ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၆၃ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က မေးမြန်းသော ကူညီထောက်ပံ့မှုများ လိုအပ် နေသော ငွေအရင်းအနှီးနည်းပါးသူ အမှန်တကယ် အလုပ်လုပ်ကိုင်နေကြသည့် SME လုပ်ငန်းရှင်များလက်ထဲသို့ ချေးငွေများချောမွေ့လွယ်ကူစွာ ရောက်ရှိစေရေးအတွက် သတ်မှတ်ထားသော ကန့်သတ်ချက်များကို ဖြေလျော့ပြီး မြေတောင်မြှောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ်များနှင့် ပေါင်းစပ်ညှိနှိုင်းလျက် SME လုပ်ငန်းရှင်များ ချေးငွေရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော ဒီဂျစ်တယ်နည်းပညာ အခြေခံစီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်နိုင်ရေးနှင့် အခွန်မှန်ကန်စွာ စည်းကြပ် နိုင်ရေး မည်သို့ဆောင်ရွက်မည်၊ မည်သည့်အချိန် အပိုင်းအခြားဖြင့် အကောင်အထည် ဖော်မည်၊ မလိုက်နာသူများကို မည်သို့အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့ ပေါင်းစပ်ညှိနှိုင်းလျက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အခွန်ပေး ဆောင်ရန်ပျက်ကွက်မှုများကို သက်ဆိုင်ရာ အခွန်ဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးတင်ကိုကိုဦး (ခ) ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်က မေးမြန်းသော တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသောအစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါ ကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့်တာဝန်၊ တင်ဒါအောင် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင်သည့်အခြေအနေ၊ အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများ စာရင်း တို့ကို ဘဏ္ဍာရေးနှစ်အလိုက်ဖော်ပြပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အသေးစိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံမှ တောင်းခံနိုင်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုက်ရိုက်ခေါ်ယူသော တင်ဒါခေါ်ယူခြင်း များရှိခဲ့လျှင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများထံသို့ တိုက်ရိုက်တောင်းခံ နိုင်ပါကြောင်းနှင့် Blacklist သွင်းထားသောကုမ္ပဏီများ၏ PE သို့မဟုတ် RSE အမည်ကိုပါ ယှဉ်တွဲပြီး ဝန်ကြီးဌာန၏ MOC Website တွင် ကြေညာပေးပြီး သက်ဆိုင်ရာအင်ဂျင်နီယာ ကောင်စီမှ အရေးယူနိုင်ရေး ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး၊ ဗိုလ်တထောင်မဲဆန္ဒနယ်က မေးမြန်းသော ဗိုလ်တစ်ထောင် မြို့နယ်၊ ၉ ရပ်ကွက်၊ ၄၇ လမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)ကို ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးပါရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဈေးဝယ် လျှောက်လမ်းအဖြစ် ဖန်တီး၍ စနစ်တကျ ရေးဆွဲအတည်ပြုပေးထားသည့် Master Plan နှင့်အညီ ကြီးကြပ်ကွပ်ကဲ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မည်သည့်အတွက်ကြောင့် နှောင့်နှေး ကြန့်ကြာနေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးနေစဉ် ကာလအတွင်း တံတားတည် ဆောက်ရေး လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမကုန်မီ ဆောင်ရွက်လို့ရသည့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်၊ လေးပင် ကျေးရွာအနီးရှိ လေးပင်ချောင်းတွင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်၌ တံတားတည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
( ခ ) အစီရင်ခံစာတင်ပြခြင်း
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစီရင်ခံစာကို တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စား လှယ်များက ၁၀.၉.၂၀၁၈ (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ အစီရင်ခံစာဖတ်ကြားခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိ ပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၁.၉.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၁.၉.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်က တင်သွင်းသည့် မတူကွဲပြားသော လုပ်ငန်း သဘာဝ ရှိကြသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးများအား သဘာဝအားဖြင့် တူညီသော လုပ်ငန်းအလိုက် တူရာစုဖွဲ့ပြီး အုပ်စုတစ်ခုစီနှင့် ဆီလျော်သော ပြုပြင်ပြောင်းလဲရေး မူဝါဒများချမှတ်ပြီး အားလုံးကိုလွှမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး စီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁ နာရီ ၀၅ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၂.၉.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
