(စ)-ပြည်တော်သာအိမ်ရာစီမံကိန်းအရ ဆောက်လုပ်ထားသော လေးခန်းတွဲ ၂ ထပ်တိုက် (၂၅) လုံးနှင့် တစ်ထပ်လုံးချင်း (၁၅၀) လုံးအား ဥပဒေနှင့်မညီဘဲ ပြည်သူ့အိမ်ရာမှ ဝန်ထမ်းအိမ်ရာသို့ ပြောင်းလဲသတ်မှတ်ခြင်းအား ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၃.၈.၂၀၁၈)

 

(စ)-ပုသိမ်မြို့လယ်ရှိ ပြည်တော်သာအိမ်ရာစီမံကိန်းအရ ဆောက်လုပ်ထားသော လေးခန်းတွဲ ၂ ထပ်တိုက် (၂၅) လုံးနှင့် တစ်ထပ်လုံးချင်း (၁၅၀) လုံးအား ဥပဒေနှင့်မညီဘဲ ပြည်သူ့အိမ်ရာမှ ဝန်ထမ်းအိမ်ရာသို့ ပြောင်းလဲသတ်မှတ်ခြင်းအား ဥပဒေနှင့်အညီ ပြည်သူများ၏ဆန္ဒအရ မူလအတိုင်း ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်တော်သာစီမံကိန်းကို ပုသိမ်မြို့လယ်ရှိ ၂၆ ဧကပေါ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ၁၉၅၇-၁၉၅၈ ခုနှစ်တွင် ထိုအဆောက်အဦတွင် ပြည်သူများအား နေထိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ရည်ရွယ်ချက်မှာ ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာရရှိရေးဖြစ်ပါကြောင်း၊ ပြည်တော်သာအိမ်ရာသည့် ပြည်သူ့အိမ်ရာဖြစ်ကြောင်း Burma Code Volume-IX တွင် ၁၉၅၁ ခုနှစ်၊ ဥပဒေအမှတ်(၆၃) နှင့် ဖော်ပြထားပါသည့်အပြင် စာချုပ်များတွင် ၂၅ နှစ်နေထိုင်ပြီးနောက် ပိုင်ဆိုင်ခွင့်ရှိပြီး သားစဉ်မြေးဆက်နေထိုင်ခွင့်ရှိကြောင်း ပါဝင်သည့် စာချုပ်များကို တွေ့ရှိရပါကြောင်း၊

၁၉၉၀ ပြည့်နှစ်၊ န.ဝ.တခေတ်တွင် ဧရာဝတီတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ပြည်တော်သာအိမ်ရာကို ဝန်ထမ်းအိမ်ရာဆိုင်းဘုတ်ကို လာရောက်စိုထူခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ရှိနေထိုသူများကို ဖယ်ထုတ်၍ ခြောက်ထပ် အသစ်ပြန်ဆောက်ရန် ဆောင်ရွက်ခဲ့ရာမှ ပြဿနာများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊

