စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဌာနများရဲ့တည်ဆောက်မှုလုပ်ငန်းများအတွက် မည်သည့်လမ်းညွှန်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းညွှန်မှုများ ခွဲခြားထားခြင်းရှိ/မရှိ၊ တင်ဒါခေါ်ယူအောင်မြင်ပြီးသော လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်အရောက်ပို့ဆောင်ရာတွင် မည်သူကစိစစ်လက်ခံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မိမိတင်သွင်းခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်သည့် တင်ဒါအဆိုတွင် ပြည်ထောင်စုတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အစည်းများအနေဖြင့် တင်ဒါများကိုခေါ်ယူ ဆောင်ရွက်ရာတွင်ဆိုသည့် စကားရပ်သည် မိမိတို့ နိုင်ငံအတွင်းရှိ အစိုးရဌာနအဖွဲ့အစည်းများ အားလုံးကိုဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ၎င်းအဆိုကို ပါဝင်ဆွေးနွေးသည့် သူများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်မှုလုပ်ငန်းများကို အများဆုံး တွန်းအားပေး ထိန်းကျောင်းခဲ့သလို ဆောက်လုပ်ရေးဝန်ကြီးဌာန တစ်ခုတည်းကသာ လာရောက်ဖြေဆို ထားသည်ကိုလည်း တွေ့ကြရမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ Mini Budget တွင် နိုင်ငံတော်သမ္မတ၏ တည်ဆောက်မှုနှင့် ပတ်သက်သည့် တင်ဒါလုပ်ငန်း လမ်းညွှန်ချက် (၁/၂၀၁၁) ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန တစ်ခုတည်းကသာ လိုက်နာရန် ကြိုးစားနေသည်ကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း၊
အဆိုတင်သွင်းစဉ်ကတည်းက မိမိ၏အဆိုကို အားလုံးနားလည် လက်ခံခဲ့မည်ဆိုလျှင် ယခု မေးခွန်းကို မေးစရာလိုမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ဦးနှောက်ကို အကျဉ်းချထားခြင်းသည် တိုးတက်မှုကို နှောင့်နှေးစေပါကြောင်း၊ သို့သော်လည်း စိုက်ပျိုးရေးကို အဓိကအားထားရသည့် နိုင်ငံအနေဖြင့် မှန်ကန်စွာရပ်တည်နိုင်ရန်အတွက် အနည်းငယ်တင်ပြလိုပါကြောင်း၊ ဆည်မြောင်း ဝန်ကြီးဌာန၏ တင်ဒါခေါ်ယူမှုကြော်ငြာ ဖြစ်ပါကြောင်း၊ လုပ်ငန်းပြတ်ခေါ်ယူထားခြင်း ရှိသကဲ့သို့ တချို့က ပစ္စည်းကို တင်ဒါခေါ်ထားခြင်း တွေ့ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတန်ဖိုးအလိုက် တင်ဒါခေါ်သည့်ရက်နှင့် ဖွင့်ရမည့်ရက်က လမ်းညွှန်ချက်နှင့် လွဲနေခြင်း၊ တချို့နေရာတွင် တည်ဆောက်မှုလုပ်ငန်းနှင့် ပတ်သက်ပြီး သဲများ၊ ကျောက်များကို လုံးဝတင်ဒါခေါ်ထားခြင်း မရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် ဒီဇယ်ဆီ၊ ဘိလပ်မြေ၊ သံချောင်း၊ ပိုက်နှင့်ပိုက်ဆက် ပစ္စည်းများကို တင်ဒါခေါ်ဆို ထားပါကြောင်း၊ ရှမ်းပြည်တွင်ရှိနေသည့် ဆည်တည်ဆောက်မှုတွင် မိုင်းရယ်မြို့ကို တင်ဒါခေါ်ဆိုထားခြင်း မရှိပါကြောင်း၊ သို့သော် တင်ဒါဖွင့်သည့်ရက်၊ ဝန်ကြီးရောက်လာသည့် အချိန်မှ ၎င်းမိုင်းရယ်မြို့ကို တင်ဒါပြန်ထည့်ပြီး ခေါ်ဆိုထားပါကြောင်း၊ မိုင်းရယ်အတွက် ဘိလပ်မြေ ၆၀၄ တန်ကို တင်ဒါခေါ်ထားသကဲ့သို့ စာချုပ်ချုပ်သည့်အခါ တန် ၁၀၀၀ ထည့်ပြီးချုပ်ဆို ထားပါကြောင်း၊ ထိုစာချုပ်တွင် လုပ်ငန်းလိုအပ်ချက်အရ ဘိလပ်မြေအရေအတွက် အတိုးအလျှော့ ပြုလုပ်ခြင်းကို ပေးသွင်းသူမှ လက်ခံရပါမည်ဆိုပြီး ပါရှိထားသော်လည်း ၃၉၆ တန်ကို တိုးပြီးပေးသွင်း စေသည်ဆိုသည်မှာ အမှန်တကယ် အသုံးပြုခြင်း/မပြုခြင်း ဆိုသည်ထက် မြေပြင်ကွင်းဆင်းကြည့်ရှုမှု အားနည်းခြင်း၊ Drawing နှင့် Estimate များကို သေချာတွက်ချက်မှုမရှိဘဲ လွှတ်တော်ကိုစာရင်းတင်သွင်းပြီး ဘတ်ဂျက်တောင်းဆို သည်ဆိုသည်ကို သက်သေပြနေပါကြောင်း၊ တင်ဒါအောင်မြင်ထားသည့် ဘိလပ်မြေအမျိုးအစား အတိုင်းလည်း ပစ္စည်းများကို တင်သွင်းခြင်းမရှိဘဲ အမျိုးအစားပြောင်းလဲပြီး ပေးသွင်းသည်ကို တွေ့ရှိရသည့်အပြင် လုပ်ထုံးလုပ်နည်းအရ စီမံကိန်းလုပ်ငန်းများကို စိစစ်ပြီးမှအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သော်လည်း လွှတ်တော်များတွင် အတည်မပြုခင် မြေပြင်တွင် ဆောင်ရွက်မည့် လုပ်ငန်းများကို ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
မြို့ရွာများနှင့်အလှမ်းဝေးသည့် ရေအရင်းအမြစ်ရှိရာ ဒေသများတွင် ဆည်မြောင်းများကို ဌာနမှ တာဝန်ယူ ဆောက်လုပ်နေခြင်းသည် ပစ္စည်းတင်သွင်းသူနှင့်ဌာနအကြား မဆုံးနိုင်သော သံသယဆိုးများကို ဖြစ်ပေါ်စေသည့်အတွက်ကြောင့် လုပ်ငန်းခွင်အရောက် ပို့ဆောင်သည့် ပစ္စည်းများကို စိစစ်လက်ခံမည့်သူ မရှိမဖြစ် လိုအပ်နေပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တည်ဆောက်မှုလုပ်ငန်းအတွက် တင်ဒါခေါ်ဆိုမှုသည် တခြားသောဌာနများနှင့် မတူဘဲ အင်မတန် ဆန်းပြားလှသည့်အတွက် မိမိမေးမြန်းလိုသည်မှာ (က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဌာနနှင့်သက်ဆိုင်သည့် တည်ဆောက်မှုလုပ်ငန်းအတွက် မည်သည့်လမ်းညွှန်မှုဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်နေခြင်း၊ (ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းညွှန်မှုများ ခွဲခြားထားခြင်းရှိ/မရှိ၊ (ဂ) တည်ဆောက်မှုလုပ်ငန်း၏ မည်သည့်လုပ်ငန်းသုံး ပစ္စည်းများကို တင်ဒါခေါ်ယူခြင်း၊ (ဃ) တင်ဒါခေါ်ယူ အောင်မြင်ပြီးသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်အရောက် ပို့ဆောင်ရာတွင် မည်သူက စိစစ်လက်ခံဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမအချက်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရရန်ပုံငွေများနှင့် တင်ဒါခေါ်ယူဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၀-၄-၂၀၁၇ ရက်စွဲနှင့် ထုတ်ပြန်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇) နှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၆-၉-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ဝယ်ယူရေးဆိုင်ရာ လမ်းညွှန်ချက်များအပေါ် အခြေခံပြီး တင်ဒါစည်းကမ်းချက်များ ထားရှိမှုများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂၀၁၇) အရ ကျပ်သန်း ၁၀၀ အထက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားကို အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်ရန်အတွက် သတ်မှတ်ရက်ထက် တစ်လကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် အနည်းဆုံးနှစ်ကြိမ် တင်ဒါခေါ်ယူ ဆောင်ရွက်လျက် ရှိသည့်အပြင် ဝန်ကြီးဌာန Website တွင်လည်း အနည်းဆုံးတစ်လ ကြိုတင်ကြော်ငြာ ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုဘတ်ဂျက်နှင့် ဆောင်ရွက်သည့် တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် တင်ဒါလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်သမ္မတရုံး၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အရ (၁/၂၀၁၇) နှင့်အညီ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းထားသော တင်ဒါကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစိစစ်ရေးကော်မတီများ ဖွဲ့စည်းလုပ်ကိုင်မှုနှင့်အတူ ဆောင်ရွက်ရမှု ရှိပါကြောင်း၊ လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများ အတည်ပြုခြင်း၊ တင်ဒါသွင်းမည့် ကုမ္ပဏီများနှင့် မီဒီယာများဖိတ်ပြီး တင်ဒါစည်းကမ်းချက်များ ရှင်းလင်းခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများ စစ်ဆေးခြင်းတို့ကို သတ်မှတ် လမ်းညွှန်ချက်များ အတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းပေးထားသော ကော်မတီများတွင် ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး သီးခြားလမ်းညွှန်ထားမှုမရှိဘဲ အထက်ဖော်ပြပါ သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂၀၁၇) နှင့် အညီ စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
တတိယအချက်အနေဖြင့် ဝန်ကြီးဌာနအောက်ရှိ ဌာနအများစု၏ တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းများကို ဝယ်ယူသည့်အခါ ကျပ်သန်း ၁၀၀ နှင့်အထက် တန်ဖိုးရှိပစ္စည်းများကို တည်ဆောက်ရေးလုပ်ငန်းခွင်၏ သတ်မှတ်စု ပုံကွင်းအရောက် ဈေးနှုန်းနှင့်တင်ဒါခေါ်ယူ ဆောင်ရွက်ပါကြောင်း၊ အဓိကအားဖြင့် ဘိလပ်မြေ၊ သံချောင်း၊ ကျောက်ကြီး၊ ကျောက်စရစ်၊ အုတ်၊ သဲနှင့်သစ်၊ ဒီဇယ်ဆီစသည်တို့ကို တင်ဒါခေါ်ယူ ဝယ်ယူလျက် ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရမှု အခြေအနေများတွင် ရေရရှိရေးလုပ်ငန်းများကို တင်ဒါခေါ်ယူရာတွင် ခွင့်ပြုရန်ပုံငွေ ပမာဏနည်းပါးခြင်း၊ နည်းပညာပိုင်းအခြေခံ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ လုပ်ငန်းပမာဏ သေးငယ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် အချိန်ကာလ တိုတောင်းခြင်းဆိုသည့် ကန့်သတ်ချက်များ ရှိခဲ့ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ် သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူဆောင်ရွက်ပြီး တင်ဒါယှဉ်ပြိုင်သူမရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ရန်၊ ဌာနအစီအစဉ်နှင့် ဆောင်ရွက်ရာ တွင်လည်း အဓိကကျသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ပိုက်နှင့်ပိုက်ဆက် ပစ္စည်းများအား ဈေးနှုန်းနှိုင်းယှဉ် ဝယ်ယူမှုပြုခြင်း (Shopping Method) နှင့် အဆိုပြုလွှာခေါ်ယူ ဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ခဲ့ရပါကြောင်း၊
