည့် အချိန်တွင် ဦးစားပေးခန့်ထား ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာန၏ စံကိုက်ဖွဲ့စည်းပုံမှာ သားဖွားဆရာမ တစ်ဦး၊ ကျန်းမာရေးကြီးကြပ် (၂) တစ်ဦးသာရှိသည့်အတွက် ထပ်မံတိုးချဲ့ ခန့်ထားပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ဆန်ဟကျေးလက် ကျန်းမာရေးဌာနခွဲ၏ လက်ရှိအဆောက်အဦတွင် ရပ်ရွာမှဆောက်လုပ် ထားခြင်းဖြစ်ပြီး စံကိုက်ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦ ဆောက်လုပ်ရန်အတွက် ကျေးရွာမှ လှူဒါန်းထားသည့် မြေကွက် ၂၀၀ ပေပတ်လည်အား ကျန်းမာရေးဌာနပိုင်အမည်ပေါက် ရရှိသည့် အချိန်မှစ၍ နှစ်စဉ်စီမံကိန်းတွင် ရန်ပုံငွေ ရရှိရေးတွင် ဦးစားပေးအစီအစဉ်ဖြင့် တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိုင်းယွန်းကျေးလက် ကျန်းမာရေးဌာန၏ လက်ရှိအဆောက်အဦတွင် ရပ်ရွာမှ ဆောက်လုပ်ထားခြင်းဖြစ်ပြီး စံကိုက်ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦ ဆောက်လုပ်ရန်အတွက် ကျေးရွာမှလှူဒါန်းထားသည့် မြေကွက် ၂၀၀ ပေပတ်လည်အား ကျန်းမာရေးဌာနပိုင် ဂရန်အမည်ပေါက် ရရှိသည့်အချိန်မှစ၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
