(င)-ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲကို မြန်မာ့စီးပွားရေးဘဏ်ခွဲအဆင့်သို့ တိုးမြှင်‌့ပေးရန်နှင့် ဘဏ်နှင့်ဘဏ်ဝန်ထမ်းများလုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၃၁.၈.၂၀၁၈)

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့သည် တိုင်းရုံးစိုက်ရာ ခရိုင်မြို့ဖြစ်ပြီး ဒေသတွင်းဆိုင်ရာ အုပ်ချုပ်ရေး လုပ်ငန်းများနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ဒေသ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲအသစ်ကို ၁-၄-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်း ဘဏ်ငွေတိုက်ခွဲသည် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများ၏ အဓိကအမှီပြု အားထားရသော တစ်ခုတည်းသော မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ခွဲလည်း ဖြစ်ပါကြောင်း၊ ဟိုပန်မြို့၏ ဘဏ်ငွေကြေးစီးဆင်းမှုအနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၉၂၂ သန်းကျော်ရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၈၇၉ သန်းအထိ တိုးမြှင့်လာခဲ့ပါကြောင်း၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၃၅၁ သန်း ကျော် ထုတ်ပေးခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၁၇၇ သန်းကျော်အထိ တိုးမြှင့်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာနိုင်ငံ့ ဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ငွေသွင်းငွေထုတ်လုပ်ငန်းများ၊ စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်နှံခြင်းများ၊ ပြည်တွင်းငွေလွှဲခြင်း လုပ်ငန်းများနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ယခင်ကထက် ပိုမိုများပြား တိုးတက်လာသည့်အတွက်  ဟိုပန်မြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်ခွဲတစ်ခု အမှန်လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲအဆင့်အဖြစ် တိုးမြှင့်ခွင့် ရရှိပါက ၎င်းဘဏ်နှင့်ဘဏ်ဝန်ထမ်းများ၏ လုံခြုံရေးသည်လည်း အရေးကြီးလာမည် ဖြစ်သည့်အတွက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးရန် လိုအပ်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရ တိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲအား မြန်မာ့စီးပွားရေးဘဏ် ခွဲအဆင့်အဖြစ် တိုးမြှင့်ပေးရန်နှင့် ဘဏ်နှင့်ဘဏ်ဝန်ထမ်းများ လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်မာ့စီးပွားရေးဘဏ်တွင် ရုံးချုပ်ဌာနကြီး (၆) ခု အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး ၁၄ ခု၊ ခရိုင်အဆင့်ကွပ်ကဲဘဏ်ခွဲ ၇၆ ခု၊ မြို့နယ်အဆင့်ဘဏ်ခွဲ ၂၁၅ ခု နှင့် ဘဏ်ငွေတိုက်ခွဲအဆင့် ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲအဆင့် (၆) ခု စုစုပေါင်း ဘဏ်ခွဲပေါင်း ၃၃၅ ခု ရှိပါကြောင်း၊ အစိုးရနှင့် ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိသော အကြီးဆုံးနိုင်ငံပိုင်ဘဏ်ကြီး ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းဆောင်ရွက်မှု အနေအထားများအရ ရှမ်းပြည်နယ်၊ ဟိုပန် ဘဏ်ငွေ တိုက်ခွဲတွင် တစ်ရက်လျှင် ပျမ်းမျှငွေလွှဲ လွှဲပို့စောင်ရေ ၃၁ စောင်၊ ပျမ်းမျှငွေထုတ် စောင်ရေ ၁၃ စောင်ခန့် ရှိပါကြောင်း၊ ဟိုပန်မြို့ရှိ ခြေလျင်တပ်ရင်းနှစ်ရင်း အနေဖြင့်လည်း ဟိုပန်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ကွမ်းလုံမြို့နယ် ဘဏ်ခွဲတွင် ဘဏ်စာရင်း များဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဟိုပန်ဘဏ် ငွေတိုက်ခွဲကို ၁-၄-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ တစ်နှစ်ကျော်သာရှိသေးပြီး လက်ရှိအခြေအနေတွင် လုပ်ငန်းပမာဏအရ ဘဏ်ငွေတိုက်ခွဲအဆင့်ဖြင့် နိုင်နင်းစွာဆောင်ရွက်လျက် ရှိပါသဖြင့် နောင် လုပ်ငန်းပမာဏ များပြားလာသည့်အခါ မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင်‌့လှစ်ရန် သုံးသပ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဟိုပန်ဘဏ်ငွေတိုက်ခွဲ၏ မူလခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်း လုပ်ငန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတောင်းခံပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိသော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းရန်ပုံငွေကို သတ်မှတ် ထားသော ဘောင်အတွင်း ရေးဆွဲရခြင်းနှင့် ဘဏ်ခွဲအဆောက်အအုံ၊ ငွေသိုလှောင်ခန်း အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများကို ဦးစားပေးအဆင့်များ ခွဲခြားပြီး ဆောင်ရွက်ရခြင်း၊ ဟိုပန်ဘဏ်ငွေတိုက်ခွဲကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်က ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘဏ်ခွဲအဆောက်အဦ အသစ်ဆောက်လုပ်စဉ်က ရှေ့မျက်နှာစာကို အုတ်တံတိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဘေးနှစ်ဖက်နှင့် အနောက်ဖက်ကို ချိန်းလင့်သံဆူးကြိုးဖြင့် ကာရံခြင်းကို ဆောင်ရွက်ထားခြင်း တို့ကြောင့်‌ အုတ်တံတိုင်းအဆင့်ကို မြှင့်တင်ပြီး ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ္ဍာရေးနှစ်အလိုက်ကို ငွေလုံးငွေရင်းရန်ပုံငွေ လျာထားမှုများတွင် ဦးစားပေးအလိုက် ထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။