ရှမ်းပြည်နယ်၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မြို့နယ်ဘောလုံးအားကစားကွင်းသည် အခြေခံအလယ်တန်းကျောင်း မြို့မ အနီးတွင်တည်ရှိပြီး မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ နှစ်စဉ်လာရောက်လေ့ကျင့်ကစားနေသော ကွင်းလည်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘောလုံးအားကစားကို စိတ်ဝင်စားသူများမှလည်း နေ့စဉ်အားကစားလေ့ကျင့်မှုများ လာရောက်ပြုလုပ်နေကြပြီး မြို့နယ် အဆင့်အားကစားပြိုင်ပွဲများ အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကိုလည်း တစ်နှစ်အနည်းဆုံး တစ်ကြိမ်ခန့် ကွင်းအတွင်းပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံး အားကစားကွင်းဖြစ်သော်လည်း ကွင်းအတွင်းပွဲကြည့်စင်မရှိသည့်အတွက် ပြိုင်ပွဲများကျင်းပသည့်အခါ များတွင် ဌာနဆိုင်ရာများနှင့် ပွဲကြည့်ပရိတ်သတ်များအတွက် ယာယီတဲများထိုးပြီး ပွဲကြည့်စင်အဖြစ် ဆောင်ရွက်ပေးနေရပါကြောင်း၊ သို့ဖြစ်သည့်အတွက် မြို့နယ်ဘောလုံးအားကစားကွင်းအတွင်း ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ပေးရန် ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်း၊ ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဘောလုံးကွင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အမည်ပေါက်ဂရန်မြေ ရရှိထားသော ဘောလုံးကွင်း ဖြစ်ပါကြောင်း၊ မိုးနဲမြို့နယ် ဘောလုံးကွင်းအတွင်း အုတ်တံတိုင်း ၂၁၈၂ ပေခန့် ကာရံခြင်းလုပ်ငန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၄၇.၆၃၀ ဖြင့် လုပ်ငန်းဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိုးနဲဘောလုံးကွင်းအတွင်း Inter Fencied ကာရံခြင်း လုပ်ငန်းအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျပ်သန်း ၁၇ သန်းဖြင့် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘောလုံးကွင်း အတွင်း ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေစာရင်းတွင် စီမံကိန်းလျာထားချက်တွင် ထည့်သွင်းလျာထား ဆောင်ရွက် သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တင်ပြလာခြင်းအား ရှင်းလင်းဖြေကြားပါသည်။
