(ဃ)-ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်း(အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)ကို ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၉.၂၀၁၈)

 

ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်းသည် ရန်ကုန်မြူနီစီပါယ် အမည်ပေါက်ဧရိယာ ဝ.၉၂၄ ဧက၏ တစ်စိတ်တစ်ဒေသ ဝ.၆၈၉ ဧကအား မြို့ပြနှင့်‌ အိုးအိမ်ဦးစီးဌာန၊ အစိုးရပိုင် မြေနေရာပါ မြို့ပြမြေစာရင်းတစ်ရပ်အား သတ်မှတ်ပေးပါရန် ၂၀၁၆ ခုနှစ် ဇူလိုင်လပိုင်းက ခွင့်ပြုခဲ့သော မြေနေရာ ဖြစ်ပါကြောင်း၊ ၂၅-၉-၂၀၀၂ ရက်နေ့မှစ၍ စီမံကိန်းစတင်အကောင်အထည်ဖော်ခွင့်ပြုခဲ့ပြီး ထို Project အတွင်း ကျရောက်ခဲ့သော ၄၇ လမ်းအပိုင်းကို စီမံကိန်းအတိုင်း အဖြောင့်မဟုတ်ဘဲ အကွေ့ အကောက်ပါသော ဒီဇိုင်းဖြင့်ပြုလုပ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၂၀၀၂ ခုနှစ်မှစတင် အကောင်အထည်ဖော်ခွင့်ပြုခဲ့သော စီမံကိန်းနေရာများတွင် ကုမ္ပဏီများအနေဖြင့် အချို့သတ်မှတ် ကာလအတွင်း ပြီးစီးဆောင်ရွက်ခဲ့သော်လည်း ၄၆ လမ်းနှင့် ၄၇ လမ်းအကြား စီမံကိန်းဧရိယာသည် ယနေ့အထိ ဆောင်ရွက်မှုအချို့သာ ပြီးစီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

ယခုအခါ ရန်ကုန်မြို့သည် မြို့ပြဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့အတွင်း Down Town (၆) မြို့နယ်သည် အနော်ရထာလမ်းတွင် ဗိုလ်တထောင်(၆)၊ ဗိုလ်တထောင်(၅)၊ ခရိုင်ရဲစခန်း၊ City mart ၊ ဈေးဆိုင်များ၊ စတိုးဆိုင်များစွာလည်း ရှိနေပါကြောင်း၊ မဟာဗန္ဓုလလမ်းတွင်လည်း ဘဏ်များ၊ စားသောက်ဆိုင်များ များစွာရှိပြီး ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၇ လမ်းကြားတွင် ဘားဆိုင်များစွာ ရှိနေပါကြောင်း၊ မြို့တွင်းလမ်းတစ်လမ်း ပိတ်ထားခြင်းသည် ဗိုလ်တထောင်နေပြည်သူများအတွက် သာမက ရန်ကုန်မြို့နေ လမ်းသုံးစွဲသူအားလုံးနှင့်လည်း သက်ဆိုင်လျက်ရှိပါကြောင်း၊ လမ်းပိတ်ထား သော ၄၇ လမ်းတွင်လည်း ဘားဆိုင်များရှိသည့်အတွက် ညအချိန်မတော်ခိုက်ရန်ဖြစ်ပွားခြင်း၊ သတ်မှတ်ထားသောလမ်းမရှိသဖြင့် မှောင်ရိပ်ခိုခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲ၍ မူးယစ်ရမ်းကားခြင်း၊ ဆူညံခြင်း၊ ညအချိန်မတော် ကားများအပြိုင်အဆိုင် မောင်းကြခြင်းများကြောင့် ရပ်ကွက်နေပြည်သူများ မကြာခဏတိုင်ကြားမှုများလည်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၄၇ လမ်းက ယခင်လမ်းနယ်နိမိတ် သတ်မှတ်ထားသောပေအကျယ် ၅၀ ရှိပြီး ယခုအခါ စီမံကိန်း အဆောက်အအုံ၊ ခြံစည်းရိုးနှင့် လမ်း နယ်အတွင်းတည်ဆောက်ထားခြင်းရှိနေသဖြင့် မဟာဗန္ဓုလ လမ်းတစ်ဖက် လမ်းအကျယ် ၁၁ ပေ၊ အနော်ရထာလမ်းဘက်တွင် လမ်းအကျယ် ၃၁ ပေကျန်နေတာ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လမ်းပြန်လည်တည်ဆောက်ရာတွင် လမ်းအင်္ဂါရပ်နှင့်အညီ ယာဉ်များဖြတ်သန်းသွားလာနိုင်ရန် ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းများထားရှိပြီး မူလစီမံချက်အတိုင်း ပေါ်တီကိုအောက် စြင်္ကံတစ်လျှောက်တွင် Pedestrian Way