(င)-တမူးမြို့နယ်၊ အင်ဒိုင်းအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာနေပြည်သူများအတွက် လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခွင့်ရရှိရန် စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅.၉.၂၀၁၈)

တမူးမြို့နယ်၊ ရန်ငြိမ်းအောင်ကျေးရွာကို ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်၏ နယ်စပ်ဒေသလုံခြုံရေးအတွက် စီမံချက်ဖြင့် ပြောင်းရွှေ့နေရာချထားပြီး အသစ်တည်ဆောက်ခဲ့သည့် ကျေးရွာလေးဖြစ်ပါကြောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်အနီး တည်ရှိခြင်းဖြစ်ပါကြောင်း၊ လူဦးရေသုံးရာခန့်ရှိပြီး ၎င်းကျေးရွာအသစ်တွင် နေထိုင်မည့် ပြည်သူများကို နေအိမ်တစ်လုံး၊ ခိုင်းနွားတစ်ရှဉ်း၊ လယ်ယာမြေနှစ်ဧက၊ တောရိုင်းမြေငါးဧကတို့ကို ပေးပြီးမှ ပြောင်းရွှေ့နေထိုင်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတင်ပြသည့် မှတ်တမ်းက တောရိုင်းမြေငါးဧက ပေးသည့်မှတ်တမ်းဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း ၎င်းတို့တွင် တောရိုင်းမြေ ငါးဧကစီရှိပါကြောင်း၊ ထို့ကြောင့် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှ အိမ်ထောင်စု ၁၀၈ စုက ပြောင်းရွှေ့ခဲ့ပြီး အခြေချလုပ်ကိုင် စားသောက်လျက်ရှိပါကြောင်း၊ ကျေးရွာနေပြည်သူများ၏ လယ်ယာမြေများသည် မိုးရေခံစိုက်ပျိုးသော လယ်ယာမြေများဖြစ်သဖြင့် ၎င်းအချိန်တုန်းက လယ်ဧကတိုးချဲ့ ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ခက်ခဲပင်ပန်းစွာနှင့် ရုန်းကန်လုပ်ကိုင် ခဲ့ကြရခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်မှ ကျပ် ၆၉ သန်း အကုန်အကျခံပြီး ရေလွှဲမြောင်းတူးဖော်ပေးခဲ့သည့်အတွက် ရာသီမရွေး စိုက်ပျိုးရေ ရရှိလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာနေပြည်သူများမှ နဂိုသူတို့ရှိပြီးသား တောရိုင်းမြေငါးဧကစီကို လယ်ယာမြေအဖြစ် ကိုယ်ပိုင်ဖော်ထုတ် စိုက်ပျိုးလိုခြင်းဖြစ်ပါကြောင်း၊ ၎င်းရေမြောင်းသည် ဧက ၈၀၀ ကျော် သောက်သုံးနိုင်သည်ဟု သိရပါကြောင်း၊ မိမိတို့ ကျေးရွာနေပြည်သူများမှ ထောက်ခံလက်မှတ်ထိုးပြီးမှ တင်ပြတဲ့စာဖြစ်သဖြင့် မေးမြန်းလိုသည်မှာ ယခင်ကာလက ခွင့်ပြုသတ်မှတ်ပေးခဲ့သည့် တောရိုင်းမြေငါးဧကစီအား ကျေးရွာနေအိမ်ထောင်စု အသီးသီးမှ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်လိုပါသဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ တမူးမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာတွင် လက်ရှိအိမ်ခြေ ၆၃ လုံး၊ အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၉၈ ဦးရှိသည့်အနက် တောင်သူလုပ်ငန်းလုပ်ကိုင်သူ ၈၃ ဦးရှိပြီး လက်ရှိတွင် လယ်မြေဧက ၂၇၉ ဧကနှင့် ယာမြေ ၆၃ ဧကကို စိုက်ပျိုးလုပ်ကိုင်လျက် ရှိပါကြောင်း၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာ၏အထက် အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ နန်းမွန်တား လက်ဝဲမြောင်းတည်ရှိပြီး အကျိုးပြုဧရိယာ ၃၄၂ ဧကအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၃၉ သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ် ၆၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်တွင်လည်း အသုံးပြုလျက်ရှိကြောင်း စိစစ်သိရှိရပါသည်။ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ အပိုဒ် ၃၀ အပိုဒ်ခွဲ (က) အရ ကျေးလက်ဒေသများတွင် အခြေချနေထိုင်လျက်ရှိသည့် တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင် တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အိမ်ထောင်စုတစ်စုအတွက် တစ်ကြိမ်တွင် ၁၀ ဧကထက် မပိုသည့်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ စိစစ်ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ ယခုလိုလျှောက်ထားမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုရယူပြီး နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လုပ်ငန်းအဖွဲ့မှ ခွင့်ပြုနိုင်ပါကြောင်း၊ တမူးမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာနေ ပြည်သူများအနေဖြင့် ယခင်ဒေသ အာဏာပိုင်များ၏ အစီအစဉ်နှင့် ယခင်ကာလက ခွင့်ပြုသတ်မှတ်ပေးထားသည့် တောရိုင်းမြေ ၅ ဧကစီကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ထံ ဥပဒေ၊ နည်းဥပဒေနှင့် အညီ တင်ပြလျှောက်ထားသင်‌့ပါကြောင်း၊ ထို့သို့တင်ပြလျှောက်ထားမှုအရ တိုင်းဒေသကြီးတွင်ရှိသည့် စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အနေဖြင့် ဥပဒေပါ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြု စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းအတွက်က သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။