မက်မန်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၃-၂၇/ဦး၁ အမိန့်ကြော်ငြာစာအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာထုတ်နုတ်ပြီး မက်မန်းဒေသမှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ ပေါင်း ၉၂ ရွာတို့ကို ထုတ်နုတ်ပြီး ပေါင်းစပ်၍ ခွင့်ပြုခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင် ပါဝင်သည့် မြို့နယ်အဖြစ် တစ်ပါတည်းဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၁-၇၅/ဦး ၁ နှင့် မက်မန်းခရိုင်ကို မက်မန်းမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်မြို့နယ်နှင့် မန်ကန်မြို့နယ်ခွဲတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊
မက်မန်းခရိုင်အနေဖြင့် ခရိုင်အဆင့် ဌာနဆိုင်ရာ ၆ ခု၊ မက်မန်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာ ၂၀ ခုတို့ဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနကို ၈-၇-၂၀၁၇ ရက်နေ့တွင် မြို့နယ်အဆင့်အရာရှိ ၁ ဦး၊ အခြားဝန်ထမ်းတို့နှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်မွေးမြူရေးနှင့် ဆေးကုသဦးစီးဌာနကို ၂၀-၁၀-၂၀၁၇ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူတစ်ဦးနှင့် စတင်ဖွင့်လှစ် တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လက်ရှိခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင်ရှိသည့် ရုံးခန်းတစ်ခန်းတွင် ခေတ္တဖွင့်လှစ်ထားပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကို မက်မန်းမြို့ပေါ် ရပ်ကွက် (၂) မှ တစ်လလျှင် ကျပ် ၂၀၀၀၀ ပေးပြီး ငှားရမ်းဖွင့်လှစ်လျက် ရှိသည်ကိုလည်း လွှတ်တော်ရပ်နားစဉ် ၇-၅-၂၀၁၈ ရက်နေ့ သွားရောက်ခဲ့စဉ်က တွေ့ရှိခဲ့ရပါကြောင်း၊ အထက်ပါ ဌာနဆိုင်ရာနှစ်ခုနှင့် ရုံးအဆောက်အဦ ဆောက်လုပ်ရန် ဌာနတစ်ခုစီအတွက် မက်မန်းမြို့ပတ်လမ်းတွင် မြေဧက ဝ.၂၅ ဧကခန့်ကို လျာထားသတ်မှတ်ထားပြီး ဖြစ်ကြောင်းကိုလည်း ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်အချိန်က သိရှိခဲ့ရပါကြောင်း၊
မက်မန်းခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းခန့်အပ်မှု၊ ခရိုင်/မြို့နယ်တို့တွင် ရုံးအဆောက်အဦများနှင့် ပတ်သက်ပြီး မက်မန်းခရိုင်ဌာနဆိုင်ရာ ဖွင့်လှစ်ပြီးစီးမှုနှင့် ဝန်ထမ်းများ ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ဌာနဆိုင်ရာအဆောက်အဦ မရှိသည့်ဌာနများ ဖြစ်ပါကြောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ထားသည့် မြေနေရာ ဖြစ်ပါကြောင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးကို မြို့တွင်ရှိသည့် အိမ်ငှားပြီး လူများ၊ ဝန်ထမ်းများ၊ ရုံးများဖွင့်လှစ်ထားသည့် အဆောက်အဦများ ဖြစ်ပါကြောင်း၊
ယခုအခါ မက်မန်းမြို့နယ်သည် ခရိုင်အဆင့်မြို့တစ်မြို့ ဖြစ်လာသည်နှင့်အညီ လူမှုရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍစသည်ဖြင့် အဘက်ဘက်မှ အခြားမြို့နယ်များနည်းတူ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရန်အတွက် လုပ်ဆောင်ရာတွင် ဌာနအလိုက် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကအချက်ဖြစ်သကဲ့သို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများလည်း မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် မိမိအနေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ပေးရန်နှင့် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ သီးခြားရုံးဖွင့်လှစ်နိုင်မှုအခြေအနေ မရှိသည့်အတွက် မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တွဲဖက်ဖွင့်လှစ်ထားရှိရခြင်း ဖြစ်ပါကြောင်း၊ မက်မန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ် နိုင်ရန်အတွက် မြေနေရာရရှိနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီကို ၈-၁၁-၂၀၁၇ ရက်နေ့က တင်ပြထားသော်လည်း မြေနေရာရရှိခြင်း မရှိသည့်အတွက် သီခြားရုံးဆောက်လုပ်နိုင်ခြင်း မရှိသေးပါဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုံးမြေနေရာရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုံးမြေနေရာရရှိမည်ဆိုလျှင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ရန်အတွက် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်တင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မက်မန်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မက်မန်းခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံး ရုံးနှစ်ရုံးပေါင်းပြီး ရုံးခန်းနေရာငှားရမ်း ဖွင့်လှစ်ထားရှိရပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း ဘဏ္ဍာငွေလျာထား တောင်းခံခဲ့သော်လည်း ဦးစားပေးအဆင့်တွင် မပါရှိသည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ကို ဦးစားပေးတင်ပြ တောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
