(ဂ)-တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါကော်မတီ များ၏ ဖွဲ့စည်းပုံ၊ အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းလည်းမေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၉.၂၀၁၈)

 

တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါကော်မတီ များ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင်‌့ တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့် အခြေအနေ၊ (Blacklist)အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ် အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့အနေဖြင့် လုပ်ငန်းများအရည်အသွေး မပြည့်မီပါက တင်ဒါကုမ္ပဏီများကိုသာ ပြောလေ့ရှိပါကြောင်း၊  တစ်ချိန်တည်းမှာပင် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ခံ များကိုပါ မည်သည့်လုပ်ငန်းကို မည်သူကဦးဆောင်ကြောင်း တာဝန်ခံတိတိကျကျ ထားပေးစေချင်ပါကြောင်း၊ သို့မှသာ ကုမ္ပဏီများအရည်အသွေး မပြည့်မီပါက အရေးယူဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ဝန်ကြီးဌာနများ ဆောင်ရွက်ပါကလည်း တာဝန်ခံများကိုပါ အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ပြည့်ဝဝ ဆောင်ရွက်သော ဝန်ကြီးဌာနများ၏ တာဝန်ခံများအနေဖြင့်လည်း မိမိ၏လုပ်ဆောင်ချက်အတွက် မိမိဂုဏ်ယူနိုင်မည် ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်ဟူသည့် တစ်ချက်ပါရှိကြောင်း၊ နိုင်ငံတော်တွင် ရငွေနှင့်သုံးငွေရှိသည့်အနက် ရငွေတွင်တစ်ခြား ရယူငွေအပြင် အခွန်အကောက်ကရသည့် ရငွေများလည်း ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က သုံးငွေကို ဝန်ကြီးဌာနများက စီမံခန့်ခွဲရာတွင် အဆင်ပြေချောမွေ့ပါက ပြည်သူအနေများအနေဖြင့်လည်း အခွန်အကောက်ပေးရန် ပိုမိုကြည်ဖြူလာမည် ဖြစ်ပါကြောင်း၊

(၁) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ကို လိုက်နာခြင်းရှိ/မရှိကို ဆန်းစစ်နိုင်ရန်၊ (၂) တင်ဒါကော်မတီများ၏ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို မြင့်တင်ပေးနိုင်စေရန်နှင့် လုပ်ပိုင်ခွင့်ကို လွဲမှားစွာသုံးစွဲခြင်းကို ကာကွယ်ပေးနိုင်ရန်၊ (၃) တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးနှင့် သင့်မြတ်လျော်ကန်သည့် ကုန်ကျစရိတ်ဖြစ်စေရန်၊ ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေရန်၊ (၄) စာချုပ်စာတမ်း ဖောက်ဖျက်သည့် ကုမ္ပဏီအဖွဲ့ဝင်များနှင့် ကြီးကြပ်မှုအားနည်းပြီး ကျင့်ဝတ်မလိုက်နာသော အင်ဂျင်နီယာများ၏ အမည်ပျက်စာရင်းကို အများပြည်သူအား သိရှိစေခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်နိုင်ရန်၊ (၅) နိုင်ငံတော်ဘတ်ဂျက်သုံးစွဲရာတွင် ထိုက်တန်သည့် အရည်အသွေးကို ရရှိခြင်းဖြင့် အစိုးရနှင့်ပြည်သူကြား အပြန်အလှန်ယုံကြည်မှုကို မြင့်တင်နိုင်ရန်အတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် Blacklist သွင်းထားသည့် ကုမ္ပဏီများ၏ အမည်၊ အင်ဂျင်နီယာများ၏ အမည်များကို ပွင့်ပွင့်လင်းလင်း တင်ပေးနိုင်မည်ဆိုပါက ယခုထက်ပို၍ ပြည်သူ့ဘဏ္ဍာကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါ ကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့်တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့် အခြေအနေ၊ (Blacklist) အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီများစာရင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

တင်ဒါကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်၊ တာဝန်တို့နှင့်ပတ်သက်၍ တင်ဒါဖွဲ့စည်းပုံအရ တင်ဒါကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး တင်ဒါကော်မတီ၏ အောက်တွင်ကြမ်းခင်းဈေး တွက်ချက်ရေး ကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့ကို ထပ်မံဖွဲ့စည်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန များအနေဖြင့် ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်တို့မှ  တင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းအကြီးအကဲများနှင့် ကျွမ်းကျင်သူများပါဝင်သော အဖွဲ့က တင်ဒါကော်မတီဝင်များအဖြစ် ပါဝင်ရမည် ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များအနေဖြင့် တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာန အဖွဲ့အစည်းအကြီးအကဲများနှင်‌့ ကျွမ်းကျင်သူ များပါဝင်သော အဖွဲ့က တင်ဒါကော်မတီဝင်များအဖြစ် ပါဝင်ရမည်ဖြစ်ပါကြောင်း၊ တင်ဒါကော်မတီ၏လုပ်ငန်း တာဝန်များကတော့-

ဆောင်ရွက်မည့် စီမံကိန်းအတွက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ အကြံပေးဝန်ဆောင်မှု ရယူခြင်းနှင့် အကြံပေးမဟုတ်သော ဝန်ဆောင်မှုရယူခြင်းတို့အတွက် ခွင့်ပြုငွေရှိ/မရှိစိစစ်ခြင်း၊ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင်‌့ ရောင်းချခြင်းတို့အတွက် လိုအပ်သည့်တင်ဒါပုံစံများ၊ စာချုပ်ပုံစံများသတ်မှတ်ခြင်း။ ဝယ်ယူမည့်ပစ္စည်းများအတွက် အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ခြင်း။ တင်ဒါတွင်ပါဝင်မည့် အဆိုပြုကန်ထရိုက် စာချုပ်ပါအချက်များ၊ အကဲဖြတ်မှုစံချိန်စံညွှန်းများနှင့် ငွေရေးကြေးရေး အချက်အလက်များ၊ ကန်ထရိုက်ဆိုင်ရာ အချက်အလက်များ၊ ငွေပေးချေမှုအစီအစဉ်၊ ပစ္စည်းပေးသွင်းမှု အစီအစဉ်၊ အခွန်စသည်တို့ကို သတ်မှတ်ခြင်း၊ နည်းပညာအရမြင့်မားပြီး ရှုပ်ထွေးသည့် ဝယ်ယူခြင်းများအတွက် စစ်ဆေးမည့် နည်းလမ်းများသတ်မှတ်ခြင်းနှင့် အခြားသောနည်းပညာ ဆိုင်ရာများအတွက် ကျွမ်းကျင်သူများအား အထူးတာဝန် ပေးအပ်ခြင်း၊ တင်ဒါတင်သွင်းရမည့် အချိန်နှင့်နေရာ၊ တင်ဒါဖွင့်ဖောက် လက်ခံမည့်အချိန်၊ နေရာနှင့်တင်ဒါအောင်မြင်သူ စာရင်းထုတ်ပြန်မည့် နေရာတို့ကို သတ်မှတ်ခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီကို တာဝန်ပေးအပ်ခြင်း၊ တင်ဒါမအောင်မြင်သူအားလုံးကို တင်ဒါအာမခံကြေး ပြန်လည်ထုတ်ပေးခြင်းနှင့် တင်ဒါအောင်မြင်သူထံမှ လုပ်ငန်းအာမခံကြေး တောင်းခံခြင်း၊ တင်ဒါအောင်မြင်သူအား ကြေညာခြင်း၊ နမူနာတောင်းခံရန်လိုအပ်သည့် ပစ္စည်းဝယ်ယူရေး တင်ဒါဖြစ်ပါက နမူနာများ လက်ခံနိုင်ရေးနှင့် မှတ်ပုံတင်ထားရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ရောင်းချခြင်းများအတွက် အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း သတ်မှတ်ခြင်းတို့ ဖြစ်ပါကြောင်း၊

တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းခြင်းနှင့် အောင်မြင်သည့်အခြေအနေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေငြာ ထားရန်နှင့် တင်ဒါအောင်ကုမ္ပဏီ၏ Profile နှင့် တင်ဒါအောင်သည့် ဈေးနှုန်းကို ပွင့်လင်းမြင်သာစွာ ကြေငြာထားရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များရှိ တင်ဒါကော်မတီများကို ညွှန်ကြားထားပြီး ဖြစ်ခြင်းကြောင့် အသေးစိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များထံမှ တောင်းခံသွားနိုင်မည် ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုက်ရိုက်ခေါ်ယူသော တင်ဒါခေါ်ယူခြင်းများ ရှိခဲ့လျှင်လည်း သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများထံသို့ တိုက်ရိုက်တောင်းခံနိုင်ပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းတင်ဒါများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များထံသို့ တာဝန်လွှဲပြောင်းပေးထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှသာ လုပ်ငန်းတင်ဒါများကို ခေါ်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုမ္ပဏီများအား အမည်ပျက်စာရင်း ထည့်သွင်းခြင်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ခြင်း မပြုခဲ့ပါကြောင်းနှင့် ကုမ္ပဏီများဥပဒေတွင် အမည်ပျက်စာရင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ မပါဝင်သည့်အတွက် အမည်ပျက်စာရင်းကို ထုတ်ပြန်ကြေငြာပေးမည် မဟုတ်ဘဲ စာချုပ်ပါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း၊