ထားရှိနိုင်ပြီး လမ်းကိုပိတ်ထားခြင်းသည် အများအတွက် အကျိုးမရှိသလို ကုမ္ပဏီများအတွက်လည်း ထိခိုက်နစ်နာခြင်း တစ်စုံတစ်ရာမရှိခြင်းကြောင့် အရပ်သား အစိုးရလက်ထက်တွင် ဗိုလ်တထောင်ပြည်သူများ၏ အကြိမ်ကြိမ်တောင်းဆိုနေကြသော ၄၇ လမ်းပြန်လည်ရရှိရေး မဖြစ်မနေဆောင်ရွက်ပေးပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြို့ပြနှင့် အိုးအိမ်ဌာန၊ သက်ဆိုင်ရာကုမ္ပဏီများ ညှိနှိုင်း၍ မဖြစ်မနေဆောင်ရွက်ပေးပါရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သောကြောင့် ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ၄၇ လမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင်‌့အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ် ခဲ့သည့် စီမံကိန်းဧရိယာအတွင်းတွင် စည်ပင်သာယာအမည်ပေါက် ၄၇ လမ်းအား ရောင်းချခဲ့ပြီး ဖြစ်သော်လည်း အဆိုပါလမ်းအား အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေး အတွက် မဖြစ်မနေဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အဆိုပါမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးပို့လာသည့် ဖြေကြားချက်နှင့် ပေါင်းစပ်၍ ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ ၄၅ လမ်း၊ ၄၆ လမ်း၊ ၄၇ လမ်းနှင့် ၄၈ လမ်း(အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) တို့တွင် ကိုလိုနီခေတ်အတွင်းဝန်ရုံး၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်းများ၊ အမှုထမ်းများနေထိုင် ခဲ့သည့် Government Staff Housing မြေနေရာတွင် မြို့တော်၏ပုံရိပ်ကိုမြှင့်တင်ရန်အတွက် အထပ်မြင့်အဆောက်အဦများဆောက်လုပ်ရန် လမ်းညွှန်မှုအရ ၂၀၀၂ ခုနှစ်တွင် မြို့တော်အိမ်ရာ စီမံကိန်းကြီးကြပ်မှုကော်မတီမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းအား မြို့တော်ဗဟိုဖွံ့ဖြိုးရေး စီမံကိန်း Central Area Development Project(CADP) ဟု ၂၀၀၂ ခုနှစ်တွင် အမည်ပေးခဲ့ပြီး ဗိသုကာပုံစံ(Architect Design)ကို တင်ဒါခေါ်ယူခဲ့ကာ တင်ဒါတင်သွင်းသောပုံစံများထဲမှ မြို့တော် အိမ်ရာစီမံကိန်း ကြီးကြပ်မှုကော်မတီမှ ၂၅-၉-၂၀၀၂ ရက်စွဲဖြင့် ရွေးချယ်အတည်ပြုပေးခဲ့သော Amenity Design Group ၏ Design အတိုင်း မဟာရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီမှ သိမ်ဖြူလမ်းနှင့် ၄၆ လမ်းကြားတွင် လည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီမှ ၄၆ လမ်းနှင့် ၄၇ လမ်းကြားတွင်လည်းကောင်း၊ ရွှေအာရှကုမ္ပဏီမှ ၄၇ လမ်းနှင့် ၄၈ လမ်းကြားတွင်လည်းကောင်း အသီးသီး တည်ဆောက်ခဲ့ကြ ပါကြောင်း၊ အဆိုပါစီမံကိန်းအား မြို့တော်အိမ်ရာစီမံကိန်းကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုမူဝါဒ ကောင်စီ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့(Cabinet) အစည်းအဝေးများသို့ အဆင့်ဆင့်တင်ပြ၍ အတည်ပြုပေးထားသောစီမံကိန်း Master Plan နှင့် ဗိသုကာဒီဇိုင်းအတိုင်း နိုင်ငံတကာအဆင့်မီဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

