(င)-အများပြည်သူနှင့်လူငယ်မျိုးဆက်သစ်များ လေ့ကျင့်ကစားနိုင်ရေးအတွက် ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းများအား ပြန်လည်ဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၂.၉.၂၀၁၈)

 

ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်းဘောလုံးကွင်း ရှစ်ကွင်းရှိပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)က စီမံအုပ်ချုပ်သည်ဟု သိရှိရပါကြောင်း၊ ဝန်ကြီးဌာနအသင်းခြောက်သင်းနှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်တို့က ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၁၀ ခုနှစ်အထိ လေ့ကျင့်ခဲ့ကြပြီး ဗဟိုကွင်းကို ပြိုင်ပွဲအရပ်ရပ်ကျင်းပရာတွင် အသုံးပြုခဲ့ကြပါကြောင်း၊ ၂၀၁၀ ခုနှစ်ရောက်သည့်အခါ မြန်မာနိုင်ငံဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဝန်ကြီးဌာနအသင်းများကို ဖျက်သိမ်းပြီး ကိုယ်ပိုင်ကလပ်အသင်းများပေါ်ပေါက်လာစေရန် ဆောင်ရွက်မှုတို့ကြောင့် တက္ကသိုလ်ဘောလုံးကွင်း များတွင် ငှားရမ်းလေ့ကျင့်မှုအစီအစဉ်သည်လည်း ရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ ရပ်ဆိုင်းထားခဲ့သော ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလများအတွင်း ကွင်းအတွင်းတွင် ဈေးရောင်းချသူများ၏ ခိုက်ရန်ဖြစ်ပွားမှုများ၊ စည်းကမ်းမဲ့မှုများနှင့် အခကြေးငွေယူပြီး ကွင်းငှားရမ်းမှုပြဿနာများကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများတို့က ဈေးသည် များကို ၂၀၁၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် နှစ်ကြိမ်တိတိ တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ အဆိုပါတွေ့ဆုံညှိနှိုင်းမှုများအရ ဈေးရောင်းချသူများမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပြီး ဗဟိုကွင်းမှလွဲပြီး ကျန်သည့် ခုနစ်ကွင်းကို ယနေ့အချိန်အထိ ပိတ်သိမ်း ထားခဲ့ပါကြောင်း၊

မြန်မာ့အားကစားဘောလုံး လောကဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သော ဘောလုံးကွင်းများ ပေါ်ထွက်လာစေရေးအတွက် ရန်ကုန်တက္ကသိုလ်ဘောလုံးကွင်း များအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဘောလုံးကွင်းသည် အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနပိုင် ဖြစ်ပါကြောင်း၊ ၎င်းရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ဘောလုံးကွင်း၊ သဲကွင်းများအား ဘောလုံးလေ့ကျင့်ကစားခြင်းနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားရန် အစီအစဉ်ရှိသည်ဟု သိရှိရပါကြောင်း၊ လတ်တလောတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း၊ သဲကွင်းများသည် ပျက်စီးမှုများ ရှိပြီး ဘောလုံးလေ့ကျင့်ကစားနိုင်ရန်အခြေအနေမရှိပါကြောင်း၊ အဆိုပါ ဘောလုံးကွင်း၊ သဲကွင်း များအား ပြန်လည်ပြင်ဆင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပညာရေးဝန်ကြီးဌာနသို့လည်းကောင်း၊ ဒုတိယဝန်ကြီးမှ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ထံသို့ လည်းကောင်း ဆက်သွယ်မေးမြန်းမှုအရ နိုင်ငံတော်သို့ ပညာရေးဝန်ကြီးဌာနမှ လိုအပ်သော ဘောလုံး ကွင်းပြင်ဆင်စရိတ်များကို ခွင့်ပြုဘဏ္ဍာငွေရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားမှုရရှိခဲ့ပါကြောင်း၊ ခွင့်ပြုရန်ပုံငွေရရှိပါက ဘောလုံးကွင်း၊ သဲကွင်းများကို ဘောလုံးလေ့ကျင့် ကစားနိုင်ရေးအတွက် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဘောလုံးကွင်းသဲကွင်းများအား ပြန်လည်ပြုပြင်ပြီးစီးချိန်တွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း၊ ဘောလုံးကွင်းမရှိသေးသောဘောလုံးအသင်းများ၊ ကမာရွတ်မြို့နယ် အတွင်းရှိ ဘောလုံးဝါသနာရှင်လူငယ်မျိုးဆက်သစ်များ ဘောလုံးလေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစား နိုင်ရန်အတွက် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ်ဘောလုံးကွင်းများကြီးကြပ်ရေး ကော်မတီမှ စည်းကမ်းတကျဘောလုံးကစားခွင့်အား သတ်မှတ်ပေးမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။