(စ)-ကိုယ်ပိုင်ဘာသာရပ်သင်ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနမှ ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၉.၈.၂၀၁၈)

 

၂၀၁၀ ခုနှစ်၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းများ အသီးသီးပေါ်လာပါကြောင်း၊ ထူးချွန်ထက်မြက်သည့် ကလေးများကို ကိုယ်ပိုင် ကျောင်းများမှ မွေးထုတ်ပေးနေသည်ကိုလည်း ‌တွေ့ရပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းအရေအတွက်ပေါင်း ၆၀၀ ကျော် ဖွင့်‌လှစ်ခွင့်ပေးထားသည်ကို တွေ့ရှိရသဖြင့် အားရ ကျေနပ်စရာတစ်ခုဖြစ်ပါကြောင်း၊ သို့သော် ကိုယ်ပိုင်ကျောင်းဆရာများအတွက် မှတ်ပုံတင်လျှောက်ထားသည့်အခါ အခက်အခဲများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဘာသာရပ်သင်ဆရာ နှစ်သိန်း ဝန်းကျင်ရှိပါကြောင်း၊ ယနေ့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေအရ ကိုယ်ပိုင်ကျောင်းဆရာအဖြစ်နှင့် မှတ်ပုံတင်လျှောက်ထားမည်ဆိုလျှင် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူဖြစ်ပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊ ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေးဝန်ကြီးဌာနမှ ဖွင့်‌လှစ်သည့် ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူဖြစ်ရမည်ဟု ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်တွင် Criteria များ သတ်မှတ်ထားပါကြောင်း၊ ကိုယ်ပိုင်ကျောင်းဆရာများအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ဆရာအများစုသည် ရိုးရိုးသာမန်ဘွဲ့ရများဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထိုဆရာများအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အတတ်ပညာရက်တိုသင်တန်းဆင်းလက်မှတ်ရရှိမှသာ ကိုယ်ပိုင်းကျောင်းဆရာအဖြစ် မှတ်ပုံတင်လျှောက်ထား၍ ရမည့်အခြေအနေဖြစ်နေပါကြောင်း၊  ထို့နောက် ဥပဒေ ပုဒ်မ ၂၉ တွင် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်မရှိဘဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်း မပြုရဟု ပါရှိသည့်အတွက် အကယ်၍ ထိုပုဒ်မကို ချိုးဖောက်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင် ဖော်ပြထားပါကြောင်း၊ Noble Professional တစ်ခုဖြစ်သည့် စာသင်သည့်လုပ်ငန်းနှင့် ရပ်တည်နေကြသည့် အနန္တဂိုဏ်းဝင်ဆရာဆရာမများ၏ ကြီးမားသည့်အရင်းအနှီးသည် ဂုဏ်သိက္ခာများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာဆရာမများ ဥပဒေပြဋ္ဌာန်းချက်ပါအချက်နှင့်အညီ ဂုဏ်သိက္ခာရှိရှိ စာသင်ကြားနိုင်ရန် ဥပဒေပါပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ စီစဉ် ကျင်းပပေးမည့် ပညာရေးရက်တိုသင်တန်းဖွင့်လှစ်ရန် မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်ဘာသာရပ်သင်ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ကိုယ်ပိုင်ကျောင်းများတွင်  သင်ကြားနေသော ဆရာဆရာမများသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူဖြစ်ပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် ဒီပလိုမာလက်မှတ်ရရှိသူ သို့မဟုတ် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာလက်မှတ် သို့မဟုတ် ပညာရေးဝန်ကြီးဌာနကဖွင့်‌လှစ်သည့် ဆရာအတတ်ပညာရက်တိုသင်တန်းဆင်းလက်မှတ်မရှိစေကာမူ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံ ပညာကျောင်းများတွင် ဆရာအဖြစ်လည်းကောင်း၊ နိုင်ငံတော်မှ ခွင့်ပြုခန့်ထားသည့် ဘာသာရပ်ပြဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံးငါးနှစ်ရှိသူဖြစ်ပါက ကိုယ်ပိုင်ကျောင်းဆရာများအဖြစ် လျှောက်ထားခွင့်ရှိပြီး ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံ တင်လက်မှတ်ရရှိနိုင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် ၃၀.၄.၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ထားသည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေ အခန်း(၅)၊ နည်းဥပဒေ ၁၄ နည်းဥပဒေခွဲ(ဃ)တွင်လည်း ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာရက်တိုသင်တန်းတက်ရောက်လိုပါကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ အလားတူ နည်းဥပဒေခွဲ(င)တွင် နည်းဥပဒေခွဲ(ဃ)အရ သင်တန်းတက်ရောက်လိုသူများကို စိစစ်၍ ပညာရေးဝန်ကြီးဌာနမှ ဆရာအတတ်သင်ပညာရက်တိုသင်တန်းများဖွင့်‌လှစ်ရန် သတ်မှတ်သည့် ပညာရေးတက္ကသိုလ် သို့မဟုတ် ပညာရေးကောလိပ်သို့ အချိန်မီစေလွှတ်ပေးရမည် ဖြစ်ကြောင်း ဥပဒေဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဘွဲ့နှင့် ဆရာအတတ်ဒီပလိုမာမရရှိသေးသော ဆရာဆရာမများအား ဆရာအတတ်ပညာရက်တိုသင်တန်းများကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။