သို့သော်လည်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပီပြင်မှုမရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးမပြည့်ဝခြင်းနှင်‌့ အခြားအကြောင်းအမျိုးမျိုးကြောင့် အရေးယူခံ ရခြင်းများရှိပါက အဆိုပါကုမ္ပဏီများကို သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာန အလိုက်သော် လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အလိုက် သော်လည်းကောင်း၊ အမည်ပျက်စာရင်း ရေးသွင်း၍ အချိန်ကာလအတိုင်းအတာ တစ်ခုအထိ သတ်မှတ်ပြီး လုပ်ငန်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပ်စဲ၍ အမည်ပျက် စာရင်းတင်သွင်း၍ အရေးယူမှုများကို ‌ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသဖြင့် အမည်ပျက်စာရင်းသွင်း၍ အရေးယူထားသော ကုမ္ပဏီများစာရင်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများတွင်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များတွင်လည်းကောင်း တောင်းခံရယူသွား နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးတင်ကိုကိုဦး (ခ) ဦးအတွတ် (ဘီးလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 ဝန်ကြီးဌာနအလိုက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ်မှတ်ထားရှိသည့်အတွက် ကုမ္ပဏီများသည်  တိုင်းဒေသကြီး/ပြည်နယ် တစ်ခုတွင် အဆင်မပြေပါက အခြားတိုင်းဒေသကြီးသို့ ပြောင်းရွှေ့လေ့ရှိပြီး သတ်မှတ် ကာလပြည့်ပါက ယခင်နေရာတွင် ပြန်လည်လျှောက်ထားနိုင်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးတွင်ရှိသော တင်ဒါများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး များအားလုံးအတွက် တစ်စုတစ်စည်းတည်း အမည်ပျက်စာရင်းကို ထားရှိပေးမည်ဆိုပါက ပြည်သူ့ဘဏ္ဍာကိုပိုမို ကာကွယ်ထိန်းသိမ်းနိုင်မည် ဖြစ်သည့်အတွက် ယင်းသို့တစ်စုတစ်စည်းတည်း ဖော်ပြပေးနိုင်သည့် အခြေအနေရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  ဦးကျော်လင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အမည်ပျက်စာရင်းများကို  သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ထည့်သွင်းရာတွင် အမည်ပျက်စာရင်း အသွင်းခံရသည့် ကုမ္ပဏီသည် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် သွားရောက်လုပ်ကိုင်ခြင်း၊ အလုပ်များပြောင်းလဲ လုပ်ကိုင်ခြင်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံးကို Blacklist သွင်းထားသည့် ကုမ္ပဏီအမည်စာရင်းများ တောင်းခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံးကိုလည်း တောင်းခံလိုက်၍ MOC Website တွင် အမည်ပျက်စာရင်းများ၊ ဆိုင်းငံ့ခံရသည့် နှစ်အကန့်အသန့်များကို ကြေငြာပေးမည်ဖြစ်ပါကြောင်း၊   အင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကုမ္ပဏီ၏တာဝန်ခံတဲ့ အင်ဂျင်နီယာသည် ကုမ္ပဏီ နာမည်ပျက်စာရင်း သွင်းခံရပါက အခြားကုမ္ပဏီတစ်ခုသို့ ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် အင်ဂျင်နီယာသည် အမည်ပျက်စာရင်းမှ လွတ်သကဲ့သို့ဖြစ်နေသည်နှင့် ပတ်သက်၍လည်း လုပ်ငန်းများအတွက် လက်မှတ်ထိုးထားသည့် PE သို့မဟုတ်ရင် RSE အမည်ကိုပါ ယှဉ်တွဲပြီး  Website တွင် ကြေညာပေးမည်ဖြစ်ပါကြောင်းနှင့် ယင်းတို့၏ PE သို့မဟုတ်ရင် RSE ကို အင်ဂျင်နီယာကောင်စီက အရေးယူရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အမည်စာရင်းကို သက်ဆိုင်ရာ အင်ဂျင်နီယာကောင်စီကိုလည်း ပေးပို့သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။