အတည်ပြုပေးထားသော ဒီဇိုင်းပုံစံနှင့်အညီ ဆောက်လုပ်လျက်ရှိသည့် စီမံကိန်းအတွင်းရှိ ဆိုင်ခန်း၊ ရုံးခန်းများသို့လာရောက်သူများ သွားလာရေးလွယ်ကူပြီး အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးဝယ်စင်တာ အဆောက်အဦများအကြားတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချလုံခြုံစွာ ဈေးဝယ်လျှောက်လမ်းအဖြစ် အသုံးပြုနိုင်ကြစေဖို့ ၄၇ လမ်းကို လူသွားလမ်း Pedestrian Way အဖြစ် အသုံးပြုနိုင်ရန်  Architect Plan တွင် ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို လက်ရှိမြေပြင်အထက် သုံးပေခန့်မြှင့်တင်ပြီး လူသွားလမ်း Walk Way အဖြစ် အဖြောင့်မဟုတ်ဘဲ ကွေ့ကောက်သည့်ပုံစံဖြင့် Design ရေးဆွဲထားခဲ့ပါကြောင်း၊ Master Plan အရ လမ်း၏တစ်ဖက်တစ်ချက်စီရှိ အဆောက်အဦများ၏ အောက်ဖက်တွင် Underground Car Parking များထည့်သွင်းရန် Basement များတည်ဆောက်ထားပြီး လူသွားလမ်း Pedestrian Way အား ပြည်သူများသွားလာရန်သာ အဓိကသုံးစွဲမည်ဖြစ်သော်လည်း ကုန်ပစ္စည်းသယ်ဆောင်နိုင်သော ကားငယ်များနှင့် အရေးပေါ်မီးသတ်ကားများ သွားလာနိုင်ရန်လည်း စီစဉ်ထားရှိပါကြောင်း၊ စီမံကိန်းဧရိယာအတွင်း မော်တော်ယာဉ်သွားလာမှုအဆင်ပြေစေရန်အတွက် ယခင်က ၄၆ လမ်း၊ ၄၇ လမ်းနှင့် ၄၈ လမ်းတို့သည် တစ်လမ်းမောင်းလမ်းများအဖြစ် လမ်းသုံးလမ်းရှိခဲ့ရာမှ ယခုဆောင်ရွက်သည့် Master Plan အရ နှစ်လမ်းမောင်းလမ်းနှစ်လမ်းနှင့် လူလျှောက်ဈေးလမ်း တစ်လမ်းအဖြစ် ပြင်ဆင်ဖောက်လုပ်ပေးထားခြင်းဖြစ်ပါကြောင်း၊ မော်တော်ကားလမ်းဧရိယာက ယခင် တစ်လမ်းမောင်းသုံး လမ်းဧရိယာထက် ယခု နှစ်လမ်းပေါင်းနှစ်လမ်းဧရိယာသည် ၆ ရာခိုင်နှုန်း ပိုမို ချဲ့ထွင်ထားပြီး ကမ္ဘာ့မြို့ကြီးများတွင် တွေ့ရှိနိုင်သည့် မြို့လယ်ဧရိယာတွင် ပြည်သူ့အတွက် ဈေးဝယ်လျှောက်လမ်း ဖန်တီးပေးထားကြသည့် နမူနာအတိုင်း ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ မြို့တော်ဗဟိုဖွံ့ဖြိုးရေးစီမံကိန်း Master Plan အရ ၄၇ လမ်း၏ ဘေးနှစ်ဖက် မြေကွက်များကို ပေါင်းစပ်ပြီး Retail, Departmental Store, Super Market နှင့် Restaurant များအဖြစ် အောက်ပိုင်းအထပ်များကို အသုံးပြု၍လည်းကောင်း၊ အပေါ်ထပ် Tower များကို ဟိုတယ်၊ ရုံးခန်းနှင့် လူနေအိမ်ခန်းများအတွက် အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဗိသုကာဒီဇိုင်းအရ Basement အပါအဝင် အဆောက်အဦများကိုလည်း တည်ဆောက် ပြီးစီးပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးက မူလလမ်းအတိုင်း၊ မူလလမ်းအကျယ်၊ မူလပလပ်ဖောင်းများအတိုင်း ပြန်လည်အလိုရှိခြင်းဖြစ်သည့်အတွက် မိမိကိုယ်တိုင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များနှင့်အတူ ၎င်းနေရာကိုသွားရောက်ပြီး ကွင်းဆင်းကြည့်ရှုခဲ့သည့်အခါ ၎င်းတို့က Master Plan ဆောက်ထားသည့်အတွက် အောက်ထဲတွင်လည်း Foundation များပေးပြီး အပေါ်တွင်လည်း အဆောက်အဦများဖြစ်သည့်အခါ လမ်းအဖြောင့်ပုံစံက မရနိုင်တော့ဘဲ၊ မူလလမ်းအကျယ်အတိုင်း လည်း မရနိုင်တော့ဘဲ လမ်းတော့ဖြစ်အောင်လုပ်ပေးပါဟု မိမိတို့ ညှိနှိုင်းခဲ့ပါကြောင်း၊ ထို့အတွက် အဆိုပါစီမံကိန်းပြီးစီးသွားပါက မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကို  ကားဖြတ်မောင်း၍ရသော လမ်းတစ်လမ်း ဖြစ်လာစေအောင် ဆောင်ရွက်ပေးရန် ရွှေသံလွင်ကုမ္ပဏီနှင့် ရွှေအာရှကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်း၊