ယင်းကိစ္စနှင့်ပတ်သက်၍ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ဦးဝင်းမြင့်က အဆောက်အဦ ဖျက်မည်ဆိုပါက ၁၉၈၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အမိန့်ကြော်ငြာစာ (၄၂) ကို လိုက်နာခြင်း ရှိ၊ မရှိ ၄၂ ကို လိုက်နာရန်လိုအပ်ကြောင်းနှင့် စာရင်းစစ်ချုပ်အထိ တင်ပြရန်လိုအပ်ကြောင်း၊ ထို့နောက် ပြည်သူ့အိမ်ရာ သို့မဟုတ် ဝန်ထမ်းအိမ်ရာ ဟုတ်၊ မဟုတ်နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရကို မေးပြီးမှ ပြန်လည်ဖြေကြားမည်ဟူ၍ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပြီး လွှတ်တော်ပြီးဆုံးချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးတို့သည် ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့အိမ်ရာအဖြစ်သာ ဆက်လက်ထားရှိပေးရန် ပြောကြားခဲ့သည့် အတွက် ပြည်ထောင်စုဝန်ကြီးထံသို့ ဆက်လက်တင်ပြခဲ့ပါကြောင်း၊ သို့သော် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပုသိမ်မြို့ ပြည်တော်သာဝန်ထမ်းအိမ်ရာကို ပြည်သူ့အိမ်ရာအဖြစ် ပြောင်းလဲရန်မသင့်တော်ပါကြောင်း စာတင်ပြထားသည်ကို ၁-၆-၂၀၀၇ ခုနှစ်စာတွင် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် မညီသည့်အတွက် မူလအတိုင်း ပြည်သူ့အိမ်ရာအဖြစ် ထားပေး/မပေး သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပုသိမ်မြို့ရှိ ပြည်တော်သာဝန်ထမ်းအိမ်ရာသည် ၁၉၅၁ ခုနှစ်၊ နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့အက်ဥပဒေ ပုဒ်မ ၆၃ အရ ဖွဲ့စည်းခဲ့သော ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်သာယာရေး အဖွဲ့ (ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)သည် ၁၉၅၇ ခုနှစ်တွင် ပုသိမ်ပြည်တော်သာအိမ်ရာ စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပြည်တော်သာအိမ်ရာအတွင်းရှိ တစ်ထပ်တိုက်လုံးချင်း ၁၅၀ လုံးနှင့် လေးခန်းတွဲနှစ်ထပ်တိုက် ၂၅ လုံး စုစုပေါင်းအခန်းပေါင်း ၃၅၀ ကို ၂၉-၆-၁၉၉၄ ရက်နေ့တွင် ကျင်းပသော ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၉၄)အရ ပြည်တော်သာအိမ်ရာအဖြစ်မှ နိုင်ငံ့ဝန်ထမ်းအိမ်ရာအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ အခန်းပေါင်း ၃၅၀ အနက်မှ အခန်း ၁၇၁ ခန်းရှိ ပြည်သူများမှ စုပေါင်း၍ အဆိုပါအိမ်ရာရှိ အခန်း ၁၇၁ ခန်းကို ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်ပြီးပြောင်းလဲပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြလာပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် အဆိုပါ Issue ကို စိစစ်လေ့လာရာတွင် နိုင်ငံ့ဝန်ထမ်း အိမ်ရာဆိုသည်မှာ နေထိုင်သူဝန်ထမ်းများသည် အငြိမ်းစားယူသည့်အခါတွင် အိမ်ခန်းမှ ဖယ်ရှားပေးရ မည်ဖြစ်ပြီး ပြည်သူ့အိမ်ရာသည် အငြိမ်းစားယူပြီးသော်လည်း သားစဉ် မြေးဆက်နေထိုင်နိုင်သည့် အိမ်ရာမျိုးဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာမှ ပြည်သူ့ဝန်ထမ်းအိမ်ရာသို့ပြောင်းလဲရန်သည် အလွန် Sensitive ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း နိုင်ငံ့ဝန်ထမ်းအိမ်ရာများရှိပြီး ဝန်ထမ်းများနေထိုင်နေသည့် အတွက် ဝန်ထမ်းများ ပင်စင်သွားပါက ပြည်သူ့အိမ်ရာအဖြစ် ပြောင်းပေးရန် တင်ပြလာနိုင်ခြင်း ရှိ/မရှိ Assessment လုပ်ခဲ့ပါကြောင်း၊ ထိုသို့လေ့လာခဲ့ရာတွင် ယခုကဲ့သို့ ကိစ္စမျိုးသည် ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်တွင် မရှိသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါနိုင်ငံ့ဝန်ထမ်းအိမ်ရာကို ပြည်သူ့အိမ်ရာသို့ ပြောင်းလဲပေးရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးမှသာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၁၈) သဘောတူညီချက်အရ ပုသိမ်မြို့၊ ယခင်ပြည်တော်သာအိမ်ရာရှိ အိမ်လခ ကောက်ခံခြင်း ရပ်ဆိုင်းထားသည့် အိမ်ခန်း ၁၇၁ ခန်းကို ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်ပြီး ပြောင်းလဲ သတ်မှတ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်အိမ်ခန်း ၁၇၉ ခန်းသည် နိုင်ငံ့ဝန်ထမ်းအိမ်ရာအဖြစ် ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဝေလှိုင်ထွန်း(ပုသိမ်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်သူ့အိမ်ရာအဖြစ် သတ်မှတ်ပေးမည့် အချိန်ကာလကို တိတိကျကျ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနေထိုင်သည့် အခန်း ၁၆၄ ခန်းကို အရာထမ်းဖြစ်ပါက အရာထမ်းလစာ၏ ၅ ရာခိုင်နှုန်း၊ အမှုထမ်းဖြစ်ပါက အမှုထမ်းလစာ၏ ၃ ရာခိုင်နှုန်း၊ ပင်စင်စားများဖြစ်ပါက ပင်စင်လစာ၏ ၅ ရာခိုင်နှုန်းကို လခအဖြစ် ကောက်ခံပါကြောင်း၊ အိမ်လခကောက်ခံခြင်းမပြုသည်မှာ လေး၊ ငါးနှစ်ခန့် ရှိပြီးဖြစ်သည့်အတွက် ယခုပြန်လည်ကောက်ခံမည်ဆိုပါက ပင်စင်လစာ၏ ၅ ရာခိုင်နှုန်းကို ကောက်ခံသွားမည်ဖြစ်ပြီး ယခင်မကောက်ခံထားသည့် ငါးနှစ်တာကာလကိုလည်း ၅ ရာခိုင်နှုန်း တစ်ပြေးညီကောက်သည့်အချိန်တွင် ပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်မှ အတည်ပြုပြီးပါ က တစ်ပတ်အတွင်း ငွေလက်ခံနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။