(စ)-မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာအနီးရှိ လေးပင်ချောင်းတွင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်၌ တံတားတည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၉.၂၀၁၈)

 

လေးပင်ချောင်းသည် မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းလမ်းပေါ်ရှိ လေးပင်ကျေးရွာအနီးတွင် တည်ရှိသော ချောင်းတစ်ချောင်းဖြစ်ပါကြောင်း၊  အဆိုပါချောင်းသည် မင်းဘူးမှ မင်းတုန်း၊ သရက်မြို့နယ်များသို့ သွားရာတွင်လည်းကောင်း၊ ငဖဲ-ပန်းတမ်းသို့ သွားရာတွင် လည်းကောင်း ခရိုင်ပြည်နယ်ကိုသွားရာတွင်လည်းကောင်း အဓိကအားထား အသုံးပြုနေရသည့်လမ်းဖြစ်ပါကြောင်း၊ ချောင်းရေကျနေချိန်တွင် မင်းဘူး(စကု)မြို့နယ် ရဲတပ်ဖွဲ့မှ ကားများလမ်းမလွဲစေရန် ကူညီလမ်းပြရပြီး ရေနည်းချိန်တွင် ဆိုင်ကယ်များတွန်းဖြတ်နိုင်ရန် ဒေသခံပြည်သူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး နေရသည့်  အခြေအနေဖြစ်ပါကြောင်း၊ ကားများဖြတ်သန်းမရပါက တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ခရီးသွားပြည်သူများ အဓိကအားထားနေရသည့် လမ်းဖြစ်သည့်အတွက် ယင်းလမ်းပေါ်ရှိ လေးပင်ချောင်းကို တံတားထိုးပေးရန် အရေးကြီးလိုအပ်နေပါသဖြင့် လေးပင်ချောင်းတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မဟာဦးစားပေးလျာထားဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်၊ လေးပင်ကျေးရွာအနီး မင်းဘူး-အမ်းလမ်း မိုင်တိုင်အမှတ်(၁၈/၄)မှ (၁၈/၅)အကြားတွင် လေးပင်ရေကျော်တည်ရှိပြီး အဆိုပါလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် တစ်နေ့တာသွားလာသည့် ပျမ်းမျှယာဉ် အရေအတွက်မှာ တစ်နေ့လျှင် အစီးရေ ၉၀၀ ကျော် ရှိပါကြောင်း၊ လေးပင်ရေကျော်သည် အရှည် ၇၀ ပေရှိပြီး နှစ်စဉ် မိုးရာသီကာလ၌ ပုံမှန်ချောင်းရေကျချိန် ယာဉ်များစောင့်ဆိုင်းဖြတ်သန်း ရမှုသည် ယခင်က သုံးနာရီခန့်ဖြစ်သော်လည်း ယခုနှစ် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ယာဉ်များစောင့်ဆိုင်းဖြတ်သန်းရချိန်တွင် ၁၂ နာရီ အထိ ကြာမြင့်ခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါနေရာအား ရေကျော်အစား ခန့်မှန်းအရှည် ၁၅၀ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရန်အတွက် ပဏာမကြိုတင် ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှု (Feasibility Study)ပြုလုပ်ခြင်း၊ မြေစမ်းသပ်ခြင်း၊ တံတားပုံစံထုတ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြ တောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။