ကျောက်ဖြူမြို့၊ ဦးပိုင်အမှတ် (၁၁၈/ခ) မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် မှတ်ပုံတင်ထား ခြင်းရှိ/မရှိ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် မြေပုံမိတ္တူများကိုရရှိနိုင်ရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနက မိတ္တူထုတ်ပေးရန် တာဝန်ရှိသော်လည်း မည်သည့်အတွက် လိုက်နာခြင်း မပြုသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းတွင် အပိုင်းသုံးပိုင်း ပါရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၆ နှင့် ၃၅၇ တို့တွင် နိုင်ငံသားများ၏ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ နေအိမ်ဥပစာလုံခြုံမှုများကို နိုင်ငံတော်မှ မည်သို့လုပ်မည်ဆိုသည်ကို ပြဋ္ဌာန်းထားပါကြောင်း၊ ကျောက်ဖြူမြို့နယ်မြေစာရင်းရုံးတွင် ကျောက်ဖြူမြို့အလယ်ပိုင်းရပ်ကွက် ဦးပိုင်အမှတ် (၁၁၇/ဃ) နှင့် (၁၁၈/ခ) မြေကွက်တို့ကို မြေပုံ လျှောက်ထားခဲ့ပါကြောင်း၊ ဦးပိုင်မှ (၁၁၇/ဃ) မြေပုံရပြီး (၁၁၈/ခ) မြေပုံကို ဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့သော်လည်း မရရှိပါကြောင်း၊ (၁၁၇/ဃ) နှင့် (၁၁၈/ခ) မြေကွက်နှစ်ကွက်သည် တစ်ဆက်တစ်စပ်တည်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေအရဆိုလျှင် တစ်ခြားဌာနဆိုင်ရာများတွင် လွှတ်တော် ကိုယ်စားလှယ်များက နိုင်ငံတော်တွင် တာဝန်ရှိသည့်ပုဂ္ဂိုလ်နှင့် လွှတ်တော်ဆိုင်ရာကိစ္စများတွင် ပြောဆိုရန်အတွက် အချက်အလက်များ တောင်းလျှင် ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကို ချိုးဖောက်ခံရသည့် အကြောင်းအရာများကို နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်အကြီးအကဲများကို လွှတ်တော်တွင် တင်ပြနိုင်ရန်အတွက် မြေပုံမိတ္တူတောင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့တောင်းသည့်အခါ တစ်ခုကိုရပြီး နောက်တစ်ခုကို မရသောကြောင့် ဝန်ကြီးကို လူချင်းတွေ့ပြီး ပြောခဲ့သော်လည်း မရသဖြင့် ကျောက်ဖြူမြို့၊ ဦးပိုင်အမှတ်(၁၁၈/ခ)မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် မှတ်ပုံတင်ထား ခြင်းရှိ/မရှိ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် မြေပုံမိတ္တူများကိုရရှိနိုင်ရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနက မိတ္တူထုတ်ပေးရန် တာဝန်ရှိသော်လည်း မည်သည့်အတွက် လိုက်နာခြင်း မပြုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လည်းကောင်း၊ ပြည်သူ့လွှတ်တော်မှတစ်ဆင့် ဝန်ကြီးဌာနသို့လည်းကောင်း မြေပုံမိတ္တူရရှိရေးအတွက် တောင်းခံခဲ့ပါကြောင်း၊ ထိုသို့ တောင်းခံခဲ့မှုများအပေါ် ပြန်ကြားခဲ့စဉ်က အဆိုပါအကွက်၏ မြေပုံမိတ္တူကို မည်ကဲ့သို့ တောင်းခံရရှိနိုင်မှုအချက်အလက်များကို ၂၈-၇-၂၀၁၇ ရက်စွဲပါစာနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး ထံသို့လည်းကောင်း၊ ၂-၈-၂၀၁၇ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်သူ့ လွှတ်တော်မှတစ်ဆင့် ပြန်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊
ပထမမေးခွန်းဖြစ်သည့် ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် ဖြတ်လမ်း ၃ ကိုမျက်နှာမူလျက်ရှိသည့် ဦးပိုင်အမှတ်(၁၁၈/ခ) မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် သက်ဆိုင်ရာမှတ်ပုံတင်စာအုပ်၌ နည်းလမ်းတကျ အမှန်တကယ်မှတ်တမ်းတင်ထားရှိခြင်း ရှိ/မရှိ နှင့်စပ်လျဉ်း၍ ယင်းမြေကွက်သည် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ အကွက်အမှတ် (၂/င)၊ အနောက်ပိုင်းအကွက်၊ ဦးပိုင်အမှတ် (၁၁၈/ခ)၊ ဧရိယာ (ဝ.၀၉၈) ဧကရှိ ဦးသန်းမြင့် အမည်ပေါက် ဘိုးဘွားပိုင်မြေဖြစ်ကြောင်းပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်ဆိုင်ရာမှတ်ပုံတင် စာအုပ်များတွင် နည်းလမ်းတကျ မှတ်တမ်းတင်ထားရှိပါကြောင်း၊
ဒုတိယမေးခွန်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၉(ခ)နှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၁၀ (ဂ) တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် အထက်ပါမေးခွန်းပါ မြေကွက်၏ မြေပုံမိတ္တူများကို ရရှိနိုင်ရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ မိတ္တူထုတ်ပေးရန် တာဝန် ရှိ/မရှိ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေနှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေပုဒ်မ ၉(ခ)နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀(ဂ) တွင် ပြဋ္ဌာန်းထားသည့် လွှတ်တော်တွင် တင်ပြဆွေးနွေးမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ယင်းတို့ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ဖြစ်စေ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက်အလက်ရယူခြင်း