စတုတ္ထအချက်အနေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများအတွက် စာချုပ်ချုပ်ဆိုရာတွင် ပစ္စည်းပေးပို့ရမည့် နေ့ရက်နှင့်နေရာများကို ထည့်သွင်းချုပ်ဆိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ ဦးစီးဌာနလုပ်ငန်းများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ အရည်အသွေး စစ်ဆေးရေးကော်မတီတို့မှ စိစစ်လက်ခံခဲ့ပြီးနောက် အဆင့်ဆင့် လုပ်ငန်းခွင်အရောက် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းခမ်းအေး (နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မေးခွန်းနံပါတ် (က) မှ (ဂ)အထိ ဝန်ကြီးဖြေဆိုသွားသည့် သမ္မတ၏ လမ်းညွှန်ချက် (၁/၂၀၁၇) အတိုင်း ဆောင်ရွက်သည်ဆိုသည်မှာ မြေပြင်နှင့်ကွဲလွဲနေပါကြောင်း၊ လုံးဝကိုက်ညီမှု မရှိဘူးဆိုသည်မှာ မိမိထောက်ပြချက်အရ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အကယ်၍ မိမိမှ မေးခွန်းမေးစဉ် ကတည်းက ရစ်ခဲ့မည် ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးက လာရောက်ဖြေကြားမည့်သူက ၎င်းထောက်ပြသည့်မြို့ကို ထိရောက်စွာ အရေးယူပါ့မည်ဆိုပြီး ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ ၎င်းသည် ထိရောက်သည့် ကုစားမှုတစ်ခု မဟုတ်ပါကြောင်း၊ ဖြစ်သင့်သည်မှာ ကောင်းမွန်သည့် အစိုးရတစ်ရပ်ဆိုလျှင် တာဝန်ယူမှု/တာဝန်ခံမှု ရှိရပါကြောင်း၊ သို့သော် ၎င်းတို့နှင့် အလှမ်းဝေးနေသည့် မိမိတို့နိုင်ငံအတွက် တာဝန်သိမှုက ပိုလိုအပ်နေပါကြောင်း၊ တာဝန်သိမှ တာဝန်ကျေအောင် ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊
ယခုလို တာဝန်သိပြီး ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေသည့် ဝန်ထမ်းအားလုံးကို ယခုလို ဆောင်ရွက်ရပါသည်ဆိုသည့် အကြောင်းကို လမ်းညွှန်ချက် ထုတ်ထားပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နောက်ဆုံးဖြစ်သည့် တင်ဒါအောင်မြင်သော လုပ်ငန်းသုံး ပစ္စည်းများကို လုပ်ငန်းခွင်အရောက် ပို့ဆောင်သည့်နေရာတွင် ကြီးကြပ်သူများ QC များကို ခန့်ထား၍ မရပါကြောင်း၊ ၎င်းမှာ တောထဲတွင် လုပ်ရသည့် လုပ်ငန်းဖြစ်သည့် အတွက်ကြောင့် နီးစပ်ရာမြို့နယ်ရှိ လူများနှင့်ဆောင်ရွက် ထားရန်လိုပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင် အရောက်ပို့ဆောင်သည့် အချိန်တွင် စိစစ်လက်ခံဆောင်ရွက် နိုင်ရန်အတွက် ဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးခွန်းပါ အကြောင်းအချက်နှင့် ဆက်စပ်မေးခွန်းကျယ်ပြန်သည့် အနေအထား တွေ့ရှိရပါကြောင်း၊ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး မိမိတို့ဖြေကြားချက်တွင်လည်း ပါပြီးဖြစ်ပါကြောင်း၊ ၁/၂၀၁၇ အကြောင်း အချင်းအရာများအပေါ် လိုက်နာဆောင်ရွက်မှုမရှိလျှင် လိုက်နာဆောင်ရွက်မှု မရှိသည့်အလျောက် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားသည့် အပိုင်းလည်းရှိပါကြောင်း၊ ထို့ကြောင့် ဆက်စပ်အနေဖြင့် ထည့်သွင်းမေးမြန်းသည့် မေးခွန်းအပေါ် အသေးစိတ်အခြေအနေများကို မိမိဝန်ကြီးဌာနက ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း ဆက်စပ်မေးခွန်း ဖြေကြားပါသည်။
