ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်မည်၊ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ယခင်ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ လွှတ်တော်ကို ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားကြီးအား ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ပြောကြားခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လက်ထက်က ကိုရီးယားပြည်သူ့သမ္မတနိုင်ငံချစ်ကြည်ရေးခရီးတွင် ထိုတံတားစီမံကိန်းသည် သန္ဓေတည်ခဲ့ပြီး သုံးနှစ် အကြာတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုပေးခဲ့ ပါကြောင်း၊ ယခုနှစ်ထဲတွင် Korea Exim Bank နှင့် ချေးငွေသဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး ၂၀.၉.၂၀၁၆ ရက်နေ့တွင် မိမိတို့အစိုးရလက်ထက်တွင် ယခင်ဆောက်လုပ်ရေးဝန်ကြီးက ကတိပေးခဲ့ပါကြောင်း၊ အပြီးသတ်ပုံစံ ထုတ်လုပ်ပြီးစီးသည်ဟု မိမိနားလည်သော်လည်း အရေးကြီးသည့် အပိုင်းဖြစ်သည့် ကိုရီးယားတံတား ဆောက်လုပ်ရေး ကန်ထရိုက်တာ အပြီးသတ်ရွေးချယ်ခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခြင်း အပိုင်းများတွင် အပြီးသတ်မဆောင်ရွက်နိုင်ဘဲ ယနေ့အထိ နှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို ကောလာဟလ သတင်းများအရလည်းကောင်း၊ မီဒီယာများတွင် ဖော်ပြချက်များအရလည်းကောင်း တံတား၏ ရေလမ်းကင်းလွတ်အမြင့်နှင့် တံတားတိုင်နှစ်တိုင်၏ အကွာအဝေးကိစ္စများ၊ MIP မြန်မာ့စက်မှုဆိပ်ကမ်းက အကြိမ်ကြိမ်ကန့်ကွက်သည့်အတွက် နှောင့်နှေးကြန့်ကြာသည်ဟု မရေရာ၊ မသေချာသည့် သတင်းများသာ ကြားရပါကြောင်း၊ မိမိမဲဆန္ဒနယ်မြေနှင့် တောင်ပိုင်းခရိုင်မှ ပြည်သူများသည် မိမိတို့ကြားသိသကဲ့သို့ ကြားရသည့်အတွက် ၁၇.၆.၂၀၁၈ ရက်နေ့တွင် ဒလပြည်သူလူထုနှင့် တောင်ပိုင်းခရိုင်မှ မဲဆန္ဒရှင်များ ပေါင်းပြီး တံတားကြီးအလျင်အမြန် ပြီးစီးရေးအတွက် နိုင်ငံတော်အစိုးရကို မေတ္တာရပ်ခံချက်အနေနှင့် ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲကို လူဦးရေ ၁၀၀၀၀ ခန့်နှင့် ဖော်ပြခဲ့ကြပါကြောင်း၊
ထိုသို့ဖော်ပြခြင်းသည် ပြည်သူလူထု၏ ပြင်းပြသည့်ဆန္ဒကို ဖော်ပြခြင်းဖြစ်ပါကြောင်း၊ ထိုအဖြစ်ကို ကြည့်လိုက်မည်ဆိုလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ထိုတံတားစီမံကိန်းနှင့် ပတ်သက်ပြီး ပိုမိုတိကျသည့် မည်သည့်အချိန်တွင် စမည်ဆိုသည့်အဖြေကို ပေးရန်လိုအပ်နေပါကြောင်း၊ ၁၇.၂.၂၀၁၆ ရက်နေ့တွင် တံတားစတင်ခြင်းမင်္ဂလာ အခမ်းအနားပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောဆိုခဲ့သလို Burmese DVB၊ RFA တို့တွင်လည်း ဇွန်လလိုလို၊ ဧပြီလလိုလို သတင်းများ ဆက်တိုက်ပါခဲ့ပါကြောင်း၊ ထို့ကြောင့် ၃၉ လအတွင်း အပြီးတည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီးမှ ၂၈.၅.၂၀၁၈ ရက်နေ့တွင် စတင်မယ့်ရက်မပါဘဲ ပြောခဲ့သလို ဆိပ်ကမ်း အာဏာပိုင်မှလည်း ဒလတံတားစီမံကိန်းကို ကန့်ကွက်ရန်မရှိဟု ဆိုပါကြောင်း၊ The Voice မှလည်း စက်တင်ဘာလလိုလို၊ နိုဝင်ဘာလလိုလို ပြောသည့်အတွက် မီဒီယာများ၏ အဖြေအမျိုးမျိုး ပေးနေသည့် အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ တာဝန်ရှိပုဂ္ဂိုလ်များမှ ဖြေကြားသည့်အခါ မီဒီယာများမှ ဖော်ပြကြပြီး ပြတ်သားသည့်အဖြေကို မရသည့်အတွက် ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာ နေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများစတင်မည်၊ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ တံတား၏ ပင်မတံတားခန်း ဖွင့်အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြောင်းလဲတည်ဆောက်ရန်အတွက် ၂၄-၇-၂၀၁၈ ရက်နေ့တွင်ပြုလုပ်သော စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၈) နှင့် ၂၅-၇-၂၀၁၈ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၈) တို့မှ အတည်ပြုထားပြီးဖြစ်သည့်အတွက် မကြာခင် စတင်တည်ဆောက်တော့မည့် တံတားစီမံကိန်းကြီး ဖြစ်ပါကြောင်း၊ ထိုတံတားကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် တည်ဆောက်ရန်အတွက် ကိုရီးယားမှ ပညာရှင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် (ရေ)၊ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စသည်ဖြင့် ဌာနပေါင်းစုံပါဝင်ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ညှိနှိုင်းပြီး အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များမှ အကျယ် ၃၂၀ မီတာနှင့် အမြင့် ၄၉ မီတာ ဆုံးဖြတ်ပြီး ပုံစံထုတ်တည်ဆောက်ရန်အတွက် ကြေညာခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစပြီး ဒလတံတားတည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) က ဦးဆောင်ပြီး အခြားပုဂ္ဂလိကဆိပ်ကမ်းငါးခုမှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ် ပေးပါရန် ကန့်ကွက်လွှာကို နိုင်ငံတော်အစိုးရထံသို့ တင်ပြခဲ့ကြပါကြောင်း၊ အဆိုပါကန့်ကွက်လွှာ တင်ပြလာရခြင်း အကြောင်းအရင်းမှာ တံတားတည်ဆောက်ခြင်းမပြုဘဲနှင့် ဥမင်လှိုဏ်ခေါင်း တည်ဆောက်ရန် တင်ပြခြင်းဖြစ်ပြီး တင်ပြကန့်ကွက်မှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ရန်အတွက် ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်မှစပြီး ကိုရီးယားနိုင်ငံ (KOICA)၏ အကူအညီဖြင့် Feasibility Study ပဏာမ ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို Tunnel ဖောက်လုပ်ရန်အတွက် FS ဆောင်ရွက်ခဲ့သည့် နေရာတွင် ရန်ကုန်မြစ်ကြမ်းပြင်၏ အောက်ခံမြေသားသည် အလွန်ပျော့သည့်အတွက် ဥမင်လှိုဏ်ခေါင်း တူးမယ်ဆိုပါက မြစ်ကြမ်းပြင်အောက်ကို အနက်ပေပေါင်းများစွာ တူးရမည်ဖြစ်ပြီး ကုန်ကျစရိတ်အနေနှင့် လည်း တံတားတည်ဆောက်မည့် ကုန်ကျစရိတ်ထက် လေးဆလောက်ပိုမိုကုန်ကျမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ပြောင်းရွှေ့ရမည့် တိုက်တာအိမ်ခြေများလည်းရှိသည့်အတွက် Feasible မဖြစ်သောကြောင့် ထိုအချက်များကို တွေ့ရှိရပါကြောင်း၊ အကယ်၍ ထိုသို့မတူးဘဲ မြေအောက်တွင် Bored Pile များတူးပြီး ထို Bored Pile များပေါ်သို့ Tunnel တင်ထားသည့် Submerge ရေတိမ် ဥမင်လှိုဏ်ခေါင်းအမျိုးအစား တည်ဆောက်မည်ဆိုလျှင်လည်း မြစ်၏ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းတွင်ရှိသည့် လူနေ အဆောက်အအုံများ ဖျက်သိမ်းရမည်ဖြစ်နေသည့်အတွက် Feasible မဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် ကုန်ကျစရိတ်အနေနှင့်လည်း တံတားတည်ဆောက်သည်ထက် အဆပေါင်းများစွာ ကုန်ကျမည်ဖြစ်သည့်အတွက် တံတားတည်ဆောက်ရန် မိမိတို့ပြန်လည် တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်အပေါ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေလမ်းကင်းလွတ်အကျယ် ပိုမိုရရှိစေရန်အတွက် စဉ်းစားရွေးချယ်ပေးနိုင်ပါရန် ထပ်မံတင်ပြလာပါကြောင်း၊ ၃၂၀ မီတာထက် ပိုပြီးကျယ်သည့် ခန်းဖွင့်များ၊ ဖြစ်နိုင်လျှင် ရေလယ်တွင် တိုင်မစိုက်သည့် ခန်းဖွင့်မျိုးများ စဉ်းစားပေးပါဆိုပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တင်ပြလာသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသုံးခုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ရေရှည်အကျိုးရှိနိုင်မည့် တံတားတည်ဆောက်ရေးအစီအမံများ ထွက်ပေါ်လာသည်အထိ ထပ်မံဆွေးနွေးညှိနှိုင်းရန် နိုင်ငံတော်သမ္မတရုံးမှ လမ်းညွှန်မှုပြုခဲ့ပါကြောင်း။ နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ အချိန်ယူ၍ အကြိမ်ကြိမ်ထပ်မံညှိနှိုင်းဆွေးနွေးချက်များအရ နောက်ဆုံးတွင် ယခုပင်မတံတား၏ ခန်းဖွင့်အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြောင်းလဲဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး မီတာ ၅၀ ထပ်တိုးတည်ဆောက်ရန် အားလုံးသဘောတူ လိုက်ပါကြောင်း၊ တံတားဒီဇိုင်းကို ပင်မတံတားခန်းဖွင့်အကျယ် ၃၇၀ မီတာဖြင့် Cable Stayed Bridge တည်ဆောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊
တံတားတည်ဆောက်ရေး စီမံကိန်းအတွက် ချေးငွေစာချုပ် (Loan Agreement) က ၂၀၁၆ ခုနှစ်ကတည်းက Effective ဖြစ်နေပါကြောင်း၊ Main Span တိုးမြှင့်ပြောင်းလဲထားမှုကြောင့် မိမိတို့အနေနှင့် မူလ Loan ထက် အမေရိကန်ဒေါ်လာသန်း ၂၀ ထပ်မံလိုအပ်လာမည် ဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်ငွေကို ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေချေးငှားခွင့်ရရှိရေးအတွက် ၇-၈-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Korea Exim Bank တို့ တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးဆုံးဖြတ်သည့် အချက်များကိုလည်း ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုရီးယားသမ္မတနိုင်ငံ Ministry Of Strategy and Finance သို့ ဆက်လက်ပေးပို့ထားပြီး ညှိနှိုင်းဆွေးနွေးနေသည့် အဆင့်ဖြစ်ပါကြောင်း၊ ယခုအခါ ကိုရီးယားသမ္မတ နိုင်ငံတွင် Ministry Of Strategy and Finance နှင့် Korea Exim Bank တို့မှ အမေရိကန်ဒေါ်လာသန်း ၂၀ ချေးငွေထပ်မံတိုးမြှင့် ချေးပေးနိုင်ရေးကိစ္စကို ညှိနှိုင်းသုံးသပ် ဆွေးနွေးလျက်ရှိကြောင်း၊ ကိုရီးယားဘက်မှ သဘောတူညီချက်ရပြီးလျှင် ပြည်ထောင်စုလွှတ်တော်သို့ ချေးငွေထပ်တိုးပေးရန် ထပ်မံတင်ပြအတည်ပြုချက် ရယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်မှု ကြန့်ကြာနေရခြင်းမှာ ယခုကဲ့သို့ တံတား Design ပြောင်းလဲ တည်ဆောက်မှုကြောင့် လိုအပ်သည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့်ခွင့်ပြုချက် ရယူညှိနှိုင်းနေရသည့် အတွက်ကြောင့်သာ ဖြစ်ပါကြောင်း၊
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ပင်မတံတား၏ ခန်းဖွင့်အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြင်ဆင်ပြောင်းလဲ ရသည့်အတွက် ထပ်မံလိုအပ်သော အမေရိကန်ဒေါ်လာသန်း ၂၀ ချေးယူရရှိနိုင်ရေးကိစ္စကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး နေစဉ်ကာလအတွင်းတွင် တံတားတည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမကုန်မီတွင် ဆောင်ရွက်၍ရသည့် တည်ဆောက်ရေးလုပ်ငန်းများကို ယခုပြည်သူများ မျှော်လင့်နေသည်မှာ တံတားကြီးကို စတင်တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ညှိနှိုင်းရမည့် ရေလယ်ခန်းဖွင့်များ၊ ပင်မတံတားစီမံကိန်းများကိုထားပြီး ဆောက်လို့ရသည့် အပိုင်းများအားလုံးကို ဒီဇင်ဘာလမကုန်မီတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