ဆိုသော ပြဋ္ဌာန်းချက်ကို ကိုးကားပြီး မြေပုံမိတ္တူရယူလိုကြောင်း လျှောက်ထားတဲ့ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအနေနှင့် လည်း လွှတ်တော်ကိုယ်စားလှယ်ထံ ကျိုးကြောင်းပြန်ကြားခဲ့သည့်နည်းတူ ဝန်ကြီးဌာနအနေနှင့်လည်း ပြည်သူ့လွှတ်တော်ရုံးမှတစ်ဆင့် ပြန်ကြားခဲ့ပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးထံသို့ ပြန်ကြားချက်တွင် မြေပုံမိတ္တူရယူလိုသည့်အခါ ဆောင်ရွက်ရမည့် အချက်အလက်များကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လက်ရှိကျင့်သုံးဆောင်ရွက် လျက်ရှိသည့် မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အဆင်ပြေစွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများက ဥပဒေနှင့်အညီ မိတ္တူထုတ်ပေးရန်ဆိုသည့်အတိုင်း ဥပဒေနှင့်အညီဖြစ်စေရေး ရည်ရွယ်ပြန်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထိန်းသိမ်းထားသည့် မှတ်တမ်းများနှင့်ပတ်သက်ပြီး မိတ္တူရေးကူးခွင့်၊ ကြည့်ရှုစစ်ဆေးခွင့်၊ တရားရုံးသက်သေခံခွင့်စသည့် ကိစ္စရပ်များကို တည်ဆဲမြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေအတိုင်း ဆောင်ရွက်ရပါကြောင်း၊ မြေပုံမိတ္တူရေးကူးခွင့်နှင့် စပ်လျဉ်းသည့် မြေစာရင်းလက်စွဲဥပဒေပါ အပိုဒ် ၃၈၅ ပါ ပြဋ္ဌာန်းချက်ကို ထုတ်နုတ်တင်ပြရမည်ဆိုလျှင် ဦးပိုင်တစ်ခုခုနှင့် စပ်လျဉ်း၍ မှတ်ပုံစာရင်း ၁-က တွင် အမည်ပါသူ သို့မဟုတ် မှတ်ပုံစာရင်း ၂ တွင် စည်းကြပ်ခံရသူအဖြစ် အမည်ပါသူက ထိုဦးပိုင်နှင့်သက်ဆိုင်သော စာရင်းမြေပုံအပိုင်းတို့ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ကြည့်ရှုစစ်ဆေးလိုကြောင်း သို့မဟုတ် ကောက်နုတ်ချက်များရယူလိုကြောင်း စာဖြင့်လျှောက်ထားလျှင် ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်မလိုအပ်သည့်အပြင် ထိုစာရင်းမြေပုံကြည့်ရှုခနှင့် ကောက်နုတ်ရေးကူးခများ လည်း ပေးဆောင်စေခြင်းမရှိစေရဆိုပြီးတော့ ပြဋ္ဌာန်းထားပါကြောင်း၊ထို့ကြောင့် အမည်ပေါက်သူ ကာယကံရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်ပါကြောင်း၊
တတိယမေးခွန်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၉ (ခ) နှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၁၀ (ဂ) ပါ ပြဋ္ဌာန်းချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ မည်သည့်အတွက် လိုက်နာခြင်းမပြုပါသနည်းဆိုသည့် ကိစ္စနှင့်စပ်လျဉ်း၍ အထက်တွင် မိမိရှင်းလင်း ဖြေကြားခဲ့သည့်အတိုင်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့် အချက်အလက်များကို ပြန်ကြားပေးပြီး ဖြစ်သည့်အတွက် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင် ထားသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်းပြီး ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံသားတစ်ဦး၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်း၏ လုံခြုံမှုရှိစေရန်နှင့် ကာကွယ်ရန်အလို့ငှာ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ အကွက်အမှတ် (၂-င)၊ အနောက်ပိုင်းရပ်ကွက်၊ ဦးပိုင်အမှတ် (၁၁၈/ခ) ၏ မြေပုံမိတ္တူရေးကူးရန်ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်ပေါက်သူ ကာယကံရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်းနှင့် အများပြည်သူအကျိုးငှာ မြေပုံမိတ္တူရေးကူးခွင့်အား မြေစာရင်းလက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားလာပါက လုပ်ထုံလုပ်နည်းများနှင့်အညီ ရေးကူးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။
မိတ္တူကူး၍မရသည့်အတွက် မြို့နယ်တွင် ပြီးသွားရမည့်ကိစ္စကို လွှတ်တော်အထိ တက်လာရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများအထိ တိုင်ရသည့်အဆင့်ထိ ဖြစ်သွားပါကြောင်း၊ မိမိမေးမြန်းသည့် နောက်ဆုံးမေးခွန်းသည် ဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် အခွင့်အရေးများရှိသည်ကို ပြဋ္ဌာန်းထားပါကြောင်း၊ ထိုဥပဒေကို ဝန်ကြီးများက လေးစားလိုက်နာရန် ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မိမိပြဋ္ဌာန်းချက်များကို လိုက်နာမှုရှိ/မရှိ၊ ထိန်းကျောင်းနိုင်မှု တစ်ချို့ပိုင်းများတွင် အားနည်းချက်ရှိ ကောင်းရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဥပဒေကြောင်းနှင့်အညီ တည့်မတ်စွာ ဆောင်ရွက်သွားနိုင် ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသည့် ဆက်စပ်မေးခွန်းပါ အချက်အလက်များနှင့် ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
