ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၈၈ ) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်က မေးမြန်းသော ပုသိမ်-မုံရွာ ပြည်ထောင်စု လမ်းမကြီး၏ မင်းတုန်းမြို့နယ်အတွင်း ကျရောက်နေသော လမ်းအပိုင်းအား ထပ်ပိုးလွှာခင်းခြင်းနှင့်လမ်းအကျယ်ချဲ့ပေးခြင်းကို တစ်ပြိုင်နက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက နှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်- ကျောင်းကုန်း- လေးဒူးကွဲ- မကြီးတော- ချင်းဂွေးချိုလမ်းမှ လေးဒူးကွဲ-ချင်းဂွေးချိုလမ်းပိုင်း(၇)မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ်ရှိ ဒါးကချောင်းအတွင်း တည်ရှိသည့် ကျွန်းပေါ်၌ ခြောက်အိမ်တန်းကျေးရွာနှင့် ပိန်းမျှောင်ကြီးကျေးရွာတို့အား တက်ဆိပ်ကျေးရွာနှင့်ဆက်သွယ်နိုင်မည့် ကြိုးတံတား အသေးစားတစ်စင်း စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ရန်ပုံငွေထည့်သွင်းတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ တည်ဆောက်အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နီရွှေလျန်း၊ ထန်တလန်မဲဆန္ဒနယ်က မေးမြန်းသော ထန်တလန်မြို့နယ် အတွင်းရှိ လေတပ် ‘ခ’ကျေးရွာမှ လှမ်ဖေ-ခွါဘုံ-လောင်တလန်လုံကျွေးသဲ-ငါဖိုင် ပီးအထိလမ်းကို အာမခံလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး နှစ်အလိုက်ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အပိုင်းလိုက် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ြဖစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က မေးမြန်းသော ဆောက်လုပ်ရေး ဝန်ကြီးဌာနလမ်းများတွင် (၁၂)ပေအကျယ်နှင့် (၁၈)ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂ ကွေ့များတွင် ယာဉ်များရုတ်တရက်တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းစွာ ရှောင်တိမ်းမောင်းနှင်နိုင်ရန် မျက်ကွယ်ဖြစ်စေသော သစ်ပင်ချုံနွယ်များ၊ ဈေးဆိုင် အဆောက်အဦများ ရှင်းလင်းရန်နှင့် Extra width များပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းမကြီးများဥပဒေ ပြဋ္ဌာန်းသတ်မှတ်ထားချက်များနှင့်အညီ ရှင်းလင်းဖယ်ရှား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Extra width များကို ဦးစားပေး အဆင့်သတ်မှတ်၍ နှစ်အလိုက်ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဝေလှိုင်ထွန်း၊ ပုသိမ်မဲဆန္ဒနယ်က မေးမြန်းသော ပုသိမ်မြို့လယ်ရှိ ပြည်တော်သာ အိမ်ရာစီမံကိန်းအရ ဆောက်လုပ်ထားသော လေးခန်းတွဲ ၂ ထပ်တိုက် (၂၅)လုံးနှင့် တစ်ထပ်လုံးချင်း (၁၅၀)လုံးအား ဥပဒေနှင့်မညီဘဲ ပြည်သူ့အိမ်ရာမှ ဝန်ထမ်း အိမ်ရာသို့ ပြောင်းလဲသတ်မှတ်ခြင်းအား ဥပဒေနှင့်အညီ ပြည်သူများ၏ ဆန္ဒအရ မူလအတိုင်း ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်တော်သာအိမ်ရာရှိ အိမ်ခန်း(၁၇၁)ခန်းကို ပြည်သူ့အိမ်ရာအဖြစ် ပြောင်းလဲ ပေးသွားမည်ဖြစ်ပြီး ကျန်အိမ်ခန်း(၁၇၉)ခန်းကို နိုင်ငံ့ဝန်ထမ်းအိမ်ရာအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခု တင်သွင်းခြင်း
ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် သင်တန်း (Technical and Vocational Education and Training) (TVET)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုလက်မှု အထက်တန်းကျောင်း(Technical High School)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (Government Techincal Institute)၊ နည်းပညာတက္ကသိုလ် (Technical University)တို့ကို တိုးချဲ့ဖွင့်လှစ်သင်ကြားနေရာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ(Skilled Workers)၊ ကျွမ်းကျင်ပညာရှင်များ (Technicians)၊ အင်ဂျင်နီယာပညာရှင်များ (Engineers)တို့၏ လိုအပ်သော အရေအတွက်ကို သုတေသန ပြုလုပ်ပြီးမှသာလျှင် သင့်လျော်သောမူဝါဒနှင့်နည်းဗျူဟာ (Appropriate Policy & Strategy) များချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါကြောင်းကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး ဦးမြင့်ကြည်၊ ကသာ မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၄.၈.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့သော အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ နှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၇.၈.၂၀၁၈ (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို ကိုယ်စားလှယ်(၄)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၉.၈.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
