မြိုင်တိုက်နယ်ဆေးရုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဟန်မြင့်မိုရ်-ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တည်ရှိပြီး ရွာငံမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ ဒေသခံတိုင်းရင်းသားလူဦးရေ ၄၀၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံတစ်ရုံဖြစ်ပါကြောင်း၊ မြိုင်တိုက်နယ်ဆေးရုံသည် ကနဦးအစတွင် မြိုင်ကျေးလက် ကျန်းမာရေးဌာနအဖြစ် တည်ရှိပြီး ၁၉၈၁ ခုနှစ်တွင် တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ကာ ဆေးရုံအဆောက်အဦသည် ပြည်သူလူထု၏ လုပ်အားထည့်ဝင်ငွေတို့ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်း၊ မွေးခန်းတို့သည်လည်း ဆေးရုံစံကိုက်ပုံစံမဟုတ်ဘဲ ဒေသခံအလှူရှင်များမှ လှူဒါန်း၍ တိုးချဲ့ဆောက်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ဆေးရုံသက်တမ်းမှာ ၃၆ နှစ်ကျော် ရှိပြီး အဆောက်အဦနှင့် မျက်နှာကြက်များသည် ပျက်စီးယိုယွင်းလျက်ရှိပါကြောင်း၊ မြိုင် တိုက်နယ်ဆေးရုံသည် မြေဧရိယာ ၁၀.၃၄ ဧက ကျယ်ဝန်းပြီး ကျေးလက်ကျန်းမာရေးဌာနနှင့် တွဲလျက် တည်ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာများသည်လည်း ယခင်ရပ်ရွာလူထု၏ပံ့ပိုးမှုဖြင့် တည်ဆောက် ထားပြီး စနစ်တကျနေရာချထားခြင်းမရှိဘဲ ယခုအခါ နေအိမ်များပါ ယိုယွင်းပျက်စီးလျက်ရှိပါကြောင်း၊ တိုးချဲ့ထားသော ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းအိမ်ရာများလည်း လုံလောက်မှုမရှိပါကြောင်း၊
၁-၃-၂၀၁၅ ရက်နေ့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးမှူး၏ ကွင်းဆင်းစစ်ဆေးချက်အရ မြိုင် တိုက်နယ်ဆေးရုံကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအဆောက်အဦအား စံကိုက်တိုက်နယ်ဆေးရုံအဖြစ် ပြန်လည်တည်ဆောက်ရန် တင်ပြရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ထိုလမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စာအမှတ်၊ ၀၁၁/တလဆ/ ၂၀၁၅ အရ ပထမအကြိမ် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ သုံးနှစ်ကြာသည်အထိ မည်သည်မျှထူးခြားမှုမရှိသေးပါကြောင်း၊ ၁၂-၇-၂၀၁၈ ရက်နေ့ မြိုင် တိုက်နယ်ဆေးရုံတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်နှင့် မြိုင်အုပ်စုမှ ရပ်မိရပ်ဖများနှင့် ကျန်းမာရေးစကားဝိုင်း ပြုလုပ်ခဲ့ပါကြောင်း၊ အားလုံးကလည်းပဲ မြိုင်တိုက်နယ်ဆေးရုံအား ဒေသခံတိုင်းရင်းသားများ မှီခိုအားထားရသော ဆေးရုံဖြစ်သည့်အတွက် လက်ရှိအဆောက်အဦနှင့် အဆင်မပြေသည့်အတွက် စံကိုက်အဆောက်အဦအဖြစ် ပြန်လည် တည်ဆောက်ပေးရန် လွှတ်တော်တွင်တင်ပြရန် တောင်းဆိုခဲ့ကြပါကြောင်း၊ သို့ဖြစ်ပါ၍ မြိုင်တိုက်နယ်ဆေးရုံအား စံကိုက်အဆောက်အဦပုံစံအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွာငံမြို့နယ် မြိုင်တိုက်နယ်ဆေးရုံ၏ လူနာကုသမှုဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ စိစစ်ခဲ့ပါကြောင်း၊ တိုက်နယ်ဆေးရုံအဆောက်အဦသည် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့်အတိုင်း ၃၆ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပြုပြင်မွမ်းမံခြင်းဖြင့် ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိနေပါကြောင်း၊ ဝန်ထမ်းအိမ်ရာအနေဖြင့် လက်ရှိတွင် ဝန်ထမ်း လေးဦးနေထိုင်ပြီး ဝန်ထမ်းအိမ်ရာလိုအပ်လျက်ရှိသော ဒေသခံပြင်ပဝန်ထမ်းငါးဦးသည် ဆေးရုံဝန်း ထဲတွင် ပူးတွဲတည်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန၏ ဝန်ထမ်းအိမ်ရာအသစ်တွင် စုပေါင်း နေထိုင်ပါကြောင်း၊ တိုက်နယ်ဆေးရုံ၏ ဆေးခန်းဖွဲ့စည်းပုံများကို စိစစ်ရာတွင် သားဖွားခန်းသည် အမျိုးသမီးလူနာဆောင်၏ လျှောက်လမ်းအား အခြေပြု၍ အခန်းဖွဲ့စည်းထားမှုရှိခြင်း၊ သားဖွားခန်း ပုံစံမကျခြင်း၊ ခွဲစိတ်ခန်းအကျယ်မှာ ၁၉၈ စတုရန်းပေသာရှိပြီး ကျဉ်းမြောင်း၍ လူနာဆောင် နှင့်တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းထားခြင်း၊ ခွဲစိတ်ခန်းအတွင်းခန်းများ၏ ဖွဲ့စည်းမှုမှာ ရောဂါ ပိုးမွှားထိန်းသိမ်းမှုဇုန်အလိုက် စနစ်တကျ ဖွဲ့စည်းထားမှုမရှိခြင်း၊ လူနာဆောင်လုံလောက်မှုမရှိခြင်း တို့ကို အမှန်တကယ်စိစစ်တွေ့ရှိရပါသဖြင့် တိုက်နယ်ဆေးရုံ၏ အခြေခံဖွဲ့စည်းမှုပုံစံအား ပြန်လည် ပြုပြင်ရန်လိုအပ်သကဲ့သို့ လူနာကုသရေးဝန်ဆောင်မှု ပိုမိုကောင်းမွန်ရန်အတွက် အဆောက်အဦ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊
ရွာငံမြို့နယ် မြိုင်တိုက်နယ်ဆေးရုံ အဆောက်အဦ၏ လက်ရှိအခြေခံ Section မှာ ကောင်းမွန် လျက်ရှိကြောင်း၊ အမိုးပြုပြင်ခြင်းဖြင့် လူနာကုသဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် သေးကြောင်း တွေ့ရှိရပါသဖြင့် အမိုးပြုပြင်ခြင်းနှင့် အခြားဦးစားပေးလိုအပ်သော ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်းပါဝင်သော တစ်ထပ်တိုးချဲ့လူနာဆောင်နှင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာတို့ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် စီမံကိန်းရန်ပုံငွေတွင် လျာထားထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
