ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၉.၈.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၅၄ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)    ပြည်သူ့လွှတ်တော် ကော်မတီများတွင် အဖွဲ့ဝင်များ ထပ်မံထည့်သွင်းဖွဲ့စည်းခြင်း။     ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီများတွင် အောက်ဖော်ပြပါ ကိုယ်စားလှယ်များ အား ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည် -

          (၁)     နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြ မဲဆန္ဒနယ် အားလည်းကောင်း၊

          (၂)     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင် ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး၊ ကော့မှူး မဲဆန္ဒနယ်အားလည်းကောင်း၊

          (၃)     ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဦးညွန့်အောင်၊ မုံရွာအားလည်းကောင်း၊        

(ခ)    ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးခင်မောင်ရီ၊ ဟင်္သာတမဲဆန္ဒနယ်က မေးမြန်းသော ဟင်္သာတခရိုင်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အခါ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)နေရာပြန်လည်ကျင်းပပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် တည်ရှိနေမည့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များ၏ လူဦးရေအပေါ်မူတည်ပြီး ဥပဒေနှင့်အညီ ပိုင်းခြားသတ်မှတ် သွားမည်ဖြစ်သောကြောင့် မဲဆန္ဒနယ်ပိုင်းခြားသတ်မှတ်ချိန်ရောက်မှသာ ခရိုင် တစ်ခုစီအလိုက်ရရှိသော မဲဆန္ဒနယ်အရေအတွက်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံရေးပါတီ တစ်ခုက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြားပြီး အစိုးရပိုင်ကျောင်းအဆောက်အဦတစ်ခုတွင် ပြည်သူလူထုနှင့် တွေ့ဆုံ ရာ၌ အစိုးရပိုင်အခြေခံကျောင်းဝင်းအတွင်း ယင်းပါတီ၏ အလံစိုက်ထူခြင်းနှင့် တံဆိပ်ကပ်ထားမှုတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက အချက်အလက်ပြည့်စုံစွာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သတင်းပေးတိုင်ကြားလာလျှင် သက်ဆိုင်သူပုဂ္ဂိုလ်များအား အသေးစိတ် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာလျှင် တည်ဆဲဥပဒေများနှင့်ညီညွတ်ခြင်း ရှိ/မရှိ အဆုံးအဖြတ်ပြု၍ အကြောင်းပြန်ကြားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော အင်ဂျင်နီယာ COE (Centre of Excellent) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အထိ အစိုးရဌာနအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူး နေရာများတွင် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင်ခေါ်ယူခြင်းရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

   (၄)    ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော ကောလင်းမြို့နယ်တွင် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်လုပ်ငန်းပညာရှင်များ မွေးထုတ်ပေးနိုင်သော လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကျောင်းVocational School တစ်ခု တည်ဆောက် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဘဏ္ဍာငွေအကန့်အသတ်ဖြင့် ဆောင်ရွက်ရသဖြင့် ဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လတ်တလောအားဖြင့် ကောလင်းမြို့နယ်တွင် Vocational School တစ်ခု တည်ဆောက်ပေးရန် ဦးစားပေး အစီအစဉ်ဖြင့် ပါရှိခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု၊ နွားရုံတောင်(မူလွန်) ကျောင်းကို အလယ်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အမှုတွဲတင်ပြလျှောက်ထားစေပြီး စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

      (၆)    ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်က မေးမြန်းသော ကိုယ်ပိုင်ဘာသာရပ်သင် ဆရာများအတွက် ကိုယ်ပိုင်ကျောင်း ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပညာရေးဝန်ကြီး ဌာနမှ ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်သင်ကြား ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာအတတ်ပညာရက်တိုသင်တန်းများကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

( ဂ )  အစီရင်ခံစာကို ဆွေးနွေးရန် အဆိုတင်သွင်းခြင်း

          ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာကို ဆွေးနွေးရန် အဆို တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၃၀.၈.၂၀၁၈ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဃ )  ဥပဒေကြမ်း(၁)ခု  လက်ခံရရှိကြောင်း အသိပေးခြင်း၊ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ဥပဒေကြမ်း(၂)ခု လက်ခံရရှိကြောင်း အသိပေးခြင်း

          (၁)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာနှင့်အတူ တင်သွင်း သည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၁.၈.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(၂)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၁.၈.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

          (၃)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၁.၈.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

( င )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ဒေါက်တာဦးလှမိုး၊ အောင်မြင်သာစံမဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အဆင်မြင့်ပညာကဏ္ဍတွင် သုတေသနရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါရန်နှင့် သုတေသန ဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ချီးမြှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၃၁.၈.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။