တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းရှိ ပဒေသာဈေးမှ ဈေးသူဈေးသားများသည် ယခင်က မင်္ဂလာဈေးနှင့် ဆက်စပ်ရောင်းဝယ်မှုများရှိနေခဲ့ပြီး ပဒေသာဈေးနှင့် မင်္ဂလာဈေးတို့အား မထသကား များဖြစ်သော (၃၁) ဗိုက်ပူကား၊ ဇေယျာမင်းကား၊ အောင်သိဒ္ဓိ (၂၃၇) အစရှိသောကားများ ပြေးဆွဲခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မထသကားများအစား YBS ကားများဖြင့် အစားထိုးပြောင်းလဲ ပြေးဆွဲခဲ့ပါကြောင်း၊
ယခင် မထသကားအဟောင်းများ နေရာတွင် YBS ကားအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခဲ့သည့်အတွက် ခရီးသွားပြည်သူများမှာ ပိုမိုသက်တောင့်သက်သာရှိသော အခြေအနေတစ်ခုကို ရောက်ရှိခဲ့သော်လည်း မေတ္တာလမ်းရှိ ပဒေသာဈေးနှင့် မင်္ဂလာဈေးသို့ ဖြတ်သန်းသော ခရီးစဉ်လမ်းကြောင်း YBS ကားလိုင်း တစ်လိုင်းမှ မပါရှိခဲ့သောကြောင့် YBS ကားအသစ်၏ ခရီးစဉ်လမ်းကြောင်းများသည် တောင်ဥက္ကလာပ မြို့နယ်အတွက် လိုအပ်ချက်ဖြစ်ပေါ်လျက် ရှိနေပါကြောင်း၊ ထိုသို့ဖြစ်နေသည့်အတွက် ခရီးသည်များမှာ ယနေ့တိုင် ဒုက္ခရောက်နေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲများ တွင်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင်လည်းကောင်း ၎င်းခရီးသည်များ၏ အခက်အခဲများကို ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း နဂိုမထသယာဉ်လိုင်းအတိုင်း ပြေးဆွဲပေးနိုင်ရေးကို ကြိုပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ခရီးသွားပြည်သူများ အနေဖြင့်လည်း YBS ခရီးစဉ်အဆင်ပြေရန်အတွက် ဌာနဆိုင်ရာများကို တင်ပြထား သည့် အပိုင်းများလည်း ရှိခဲ့ပြီး YBS ကားများ စတင်သောကာလဖြစ်သဖြင့် အဆင်မပြေသေးသော်လည်း နောင်တွင် အဆင်ပြေလာပါမည်ဟု ခရီးသွားပြည်သူများအား ပြောကြားနေရသော်လည်း YBS စတင်ပြီး တစ်နှစ်ခွဲကျော်ကြာ ယနေ့အချိန်အထိ အဆင်မပြေဘဲ ဖြစ်နေပါသဖြင့် ၎င်းရပ်ကွက်များတွင် ပြည်သူလူထု တွေ့ဆုံပွဲများကို မလုပ်ရဲသည့်တိုင် ဖြစ်နေရပါကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းရှိ ပဒေသာဈေးနှင့် မင်္ဂလာဈေးသို့ ဖြတ်သန်းသွားသော ယခင် မထသယာဉ်လိုင်း အချိန်ကိုက်ရှိခဲ့သော ခရီးစဉ်အတိုင်း ယာဉ်လိုင်းတစ်ခု ပြန်လည်ဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိနှင့် မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို သိရှိလိုပါ ကြောင်း၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုလျှင် နဂိုမထသယာဉ်လိုင်း ခရီးစဉ်ဖြစ်သော မေတ္တာလမ်း၊ သုမင်္ဂလာလမ်း၊ ရတနာလမ်း၊ (၁၆) ကွေ့ ခရီးစဉ်လမ်းကြောင်းအပြင် မေတ္တာလမ်း၊ ဝေဇယန္တာလမ်း၊ (၁၆)ကွေ့ ခရီးစဉ်လိုင်းအတိုင်း ကားအစီးရေတချို့ကို ထည့်သွင်းပြေးဆွဲ စေချင်ပါကြောင်း၊ မေတ္တာလမ်းသည် လမ်းမကြီးတစ်ခု ဖြစ်သော်လည်း ယခင်မထသအချိန်တွင်လည်းကောင်း၊ ယခု YBS အချိန်တွင် လည်းကောင်း ယနေ့အချိန်အထိ လိုင်းကားတစ်စီးမှ ဖြတ်သန်းသွားလာခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ခရီးသွားပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ယခင်က (၃၁)ဗိုက်ပူကား၊ ဇေယျာမင်း၊ အောင်သိဒ္ဓိ၊ (၂၃၇) လိုင်း ကားတို့၏ ခရီးစဉ်များသည် ခရီးသွားပြည်သူများ၏ လိုအပ်ချက်နှင့် အံ့ဝင်ခွင်ကျ ဖြစ်နေသည့်အတွက် ထိုကဲ့သို့ ပြန်လည်မဆောင်ရွက် ပေးနိုင်ပါက ခရီးသွားပြည်သူများ နေ့စဉ်ကြုံတွေ့ နေရသော ဆင်းရဲဒုက္ခများကို ဖြေလျော့စေရန်အတွက် ဌာနဆိုင်ရာအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခင် မထသစီမံမှုအောက်တွင် မထသ (၃၁) ယာဉ်လိုင်းနှင့် အောင်သိဒ္ဓိယာဉ်လိုင်းသည် တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်းကို ဖြတ်သန်း၍ မင်္ဂလာဈေးသို့ ပြေးဆွဲခဲ့ပါကြောင်း၊ ယခု YBS (၂၆) ယာဉ်လိုင်းမှ စီးတီးဘတ်စ် ယာဉ်စီးရေ ၂၅ စီးဖြင့် မေတ္တာလမ်းကို ဖြတ်သန်း၍ ရွှေဗဟိုလမ်းဆုံ (တာမွေဗလီ) မှတစ်ဆင့် သမိန်ဗရမ်းလမ်းသို့ ပြေးဆွဲပေးလျက်ရှိပြီး အခြားမြို့နယ်များမှ လာသော ယာဉ်လိုင်းများသည် တာမွေမြို့နယ်မှတစ်ဆင့် ဗညားဒလလမ်းပေါ်ရှိ မင်္ဂလာဈေးကို ဖြတ်သန်း၍ ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ YBS (၂၆) နှင့်အတူ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်တွင် YBS (၇) လိုင်းမှ နေ့စဉ် စီးတီးဘတ်စ်ယာဉ် ၁၅၇ စီးခန့်သည်လည်းကောင်း၊ YBS (၂၇) ယာဉ်လိုင်းမှ နေ့စဉ် စီးတီးဘတ်စ် ယာဉ် ၄၅ စီးခန့်သည်လည်းကောင်း၊ YBS (၃) ယာဉ်လိုင်းမှ နေ့စဉ် စီးတီးဘတ်စ်ယာဉ် ၄၂ စီးခန့်သည်လည်ကောင်း တာမွေအဝိုင်းမှတစ်ဆင့် ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးကို ဖြတ်သန်းပြေးဆွဲ ပေးလျက်ရှိသည့်အပြင် ရွှေဂုံတိုင်လမ်းမှလာသော YBS (၂၀)၊ (၆၅)၊ (၈၅) ယာဉ်လိုင်းများမှ နေ့စဉ် စီးတီးဘတ်စ်ယာဉ်စီးရေ ၂၂၁ စီးခန့်သည် တာမွေအဝိုင်းမှတစ်ဆင့် ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးကို ဖြတ်သန်းပြေးဆွဲ ပေးလျက်ရှိပါကြောင်း၊ ဗဟန်းမြို့နယ် ဦးချစ်မောင် လမ်းမှလာသော YBS (၄၃)၊ (၆၄) ယာဉ်လိုင်းမှ နေ့စဉ် စီးတီးဘတ်စ်ယာဉ် ၇၃ စီးခန့် သည်လည်း တာမွေအဝိုင်းမှတစ်ဆင့် ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးအားဖြတ်သန်း၍ ပြေးဆွဲပေး လျက်ရှိပါကြောင်း၊ သာကေတမှလာသော YBS (၇၂) ယာဉ်လိုင်းမှ နေ့စဉ် စီးတီးဘတ်စ်ယာဉ်စီးရေ ၂၅ စီးခန့်သည်လည်း ရွှေဗဟိုလမ်းဆုံမှ ကျိုက္ကဆံလမ်း၊ ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးအား ဖြတ်သန်းပြေးဆွဲ ပေးလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမှ မင်္ဂလာဈေးသို့ သွားရောက်ကြမည့် ခရီးသည်များ အနေဖြင့် လက်ရှိအခြေအနေတွင် ရွှေဗဟိုလမ်းဆုံမှ မင်္ဂလာဈေးခရီးစဉ်သို့ ဗညားဒလလမ်းအတိုင်း နေ့စဉ်ပြေးဆွဲနေသော အထက်ပါ YBS ယာဉ်ကြီးလိုင်း ကိုးလိုင်းမှ ပြေးဆွဲယာဉ် ၅၅၉ စီး ခန့်အား စီးနင်း သွားလာနိုင်ပါကြောင်း၊ ရွှေဗဟိုလမ်းမဆုံမှ ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးအထိ YBS (၉) လိုင်း စီးတီးဘတ်စ် ၅၅၉ စီးခန့် နေ့စဉ်ဖြတ်သန်း ပြေးဆွဲနေခြင်းကြောင့် အထက်ပါခရီးစဉ်တွင် ယာဉ်လိုင်း တစ်လိုင်း ထပ်မံဖြည့်တင်းပြေးဆွဲပါက ဗညားဒလလမ်းတစ်လျှောက် ယာဉ်ကြော ကြပ်တည်းမှု အခြေအနေနှင့် ယာဉ်လိုင်းများလမ်းကြောင်း တူညီမှုအခြေအနေအရ ယှဉ်ပြိုင်မောင်းနှင်မှု ပြုလုပ်မည့် အခြေအနေကိုလည်း စဉ်းစားရမည် ဖြစ်သည့်အပြင် မေတ္တာလမ်းနှင့်ယှဉ်လျက်ရှိသော ရတနာလမ်းကို ဖြတ်သန်း၍လည်း YBS (၂၇) ယာဉ်လိုင်းသည် မင်္ဂလာဈေးအထိ ပြေးဆွဲပေးလျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းလမ်းကြောင်းများအား ခရီးသွားပြည်သူများ ပိုမို အဆင်ပြေ ချောမွေ့စေရန်အတွက် လေ့လာစီမံ ဆောင်ရွက်လျက်ရှိပါသဖြင့် ယာဉ်လိုင်းလမ်းကြောင်း စိစစ် ဆောင်ရွက်သည့် အချိန်တွင် တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းရှိ ပြည်သူများ အထက်ပါ ခရီးစဉ်သို့ သွားလာမှုအထောက်အပံ့ ဖြစ်နိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာစောနိုင် (တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီး ဖြေကြားသွားသည်မှာ YBS (၂၆) လိုင်းက ၂၅ စီးပြေးဆွဲနေသည်ဟု ပြောပါကြောင်း၊ ၂၅ စီး ကလည်း မနက် ၅ နာရီမှ ညနေ ၉ နာရီအထိ ပြေးဆွဲမည်ဆိုလျှင် အချိန်အားလုံးပေါင်း ၁၆ နာရီတွင် ၂၅ စီး ဆိုတာလည်း တော်တော်လေးနည်းပါးပါကြောင်း၊ ထို့ကြောင့် ယာဉ်စီးရေကို ထပ်မံတိုးမြှင့်ရန်နှင့် YBS ကထုတ်သည့် စာအုပ်ထဲတွင် YBS (၂၆) ယာဉ်လိုင်းသည် ၎င်း တာမွေမှ ကျောက်မြောင်း-သီတာ-အောင်မင်္ဂလာ-ယုဇနပလာဇာ-မင်္ဂလာဈေးဆိုပြီး ယာဉ်လမ်းကြောကို ရေးထားပေးသော်လည်း အပြင်တွင် လေ့လာကြည်မိသည်မှာ တာမွေကမှတစ်ဆင့် ကြက်ပဲဈေးကိုသွားနေခြင်း ဖြစ်သည့်အတွက် YBS ကထုတ်ထားသည့် ခရီးစဉ်လမ်းကြောနှင့် အပြင်တွင်ပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောကလည်း ဝန်ကြီးပြောသွားသည့် YBS (၂၆) လိုင်းကလည်း ယခုလိုခရီးစဉ် လွဲနေသည့်အတွက် စာအုပ်ထဲတွင် ပါသည့်အတိုင်း လမ်းကိုဆောင်ရွက်လျှင် ပြင်ဆင်ဆောင်ရွက် ပေးလိုခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အခုတင်ပြတဲ့ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ပြန်လည်ဖြေကြား ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
