(စ)-မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်လျက်ရှိကြသော အငြိမ်းစားဝန်ထမ်းများအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် ကမ္ဘာတွင် ဆင်းရဲသည့်နိုင်ငံများစာရင်းဝင် နိုင်ငံဖြစ်ပြီး ဝေးလံခေါင်သီသည့် ဒေသရှိ ဝန်ထမ်းများနှင့် ပြည်သူများသည် ပိုပြီးဆင်းရဲကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဝန်ထမ်းများကို ဒေသစရိတ် ခံစားခွင့်ပြုထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့သူ တစ်ဦးသည် အငြိမ်းစာပင်စင်လစာရလျှင် နိုင်ငံ့တာဝန် ကျေပွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး အငြိမ်းစားပင်စင်မရလျှင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဟု ပြော၍မရပါကြောင်း၊ နိုင်ငံ့တာဝန်ကျေပွန်ခဲ့၍ နိုင်ငံတော်မှ စောင့်ရှောက်ခြင်းဖြစ်ပါ ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့်ပေးရန် တာဝန်ကျေပြီး အသက်အရွယ်ကြီးပြီး အလုပ်အကိုင် မလုပ်နိုင်သည့်အတွက် အငြိမ်းစာပင်စင်စားများကို နိုင်ငံတော်မှ ပိုပြီးဂရုစိုက်သင့်ပါကြောင်း၊
မိမိတို့ မာန်အောင်မဲဆန္ဒနယ်မှ ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အနိမ့်ဆုံးကျောင်း လုပ်သားတစ်ဦး၏ အနိမ့်ဆုံးလစာ ၁၄၄၀၀၀ ကျပ်၊ ဒေသရှားပါးစရိတ် ၇၀၀၀၀ ကျပ် တစ်လလျှင် စုစုပေါင်း ၂၁၄၀၀၀ ကျပ်သဖြင့် စားဝတ်နေရေး အဆင်ပြေပါကြောင်း၊ သားသမီးများကိုလည်း အထက်တန်းကျောင်းများတွင် ကောင်းမွန်စွာထားနိုင်ပါကြောင်း၊ ၎င်းဝန်ထမ်း သက်ပြည့်ပင်စင် ယူသည့်အခါ တစ်လလျှင် ပင်စင်လစာ ၄၀၀၀၀ ကျော်သာရရှိပြီး ဒေသစရိတ်မရရှိသဖြင့် သားသမီးများကို ကျောင်းဆက်မထားနိုင်ပါကြောင်း၊ ထိုသို့ဖြစ်ရပ်များမှာ ဝေးလံခေါင်သီသည့် ဒေသများတွင် များပြားစွာ ရှိကြပါကြောင်း၊
ဝေးလံခေါင်သီသည့်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းဒေသတွင်သာနေပြီး ပင်စင်ယူသည့်အခါ ပင်စင်စားများသည် ထိုဒေသခံများ ဖြစ်ကြပါကြောင်း၊ ပင်စင်ယူသွားသည့် ပင်စင်စားများကို လက်ရှိ ဝန်ထမ်းများထက်ပိုပြီး နိုင်ငံတော်မှ ဂရုစိုက်သင့်ပါကြောင်း၊ သို့မှသာ လက်ရှိဝန်ထမ်းများသည် ပင်စင်ယူသွားသော ဝန်ထမ်းများကို အတုယူပြီး မိမိတာဝန်ကို ပင်စင်ယူသည့်နေ့အထိ ကျေပွန်စွာ ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီသည့်ဒေသရှိ ဝန်ထမ်းများကို ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသလို နိုင်ငံတော်တာဝန် ကျေပွန်ပြီးဖြစ်သည့် ဝေးလံခေါင်သီသည့် ဒေသနေ အငြိမ်းစား ပင်စင်စားများကိုလည်း သင့်လျော်သည့် ဒေသရှားပါးစရိတ် ပေးသင့်ပါကြောင်းနှင့် ဝေးလံခေါင်သီသည့် ဒေသနှင့်အငြိမ်းစား ဝန်ထမ်းများအား သင့်လျော်သောဒေသ ရှားပါးစရိတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
မိမိတို့နိုင်ငံသည် အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစားလစာနှင့် ဆုကြေးများအတွက် နိုင်ငံတော်မှ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို အခါအားလျော်စွာလည်း တိုးမြှင့်သတ်မှတ် ပေးခဲ့ပါကြောင်း၊ ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၆-၃-၂၀၀၀ ပြည့်နှစ်ရက်စွဲပါ အမိန့်ကြော်ငြာစာနှင့် လက်ရှိပင်စင်ခံစားနေကြသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၎င်းတို့ခံစားနေသည့် ပင်စင်လစာ၏ နှစ်ဆသို့ ၂၀၀၀ ပြည့်နှစ်ဧပြီလက တိုးမြှင့်ခံစားခွင့် ပြုခဲ့ပါကြောင်း၊ ထို့အပြင် ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၃၀-၆-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာနှင့် ၁-၁-၂၀၁၀ ပြည်နှစ်မတိုင်မီ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင် ခံစားခွင့်ကို လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါကရရှိမည့် ပင်စင် ခံစားခွင့်အတိုင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ပင်စင်လစာမှစပြီး တိုးမြှင့်ခံစားခွင့် ပြုခဲ့ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ကျပ် ၂၀၀၀၀ စီ တိုးမြှင့် ပေးခဲ့စဉ်ကလည်း အငြိမ်းစားများကို လက်ရှိပင်စင်လစာအပြင် တိုးမြှင့်ခွင့်ပြုသည့် လစာကျပ် ၂၀၀၀၀ အပေါ် အချိုးကျတိုးမြှင့် ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းများလစာ နှုန်းထား တိုးမြှင့်ပေးခဲ့စဉ်ကလည်း အငြိမ်းစားများကို လက်ရှိပင်စင်လစာအပြင် ဘဏ္ဍာရေးအခြေအနေအပေါ် မူတည်ပြီး တိုးမြှင့်သည့်လစာကျပ် ၄၅၀၀၀ အပေါ် အချိုးကျတိုးမြှင့်ပြီး ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၁၅၂ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသည့် ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများကိုသာ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ-၁၅၂ နည်းဥပဒေခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ဒေသစရိတ် သတ်မှတ်ခံစားခွင့်ပြုခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအရ လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ထားသောဒေသများရှိ တာဝန်ထမ်ဆောင်ဆဲ ဝန်ထမ်းများကိုသာ ဥပဒေနှင့်အညီ ဒေသစရိတ်ခံစားခွင့် နှုန်းထားများ သတ်မှတ်ခံစားခွင့်ပြုခြင်း ဖြစ်ပါကြောင်း၊
ဒေသစရိတ်ခံစားခွင့် ပြုခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ယခင်မှတ်တမ်းများအရ ၁၉၄၇ ခုနှစ်တွင် လူမှုရေးခက်ခဲသည့် ဒေသများရှိ ဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့် ပြုခဲ့ပါကြောင်း၊ ၁၉၇၉ ခုနှစ်မှစပြီး လူမှုရေးအခက်ခဲဆုံးနှင့် လူမှုရေးခက်ခဲသော မြို့နယ်များဟုခွဲခြားပြီး ဒေသစရိတ်ကို ပြင်ဆင်သတ်မှတ်ပြီး ခံစားခွင့်ပြုခြင်း ရှိပါကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ဒေသစရိတ် ခံစားခွင့်များကို လစာ၏ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ခံစားခွင့်ပြုခဲ့သူကို တွေ့ရပြီး ၂၀၁၂ ခုနှစ်တွင် ဝေးလံခေါင်းပါးပြီး လူမှုရေးခက်ခဲသည့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို လက်ရှိလစဉ် ထုတ်ယူရရှိသည့် လစာနှင့်ညီမျှသည့်ငွေကို ဒေသစရိတ်ခံစားခွင့် ပြုခြင်းကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အမှတ်ပေးစနစ်များဖြင့် စိစစ်သုံးသပ် ရရှိသည့်ရမှတ်အပေါ် အခြေခံပြီး ယခင်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၆-၂-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၁၆) ဖြင့် ၁.၄.၂၀၁၅ ရက်နေ့မှစပြီး ယာယီအစီအစဉ်ဖြင့် ခံစားခွင့်ပြုခဲ့သည့် ဒေသစရိတ်အပေါ် လူမှုရေး အသင့်အတင့် ခက်ခဲသောဒေသ၊ လူမှုရေးခက်ခဲသောဒေသ၊ လူမှုရေးအခက်ခဲဆုံး ဒေသဟူ၍ အုပ်စုသုံးစုခွဲပြီး လစာနှုန်းထားများအလိုက် ဒေသစရိတ်ခံစားခွင့် နှုန်းထားများ ကိုလည်း အုပ်စုအလိုက် ပြင်ဆင်သတ်မှတ်ပြီး ပေးခဲ့ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နောက်ဆက်တွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၆) ၏ အပိုဒ် ၅ (က) တွင် ဒေသစရိတ်ခံစားခွင့် ရှိသည့် မြို့နှင့်ကျေးရွာ အုပ်စုများတွင် သွားရောက်နေထိုင်ပြီး တာဝန်ထမ်းဆောင်မှသာလျှင် ဒေသစရိတ်ကို ခံစားခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊ ၁၉၄၇ ခုနှစ်မှစပြီး တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများသည် ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများတွင် တာဝန်ထမ်းဆောင်သည့် အချိန်တွင်သာ ဒေသစရိတ်ခံစားခွင့် ရှိမည်ဖြစ်ပြီး ယင်းဒေသမှ ပြောင်းရွှေ့သွားသည့်အခါ ခံစားခွင့်မရှိပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၆ ပါ ပြဋ္ဌာန်းချက်အရ ဆုငွေနှင့်ပင်စင် တွက်ချက်မှုမှာ ဒေသစရိတ်ကို ထည့်သွင်းတွက်ချက်ရခြင်း မရှိဘဲ ဝန်ထမ်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်နှင့် နောက်ဆုံးထုတ်လစာအပေါ်တွင်သာ အခြေခံပြီး တွက်ချက်ခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင် စနစ်သည် နိုင်ငံတော် ဘတ်ဂျက်မှ တိုက်ရိုက်ကျခံသုံးစွဲသည့် စနစ်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ တိုးတက်ခန့်အပ် လာခြင်း၊ လူတို့၏ မျှော်မှန်းသက်တမ်း တိုးတက်လာခြင်းတို့ကြောင့် ပင်စင်စားအင်အားနှင့် အသုံးစရိတ်တွင်လည်း နှစ်စဉ်တိုးတက်လျက် ရှိပါကြောင်း၊ ၃၁-၃-၂၀၁၈ ရက်နေ့အထိ ပင်စင်စားအင်အားပေါင်း ၉၃၈၅၅၁ ဦးရှိပြီး လက်ရှိဝန်ထမ်းအင်အား နည်းပါးနေသည့် အခြေအနေဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ကျခံသုံးစွဲရသည့် ပင်စင်အသုံးစရိတ်မှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၇၄၂ ဘီလီယံရှိပါကြောင်း၊
နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း အနေအထားအရ သုံးငွေမှာ ရငွေထက် ပိုမိုနေသဖြင့် လိုငွေ အနေအထားဖြစ်ရာ တည်ဆဲပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရလည်းကောင်း ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသည့် ဒေသအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်လျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင့်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့သည်။
ဦးတင်နု (ခ) ဦးတင်နုအောင် (မာန်အောင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။
မိမိတို့ရခိုင်ပြည်နယ်တွင် ဒေသစရိတ်ရသည့် မြို့များမှာ ဘူးသီးတောင်မြို့၊ မောင်တောမြို့နှင့် မာန်အောင်မြို့ သုံးမြို့သာရှိပါကြောင်း၊ မာန်အောင်တွင် လက်ရှိဝန်ထမ်း ၁၇၀၀ ကျော်ရှိပါကြောင်း၊ အငြိမ်းစားဝန်ထမ်း ၆၅၀ ဦး ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်းရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဒေသစရိတ် ခံစားခွင့်ပြုထားသည့် အငြိမ်းစားဝန်ထမ်းများမှာ မာန်အောင်မြို့နယ်ကဲ့သို့ ၃၅ ရာခိုင်နှုန်းသာရှိမည် ထင်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် မိမိတို့ရခိုင်ပြည်နယ်တွင် အသက် ၉၀ ကျော်သည့် အဘိုး၊ အဖွား များကို တစ်လလျှင် တစ်သောင်းကျပ်၊ ကိုယ်ဝန်ဆောင်များကို ကလေးမွေးပြီး နှစ်နှစ်ပြည့်သည်အထိ တစ်လလျှင် ၁၅၀၀၀ ကျပ် ထောက်ပံ့ပေးထားပါကြောင်း၊ ပြည်သူများကို ထိုသို့ထောက်ပံ့ကြေးပေးလျှင် ရှားပါးဒေသနှင့် အငြိမ်းစားဝန်ထမ်းများကို သင့်လျော်သည့် ထောက်ပံ့ကြေး ပေးသင့်ပါကြောင်း၊ ထို့ကြောင့် ဝေးလံခေါင်သီဒေသရှိ အငြိမ်းစားဝန်ထမ်းများကို ၁၀၀၀၀ ကျပ် (သို့မဟုတ်) ၁၅၀၀၀ ကျပ်ဖြစ်ဖြစ် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ပင်စင်ဥပဒေ၊ နည်းဥပဒေများအရ ဒေသစရိတ်နှင့်ပတ်သက်ပြီး တာဝန်ထမ်းဆောင်ဆဲ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသတွင် တာဝန်ထမ်းဆောင်သည့် သူများသာ ခံစားခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ဒေသစရိတ် သို့မဟုတ် ထောက်ပံ့ကြေး စသည့်ကိစ္စများကို ဥပဒေအရ မိမိတို့ပေး၍ မရပါသော်လည်း လူမှုရေးပင်စင်အဖြစ် ဘတ်ဂျက်ကသာ ပေးပါကြောင်း၊ ဘတ်ဂျက်မှ ကယ်ဆယ်ရေးဝန်ကြီးဌာနကို ခွဲဝေပေးပြီး ယခင် ၉၀ နှစ်၊ ယခုဆိုလျှင် ၈၅ အထက် အဘိုးအဘွားများကို မိမိတို့လစဉ် ထောက်ပံ့ငွေအဖြစ် နိုင်ငံတော်မှ ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