ယခုတင်ပြခဲ့သော မြို့တော်ဗဟိုဖွံ့ဖြိုးရေးစီမံကိန်းသည် ရန်ကုန်မြို့နေပြည်သူလူထုအတွက် ပိုမို ကောင်းမွန်သော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် မြို့ပြစီမံကိန်းပညာရှင်များ၏ အကြံပြု ချက်ဖြင့် ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနှင့်‌ မဟာဗန္ဓုလလမ်းကြား ၄၇ လမ်းကို ဈေးဝယ် စင်တာသို့လာရောက်သော ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ သွားလာနိုင်သော ဈေးဝယ်လျှောက်လမ်းအဖြစ်ဖန်တီး၍ စနစ်တကျ ရေးဆွဲအတည်ပြုပေးထားသည့် Master Plan နှင့်အညီ ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသောဖြေကြားချက်ကို ပေါင်းစပ်၍ရှင်းလင်း ဖြေကြားပါသည်။

ဒေါ်မြင့်‌မြင့်စိုး(ခ)ဒေါ်မေစိုး(ဗိုလ်တထောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် လမ်းနယ်နိမိတ်ပြန်လည်ခွင့်ပြုပြီး တစ်လမ်းမောင်းမော်တော်ယာဉ် သွားလာခွင့်ပြုနိုင်ရန် တိတိကျကျတောင်းဆိုခဲ့သည်မှာ ၂၀၁၆ ခုနှစ် ယခင်ဝန်ကြီး ဦးဝင်းခိုင်လက်ထက်ကတည်းက ၎င်းProjectနှင့်ပတ်သက်၍ ဝန်ကြီးနှင့်ဆွေးနွေးပြီး လမ်းရရှိအောင် မိမိပြောခဲ့သည်မှာ ယခု ၂၀၁၈ ခုနှစ်အထိ မည်သည်မျှထူးခြားလာခြင်း မတွေ့ရှိရပါကြောင်း၊ ရွှေသံလွင်ဆောက်လုပ်ရေးကုမ္ပဏီက ကျန်နေသည်မှာ လမ်းနယ်နိမိတ်နဂိုမူရင်းက ပေ ၅၀ ရှိသော်လည်း ယခုလမ်းသည် ပေ ၅၀ မကျန်ရှိတော့ဘဲ အနော်ရထာလမ်းတွင် ၁၁ ပေ၊ မဟာဗန္ဓုလလမ်းတွင် ပေ ၃၀ ကျန်ရှိနေပါကြောင်း၊ ၎င်းလမ်းမြေနေရာကိုတောင်းသည်မှာ ၂၀၁၆ ခုနှစ် မိမိတို့အစိုးရလက်ထက်ကျမှ အဆိုပါလမ်းမြေ နေရာ သတ်မှတ်ပြီး လမ်းကိုပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ ၄၆ လမ်းနှင့် ၄၇ လမ်းတွင်  အဆင့်မြင့် အဆောက်အဦများလည်း ဆောက်လုပ်ထားသည်မှာ အတိအကျပြီးသွားခြင်း မရှိသေးပါကြောင်း၊ အမိုးအောက်များတွင် လူသွားစြင်္ကံအတွက် လမ်းလျှောက်လို့ ရပါကြောင်း၊ ထို့ကြောင့် ၎င်းအဆောက်အဦကြီးပြီးမှ အဆိုပါလမ်းကိုပေးမည်ဆိုပါက အဆောက်အဦသည် ယခုအချိန်အထိ မည်သည်မျှဆောက်လုပ်ထားခြင်းလည်းမရှိ၊ ပိတ်ထားပြီး ၄၇ လမ်းရှိ Bars ဆိုင်များ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များက ညအခါ လမ်းတွင်မှောင်မည်းနေသည့်အတွက် ၎င်းနေရာများတွင် ခိုက်ရန် ဖြစ်ပွားကြပါကြောင်း၊ မှောင်ရိပ်ခိုသည့် နေရာများလည်း ဖြစ်နေသည့်အတွက် အဆိုပါလမ်းကို မည်သည့်အချိန်တွင် သတ်မှတ်ပေးမည်ကို အတိအကျသိရှိလိုပါကြောင်း မေးမြန်းပါသည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညှိနှိုင်း၍မေးခွန်းများမေးမြန်းပြီး လွှတ်တော်ကိုယ်စားလှယ်ထံကို အဖြေများ ပြန်လည်ပေးပို့သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။